(င)-အစိုးရဌာနအဖွဲ့အစည်းများသည် ကန်ထရိုက်စနစ်ဖြင့် တင်ဒါလုပ်ငန်းများဆောင်ရွက်ရာတွင် တင်ဒါအချို့အား ငြင်းပယ်သည့်အခါ ငြင်းပယ်ရသည့် အကြောင်းအရင်း၊ မရွေးချယ်ရသည့် အကြောင်းအရင်းကို အစီရင်ခံစာတွင် ရှင်းလင်းချက်များနှင့် တိကျစွာဖော်ပြပေးခြင်းရှိ/မရှိနှင့် တင်ဒါမအောင်မြင်သည့် လုပ်ငန်းရှင် သို့မဟုတ် ကုမ္ပဏီအား မရွေးချယ်ရသည့်အကြောင်းအရင်းကို အကြောင်းကြားစာပေးနိုင်ခြင်းရှိ/မရှိ သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
သမ္မတရုံးမှ (၁/၂၀၁၇)ဖြင့် ထုတ်ပြန်ညွှန်ကြားထားသည့် တင်ဒါစည်းကမ်းချက် အမှတ်စဉ်(၃၇)တွင် တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီသည် အကဲဖြတ်မှုအစီရင်ခံစာအား အကြံပြုချက်များနှင့် အတူပြုစု၍ တင်ဒါကော်မတီထံ တင်ပြရကြောင်း၊ အစီရင်ခံစာတွင် တင်ဒါမအောင်မြင်သူများနှင့် မရွေးချယ်ရသည့်ရှင်းလင်းချက်များကို ဖော်ပြရမည်ဟုပါရှိပါကြောင်း၊ အပိုဒ် ၄၄(င)တွင်လည်း တင်ဒါအားလုံး သို့မဟုတ် တင်ဒါအချို့အား ငြင်းပယ်ရာတွင် တင်ဒါကော်မတီသည် လုံလောက်သည့် အကြောင်းပြချက်ဖြင့် မှတ်တမ်းရေးသွင်းပယ်ဖျက်ရမည်ဟု ပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ လ ၆ ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှထုတ်ပြန်သည့် တင်ဒါစည်းကမ်းချက် ၁၈(ဇ)တွင် တင်ဒါခေါ်ယူသူအနေဖြင့် အကြောင်းတစ်စုံတစ်ရာ ဖော်ပြခြင်းမရှိဘဲ တင်ဒါများကို တင်နိုင်သော အခွင့်အာဏာရှိကြောင်းကို လိုက်နာရမည့်တင်ဒါစည်းကမ်းချက်များတွင် ဖော်ပြထားပါ ကြောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တင်ဒါကော်မတီ၏ စည်းကမ်းချက် အပိုဒ် ၂၇ တွင် စစ်ကိုင်းတိုင်းဒေသကြီးအကျိုးစီးပွားကို တင်ဒါစိစစ်ရေးကော်မတီအနေဖြင့် ရှေ့ရှု လျက် မည်သည့်အကြောင်းပြချက်မှ ဖော်ပြရန်မလိုဘဲ တင်ဒါလုပ်ငန်း ဖျက်သိမ်းခြင်း သို့မဟုတ် လုပ်ငန်းခေါင်းစဉ်ပြောင်းလဲခြင်းကို လက်သင့်ခံရန်ပါရှိပါကြောင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ်က ထုတ်ပြန်သည့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ တင်ဒါစည်းကမ်းချက် နံပါတ်(၁၂)တွင် စစ်ကိုင်းတိုင်းဒေသကြီးအကျိုးစီးပွားကို တင်ဒါစိစစ်ရေးကော်မတီအနေဖြင့် ရှေ့ရှုလျက် မည်သည့် အကြောင်းပြချက်မှ ဖော်ပြရန်မလိုဘဲ တင်ဒါကိုပယ်ဖျက်နိုင်သည်ဟုပါရှိပါကြောင်း၊ သမ္မတရုံး၏ ညွှန်ကြားချက်(၁/၂၀၁၇)ကို ဆန့်ကျင်ဘက်အဓိပ္ပာယ် သက်ရောက်သည့် ညွှန်ကြားချက်မျိုး ထုတ်ခြင်းသည် မဖြစ်သင့်ကြောင်း၊ အဂတိလိုက်စားမှုကိုလည်း ဖြစ်ပေါ်စေနိုင်ပါကြောင်း၊ တင်ဒါဝင်ရောက်ယှဉ်ပြိုင်သူများ၏ အထင်လွဲမှားမှုကိုလည်း ခံရနိုင်ပါ ကြောင်း၊ ထို့ကြောင့် မိမိ အနေဖြင့် တင်ဒါခေါ်သည့်အခါတွင် ပွင့်လင်းမြင်သာမှုရှိစေရန်၊ အဂတိလိုက်စားမှုကို ကြိုတင် ကာကွယ်ရန် တင်ဒါဝင်ရောက်ယှဉ်ပြိုင်သူများကို ယုံကြည်မှုရှိစေရန် အစိုးရဌာနအဖွဲ့အစည်း များသည် ကန်ထရိုက်စနစ်ဖြင့် တင်ဒါလုပ်ငန်းများဆောင်ရွက်ရာတွင် တင်ဒါအချို့အား ငြင်းပယ် သည့်အခါ ငြင်းပယ်ရသည့်အကြောင်းအရင်း၊ မရွေးချယ်ရသည့် အကြောင်းအရင်းကို အစီရင်ခံစာ တွင် ရှင်းလင်းချက်များနှင့် တိကျစွာဖော်ပြပေးခြင်းရှိ/မရှိနှင့် တင်ဒါမအောင်မြင်သည့် လုပ်ငန်းရှင် သို့မဟုတ် ကုမ္ပဏီအား မရွေးချယ်ရသည့်အကြောင်းအရင်းကို အကြောင်းကြားစာပေးနိုင်ခြင်းရှိ/မရှိ သိလိုကြောင်း မေးမြန်းပါသည်။
နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် (၁/၂၀၁၇)အပိုဒ် ၃၇ တွင် တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီသည် အကဲဖြတ်မှုအစီရင်ခံစာအား အကြံပြုချက်များနှင့်အတူ ပြုစု၍ တင်ဒါ ကော်မတီထံ တင်ပြရမည်၊ အစီရင်ခံစာတွင် တင်ဒါမအောင်မြင်သူများနှင့် မရွေးချယ်ရသည့် ရှင်းလင်းချက်များကို ဖော်ပြရမည်၊ ကော်မတီသည် တင်ဒါမအောင်မြင်သော တင်ဒါတင်သွင်းသူများ အား တရားဝင်အကြောင်းကြားပြီး တင်ဒါအာမခံကြေးကို ခုနစ်ရက်အတွင်း ပြန်လည်ထုတ်ပေး ရမည်ဟု ပါရှိပါကြောင်း၊ အစိုးရဌာနအဖွဲ့အစည်းများသည် ကန်ထရိုက်စနစ်ဖြင့် တင်ဒါလုပ်ငန်း များဆောင်ရွက်ရာတွင် တင်ဒါအချို့အား ငြင်းပယ်ရသည့်အခါ ငြင်းပယ်ရသည့် အကြောင်းအရင်း၊ မရွေးချယ်ရသည့်အကြောင်းအရင်းကို သက်ဆိုင်ရာ တင်ဒါကော်မတီ၏ အထက်အဖွဲ့အစည်း အဆင့်ဆင့်သို့ အစီရင်ခံစာတွင် ရှင်းလင်းချက်များဖြင့် တိကျစွာဖော်ပြပေးရမည်ဖြစ်ပြီး တင်ဒါ မအောင်မြင်သော တင်ဒါတင်သွင်းသူများအား တင်ဒါမအောင်မြင်ကြောင်းကိုသာ တရားဝင် အကြောင်းကြားရမည်ဖြစ်ပါကြောင်း၊ တင်ဒါမအောင်မြင်သည့် ကုမ္ပဏီများကိုလည်းဌာနသို့ ပေးသွင်း ထားသည့် တင်ဒါအာမခံစပေါ်ငွေများကို ပြန်လည်ထုတ်ယူနိုင်ကြောင်း တယ်လီဖုန်းဖြင့်သော် လည်းကောင်း၊ ရုံးစာဖြင့်သော်လည်းကောင်း တရားဝင်အကြောင်းကြား၍ ထုတ်ပေးရမည် ဖြစ်ပါ ကြောင်း၊ ၎င်းအပြင် ကုမ္ပဏီများမှ တင်ဒါမအောင်မြင်ခြင်းနှင့် ပတ်သက်၍ သိရှိလိုခြင်းကြောင့် လာရောက်မေးမြန်းပါက သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊
နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် (၁/၂၀၁၇) အပိုဒ် ၄၄(င)တွင် တင်ဒါစည်းကမ်းနှင့် ညီညွှတ်ခြင်းမရှိပါက တင်ဒါကော်မတီသည် လုံလောက်သည့် အကြောင်းပြချက်ဖြင့် မှတ်တမ်းရေး သွင်း၍ ငြင်းပယ်ခြင်း၊ ပယ်ဖျက်ခြင်းပြုနိုင်သည် ဟုပါရှိ ပါကြောင်း၊ တင်ဒါပုံစံလာရောက်ဝယ်ယူစဉ် Technical Proposal နည်းပညာဆိုင်ရာ တင်ပြရမည့်အချက်အလက်များနှင့် အမှတ်ပေးဇယားအား တင်ဒါဝင်ရောက်ယှဉ်ပြိုင်သည့် ကုမ္ပဏီများသို့ တစ်ပါတည်းပေးလိုက်သည့်အတွက် ပစ္စည်းတင်ဒါ၊ လုပ်ငန်းတင်ဒါခေါ်ယူရာတွင် လိုအပ်သည့် စံချိန် စံညွှန်း၊ နည်းပညာဆိုင်ရာအမှတ်ပေးဇယားအား ကုမ္ပဏီများဘက်မှ သိရှိပြီးဖြစ်ပါသဖြင့် တင်ဒါကော်မတီနှင့် ယှဉ်ပြိုင်သည့်ကုမ္ပဏီအကြား ပွင့်လင်းမြင်သာမှုရှိပြီး အငြင်းပွားမှုကိစ္စရပ်များ လျော့နည်းစေပါကြောင်း၊ တင်ဒါစစ်ဆေးခြင်း အဆင့်ဆင့်ကို သက်ဆိုင်ရာကုမ္ပဏီများနှင့် တင်ဒါကော်မတီဝင်များရှေ့တွင် တင်ဒါစိစစ်ခြင်းနှင့် လက်ခံရေးကော်မတီမှ စစ်ဆေးပေးရမည်ဖြစ်ကြောင်း၊ နည်းပညာဆိုင်ရာစစ်ဆေးမှုကို ပြုလုပ်ပြီး နည်းပညာဆိုင်ရာဆန်းစစ်ချက် အောင်မြင်မှုကို ထုတ်ပြန်ရမည်ဖြစ်ကြောင်း၊ ၎င်းနောက် နည်းပညာ ဆိုင်ရာဆန်းစစ်ချက်အောင်မြင်သူများ၏ ဈေးနှုန်းအဆိုပြုချက်များကို ဖွင့်ဖောက်စစ်ဆေး၍ ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယမန်နှစ်က ပြီးစီးခဲ့သည့် တင်ဒါ လုပ်ငန်းများကို ကုမ္ပဏီများကဆောင်ရွက်ခဲ့ရာတွင် ဈေးနှုန်းမကိုက်ညီခြင်း၊ သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများနှင့်မညီညွတ်ခြင်း၊ ပစ္စည်းအရည်အသွေး သို့မဟုတ် ဝန်ဆောင်မှုနှင့် မကိုက်ညီခြင်း၊ သတ်မှတ်ထားသော အချိန်ကာလအတွင်း ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု မပေးနိုင်ခြင်းတို့ကြောင့် ငြင်းပယ်ခံရသည့်ကုမ္ပဏီများရှိပါက တင်ဒါမအောင်မြင်သည့် လုပ်ငန်းရှင် သို့မဟုတ် ကုမ္ပဏီအား တင်ဒါမရွေးချယ်ရသည့်အကြောင်းအရင်းကို ရှင်းလင်းပြောကြားပြီး မှတ်တမ်းထားရှိရမည်ဖြစ်ပါကြောင်း၊ တင်ဒါအချို့အား ငြင်းပယ်သည့်အခါ ငြင်းပယ်ရသည့် အကြောင်းအရင်း၊ မရွေးချယ်ရသည့်အကြောင်းအရင်းများကို အစီရင်ခံစာတွင် ရှင်းလင်းချက်ဖြင့် တိကျစွာ မှတ်တမ်းထားရမည်ဖြစ်ပါကြောင်း၊
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆောင်ရွက်သည့် တည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ အစီအစဉ် ဖြင့် တင်ဒါခေါ်ယူဆောင်ရွက်သွားရန် ညှိနှိုင်းထားပြီးဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် မိမိအစီအစဉ်ဖြင့် ဆောင်ရွက်မည့် တင်ဒါခေါ်ယူခြင်းကိစ္စရပ်များကို နေပြည်တော်၊ ရုံးအမှတ်(၁၁)တွင် တင်ဒါခေါ်ယူသည့်လုပ်ငန်းစဉ်အားလုံးကို ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ဆောင်ရွက် လျက်ရှိပြီး တင်ဒါမအောင်မြင်သည့်အကြောင်းအရင်းအား သက်ဆိုင်ရာကုမ္ပဏီများအားလုံးကို ဌာန အနေဖြင့် နေ့ချင်းပြီးရှင်းလင်းပြောကြားခြင်းတို့ကို ဆောင်ရွက်ပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီး မေးမြန်းထားသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် လုပ်ငန်းလမ်းညွှန်အမှတ်စဉ်၊ ၁၈(ဇ)တွင် အကြောင်းတစ်စုံတစ်ရာ ဖော်ပြခြင်းမရှိဘဲ တင်ဒါများကို ပယ်ဖျက်နိုင်သည့် အခွင့်အာဏာဆိုသည်မှာ တင်ဒါခေါ်ယူပြီးမှ အဆိုပါ တင်ဒါလုပ်ငန်း ကြီးတစ်ခုလုံးကို လုပ်ရန်မလိုတော့သည့်အချိန်တွင် တင်ဒါလုပ်ငန်းကြီးတစ်ခုလုံးကို ပယ်ဖျက်နိုင် ကြောင်း ရည်ညွှန်းဖော်ပြထားခြင်းဖြစ်ပါကြောင်း၊
နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ်(၁/၂၀၁၇) နှင့်အညီ တင်ဒါလုပ်ငန်းများကို ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပြီး၊ တင်ဒါ ဝင်ရောက်ယှဉ်ပြိင်သူများအားလုံး ကျေနပ်လက်ခံသည့် မှန်ကန်သော စိစစ်ရွေးချယ်မှုများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသ ကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ ပေးပို့လာသော အချက်အလက်များနှင့် ပေါင်းစပ်ရှင်းလင်းဖြေကြား ပါသည်။
ဦးမြင့်ထွန်း (တန့်ဆည်မဲဆန္ဒနယ်) မှ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်သည်(၁/၂၀၁၇)နှင့် ဆန့်ကျင်နေသည်ဟု ထင်ပါကြောင်း၊ ယခုကဲ့သို့ဆန့်ကျင်သည့် ညွှန်ကြားချက်မျိုးများကို နောက်နောင်တွင် မထည့်စေရန် ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တင်ဒါကော်မတီအား ညွှန်ကြားချက် ပေးနိုင်ခြင်းရှိ/မရှိ သိလိုကြောင်းမေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ယခုဆက်စပ်မေးခွန်းသည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စည်းမျဉ်းစည်းကမ်းချက်ကို ဆက်စပ်မေးထားသည်ဟုတွေ့ရပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အား အဆိုပါဆက်စပ်မေးခွန်းကို ပေးပို့သွားပြီး မိမိတို့၏ ၁၈(ဇ)သည် ဘာကိုဆိုလို ကြောင်း၊ ဥပမာအားဖြင့်ပြောရလျှင် ၁၈(ဇ)တွင် တင်ဒါကြီးတစ်ခုလုံးကို ပယ်ဖျက်နိုင်သည် ဆိုသည်မှာ တင်ဒါကြီးတစ်ခုလုံးလုပ်ပြီးသွားလျှင်လည်း ပယ်ဖျက်နိုင်တာရှိသလို တချို့ကိစ္စ များတွင်၊ တင်ဒါများတွင် ၎င်းအပိုဒ်ထည့်ထားခြင်း အကြောင်းအရင်းက တချို့တင်ဒါများတွင် ပန်းကြေးဖြင့် ကြမ်းခင်းဈေးအတိုင်းရယူပြီးမှ အပြင်ကျမှ ပြန်ပစ်သည့်ကိစ္စများသည် ယခင်က ရှိခဲ့ဖူးပါကြောင်း၊ နမူနာအားဖြင့် ပစ္စည်းရောင်းသည့် ကိစ္စမျိုးများတွင် တင်ဒါကိုပန်းကြေး ပေးပြီးမှ ယခုလိုကိစ္စမျိုးများဆိုလျှင် တင်ဒါကြီးတစ်ခုလုံးကို ပယ်ဖျက်ပြီးတော့ကျမှ နောက်တစ်ကြိမ် ပြန်ပစ်ရန်ဆိုသည့် ကိစ္စမျိုးကို ညွှန်းထားခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါအဓိပ္ပာယ်နှင့် ယခုလက်ရှိ ကိုယ်စားလှယ်ကြီးပြောသည့် အဓိပ္ပာယ်က မတူပါကြောင်း၊ ထို့ကြောင့် အဆိုပါကိစ္စကို ရှင်းလင်းစွာ မိမိအနေဖြင့် ရေးသား၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကို မိမိအနေဖြင့် အကြောင်းကြားစာပေးပို့သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
