(ဆ)-ထီးလင်းမြို့ အ.ထ.က တွင် လိုအပ်လျက်ရှိသော အထက်တန်းပြဆရာခြောက်ဦးအား ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တွင် ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ (၆.၁၂.၂၀၁၉)

မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်၊ ထီးလင်း မြို့နယ် အ.ထ.က ကျောင်းတွင် ကျောင်းသားဦးရေ စုစုပေါင်း ၁၁၅၈ ယောက်ရှိပြီး အထက်တန်း ကျောင်းသားဦးရေ ၄၇၆ ဦးပညာသင်ကြားလျက်ရှိပါကြောင်း၊ အခြေခံပညာအထက်တန်းတွင် တန်းခွဲ ၁၀ ခုရှိပြီး ဘာသာတွဲအားဖြင့် အတွဲ ၇၊ အတွဲ ၁၊ အတွဲ ၂ ဟူ၍ အတွဲသုံးတွဲရှိပြီး လက်ရှိအထက်တန်းပြဆရာ ၁၀ ဦးသာရှိသောကြောင့် မည်သို့မျှအဆင်ပြေပြေ သင်ကြား ပေးနိုင်ခြင်းမရှိသည်ကို တွေ့ရပါ ကြောင်း၊ စာသင်ခန်းနှင့် ဆရာအချိုး ကိုချမည်ဆိုပါက ၁၇ ဦးခန့်ထားရမည်ဖြစ်ပြီး ကျောင်းသား နှင့်ဆရာအချိုးရေ တွက်ချက်မည်ဆိုပါက ၁၆ ဦးခန့်ထားရမည်ဖြစ်ပါကြောင်း၊ သို့သော်လည်း ထီးလင်း အ.ထ.က ကျောင်းတွင် ပုံမှန် လျာထားချက် ၁၂ ဦးမပြည့်သည့် အတွက် သင်ကြားရေးတွင် အခက်အခဲတွေ့နေရပါကြောင်း၊ ဆရာလိုအပ်ချက်နှင့် ပတ်သက်ပြီး ၃၀.၇. ၂၀၁၇ ရက်နေ့တွင် ပြည်သူ့လွှတ်တော်မှတစ်ဆင့် ကြယ်ပွင့်မပြမေးခွန်းလည်း မေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့်လည်း ပြန်လည်ဖြေကြားရာ အဆိုပါကျောင်းတွင်လိုအပ်လျက်ရှိသည့် ဆရာအင်အားကို ၂၀၁၇-၁၈ ပညာသင်နှစ်တွင်  ဖြည့်ဆည်းပေး နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားခဲ့ပြီး ဖြစ်ပါကြောင်း၊ သို့သော်လည်း ယနေ့အချိန်ထိ တိုးမြှင့်ခန့်ထား ပေးခြင်းမရှိဘဲ ကျောင်းသူ‌/ကျောင်းသားများ၊ ဆရာ/ဆရာများအနေဖြင့် သင်ယူမှု၊ သင်ကြားမှုအခက်အခဲတွေ့နေရပါကြောင်း၊ ထို့ကြောင့် မိမိတို့ ထီးလင်း အ.ထ.က တွင် မရှိမဖြစ်လိုအပ်နေသည့် ဆရာလိုအပ်ချက်ကို အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေး မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်၊ ထီးလင်းအခြေခံပညာအထက်တန်း ကျောင်းတွင် ၂၀၁၉-၂၀ ပညာသင်နှစ်၌ မူလတန်းအဆင့်သင်ကျောင်းသားကျေိာင်းသူ ၁၄၈ ဦး၊ အလယ်တန်းအဆင့်သင် ကျောင်းသားကျောင်းသူ ၅၃၅ ဦးရှိပြီး ဆရာဆရာမအနေဖြင့်  မူလတန်းပြ ၄ ဦး၊ အလယ်တန်းပြ ၁၅ ဦး၊ အထက်တန်းပြ(PGTMA)၁ ဦးရှိပါကြောင်း၊ တင်ပြပါကျောင်းတွင် အထက်တန်းအဆင့်သင် ကျောင်းသားကျောင်းသူ ၄၅၆ ဦး ရှိပြီး အထက်တန်းပြအနေဖြင့် အထက်တန်းပြကာယတစ်ဦး အပါအဝင် အထက်တန်းပြခွဲဝေ ၁၁ ဦး၊ ခန့်ထား ၁၁ ဦး စုစုပေါင်း ဆရာ/ဆရာမ ၃၁ ဦး ခန့်ထားပြီးဖြစ်ပါကြောင်း၊ အထက်တန်းပြ ဆရာ/ဆရာမလိုအပ်ချက်ကို ကျောင်းသားဆရာအချိုး ၁၅၀ ဖြင့် တွက်ချက်ပါက အဆိုပါကျောင်းတွင် ခွဲဝေ ၁၁ ဦးလုံး အပြည့်ခန့်ထားပြီးဖြစ်သည့်အတွက် သတ်မှတ်မူအရ ကိုက်ညီပါကြောင်း၊ သို့သော် ကိုယ်စားလှယ်ကြီးတင်ပြသကဲ့သို့ တန်းခွဲများသည့် အနေအထားအရ ပြန်စိစစ်သည့်အခါ ထီးလင်းမြို့နယ်၊ ထီးလင်းအခြေခံပညာ အထက်တန်း ကျောင်းတွင် အထက်တန်း အဆင့်သင် တန်းခွဲကျောင်းသားဦးရေနှင့် ဘာသာရပ်သင် အထက်တန်းပြ သင် ဆရာ/ဆရာမတစ်ဦး၏ ပျမ်းမျှတစ်ပတ် စာသင်ချိန်သည် ၂၇.၈ ချိန်ရှိပါကြောင်း၊ ထို့အတွက် အထက်တန်းပြရာထူးတိုးပြောင်းများ ဆောင်ရွက်ချိန်တွင် အထက်တန်းပြရာထူး နောက်ထပ် တစ်နေရာအား ၁-၁၁-၂၀၁၉ ရက်နေ့တွင် ထပ်မံဖြည့်ဆည်းခန့်ထားပြီး ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။