ပဲခူး-စစ်တောင်းတူးမြောင်းကြီးကို ဗြိတိသျှအုပ်စိုးစဉ်က ၁၈၇၃ ခုနှစ်ကနေ ၁၈၇၈ ခုနှစ်အထိ ငါးနှစ် တာတည်ဆောက်ခဲ့ပါကြောင်း၊ သနပ်ပင်မြို့နယ်၊ တာဝကျေးရွာအနီး ပဲခူးမြစ်မှ ဝေါမြို့နယ်၊ မြစ်ကျိုးရွာအနီးရှိ စစ်တောင်းမြစ်ကို ဆက်သွယ်ဖောက်လုပ်ခဲ့ပြီး အရှည် ၃၇.၇ မိုင်ရှိပါကြောင်း၊ ပျဉ်းမနား-တောင်ငူ-ရွှေကျင် စသည့် ရိုးမကကျွန်းသစ်များကို ရန်ကုန်မြို့ကို သယ်ပို့ရန်အတွက် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုအခါ ကျွန်းသစ်များ မရှိသော်လည်း နှစ်မြို့နယ်၏ ကျေးရွာများအပြင် ကဝမြို့နယ်၊ ပဲခူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အချို့အတွက်ပါ ရေကြီးရေလျှံမှု၊ ဆက်သွယ်သွားလာမှုနှင့် နွေစပါးစိုက်ပျိုးမှုကို ဖြစ်ထွန်းစေပါကြောင်း၊ လွန်ခဲ့သည့်နှစ်ပေါင်း ၁၀၀ ကျော်က တည်ဆောက်ခဲ့သည့် ပဲခူး-စစ်တောင်းတူးမြောင်း အပိုင်းပိုင်း ကျိုးပေါက်ပျက်စီးနေသည်ကို ပြန်လည်ပြုပြင် တည်ဆောက်ပေးရန် ပထမအကြိမ် လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်းမေးမြန်းပြီး တင်ပြခဲ့ပါကြောင်း၊ ယခင်အစိုးရက ၂၀၁၄-၂၀၁၅ ဘတ်ဂျက်နှစတွင် ကျပ် ၂၅ ဘီလီယံခန့် အကုန်အကျခံ၍ ပြန်လည်ပြုပြင်တည်ဆောက်ပေးခဲ့ပါကြောင်း၊
ပဲခူး-စစ်တောင်းတူးမြောင်းကို အဆင့်မြှင့်တင်တည်ဆောက် ပေးခဲ့ခြင်းကြောင့် သနပ်ပင်မြို့နယ်၊ ဝေါမြို့နယ်တင်သာမက ပဲခူးမြို့နယ်၊ ကဝမြို့နယ်များနှင့် ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အချို့ အတွက်ပါ ရေကြီးရေလျှံမှုတွေ လျော့နည်းသက်သာစေခဲ့ပြီး နွေစပါးစိုက်ပျိုးရေးများ ပိုမိုဖြစ်ထွန်း နိုင်ခဲ့ကာ မိုးစပါးနှင့် နွေစပါးစိုက်ပျိုးမှုများလည်း ပိုမိုဖြစ်ထွန်းအောင်မြင်စေခဲ့ပါကြောင်း၊ ထို့အပြင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်ခဲ့သည့်အတွက် ဒေသခံပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ ဖွံ့ဖြိုးရေးအတွက်ပါ များစွာ အကျိုးဖြစ်ထွန်းစေခဲ့ပါကြောင်း၊ သို့သော်လည်း တာပေါင်လမ်းကို ပြန်လည်အဆင့်မြှင့်တင် တည်ဆောက်ပြီးကတည်းက နိုင်ငံတော်မှ ပြုပြင်ထိန်းသိမ်းမှုများ လုံးဝမရှိခဲ့ဘဲ ဒေသလူထု၏ ကိုယ်ထူကိုယ်ထအားဖြင့်သာ နိုင်သလောက် ပြုပြင်ခဲ့ရသည့်အတွက် ယခုအခါ ယင်းတာပေါင် ဂဝံလမ်း၏ အချို့အပိုင်းနေရာများတွင် ပိုမို ဆိုးရွားစွာပျက်စီးလာနေပြီး လူထုအားဖြင့် ကိုယ်ထူကိုယ်ထဆောင်ရွက်သော်လည်း မနိုင်ဝန်ဖြစ်လာရသည့်အတွက် သနပ်ပင်မြို့နယ်နှင့် ပဲခူးမြို့နယ်ရှိ ကျေးရွာများဆက်သွယ်ရေးတွင် မိုးတွင်းဆိုပါက လွန်စွာခက်ခဲလာပါကြောင်း၊
ယင်းစစ်တောင်းတူးမြောင်းတာပေါင်ဂဝံလမ်းကို သက်ဆိုင်ရာဝန်ကြီးဌာနတွေက နှစ်စဉ်ပြုပြင် ထိန်းသိမ်းမှုများ ဆောင်ရွက်ပေးရန်လိုအပ်သလို ကျောက်လမ်း သို့မဟုတ် ဂဝံလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန်လည်း လိုအပ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ပေးနိုင်မှသာ နှစ်မြို့နယ် အတွင်းရှိ ပြည်သူများအပြင် ဆက်စပ်မြို့နယ်များအတွက်ပါ ရေရှည် အကျိုးစီးပွားဖြစ်ထွန်းနိုင် မည်ဖြစ်ပါကြောင်း၊ သို့ပါ၍ ပဲခူး-စစ်တောင်းတာပေါင်လမ်းအား ပြုပြင် ထိန်းသိမ်းပေးရန်နှင့် ကျောက်လမ်း သို့မဟုတ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူး-စစ်တောင်း တူးမြောင်းတာပေါင်လမ်းသည် တာဝ-သနပ်ပင်လမ်းပိုင်းနှင့် တာဝ-မြစ်ကျိုးလမ်းပိုင်းတို့မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ကျေးလက်လမ်းအဖြစ် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနသို့ လွှဲပြောင်းပေးထားသော ဂဝံလမ်းအမျိုးအစား ဖြစ်ပြီး လမ်းအရှည် ၃၅ မိုင်ရှိ ပါကြောင်း၊ အဆိုပါလမ်းပိုင်းများတွင် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် သနပ်ပင်မြို့နယ်အတွင်းရှိ တာဝ-မြစ်ကျိုးလမ်းပိုင်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ရန်ပုံငွေဖြင့်လည်းကောင်း၊ သနပ်ပင်-တာဝ လမ်းပိုင်း၏ ပျက်စီးနေသော အပိုင်းများအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုပြင်ဆင် ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့်လည်းကောင်း ပြုပြင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
