လေးရွာ အ.ထ.က(ခွဲ)ကျောင်းသည် မိမိတို့မြို့ရှိ အကြီးဆုံးရပ်ကွက်ဖြစ်သော သာယာအေး ရပ်ကွက်အတွင်းရှိသည့် ကျောင်း ဖြစ်ပါကြောင်း၊ သာယာအေးရပ်ကွက်တွင်အိမ်ခြေ ၂၀၀၀ ကျော်ရှိပါကြောင်း၊ လေးရွာကျောင်း၏ ပတ်ချာလည် ၃ မိုင်၊ ၄ မိုင်အတွင်းတွင် ကျေးရွာပေါင်း ၁၂ ရွာရှိပြီး ၎င်းရွာများမှ ကျောင်းသူကျောင်းသားများလည်း ထိုကျောင်း ကိုပဲ အနီးဆုံးအနေဖြင့် မှီခိုရပါကြောင်း၊ ကျောင်း၏အနေအထား၊ ကျောင်းဆောင်အရေအတွက်၊ စာသင်ကျောင်းပေါင်း သည် ၁၂၀ ပေ ကျောင်းဆောင်က သုံးဆောင်၊ ၄၀ ပေ ဆောင်က နှစ်ဆောင်၊ ၆၀ ပေ ဆောင်က တစ်ဆောင်၊ ၉၀ ပေ ဆောင်က တစ်ဆောင်၊ နောက် ၁၄၀ ပေ နှစ်ထပ်ဆောင်က တစ်ဆောင် ရှိပါကြောင်း။
ဆရာဆရာမအင်အားအနေဖြင့်လည်း ၃၆ ဦးအထိရှိပြီး အထက်တန်းပြဆရာဆရာမ အနေဖြင့်လည်း ခုနစ်ဦးအထိရှိပါကြောင်း၊ ကျောင်းသားအရေအတွက်အနေဖြင့် ၂၀၁၈-၁၉ ပညာသင်နှစ်တွင် မူလတန်းအဆင့်ကျောင်းသားက ၅၁၇ ဦး၊ အလယ်တန်းအဆင့်က ၅၂၂ ဦး၊ အထက်တန်းအဆင့်က ၂၂၄ ဦးရှိပြီး စုစုပေါင်းကျောင်းသားအရေအတွက် ၁၂၆၃ ဦးရှိပါကြောင်း၊ ၂၀၁၅ ခုနှစ်မှစပြီး အ.ထ.က(ခွဲ)အဖြစ်တိုးမြှင့်ပြီးသည်နှင့် တစ်ပြိုင်တည်း ကျောင်းသားအရေအတွက် တဖြည်းဖြည်း တိုးလာပြီး ၈၀၀၊ ၉၀၀၊ ၁၀၀၀ ဆက်တိုက်ဖြစ်လာပါကြောင်း၊ ယခုမြို့ပေါ်တွင် အခြား အ.ထ.က သုံးကျောင်းရှိသော်လည်း အ.ထ.က(၁) အထက်တန်းတွင် ကျောင်းသား ၁၈၄၇ ဦး၊ အ.ထ.က(၂) အထက်တန်းအဆင့်တွင် ၁၆၆၀ ဦး၊ အ.ထ.က မြို့ရှေ့တွင် အထက်တန်းအဆင့် ၇၅၀ ဦး၊ အခန်း တစ်ခန်း တစ်ခန်းတွင် ကျောင်းသား ၆၀၊ ၇၀၊ ၈၀၊ ၉၀ အထိရှိသည့်အခန်းများလည်း ရှိပါကြောင်း၊ ထိုသို့နေရခြင်းဖြစ်သည့်အတွက် အထက်တန်းအဆင့် အထက်တန်းကျောင်းတစ်ကျောင်း လိုအပ်နေပါကြောင်း၊ ထို့ကြောင့်လာမည့်နှစ်တွင် အထက်တန်းကျောင်းအဖြစ် တိုးမြှင့်ပေးနိုင်ခြင်း ရှိ/မရှိနှင့် မရှိနိုင် ပါက မည်သည့်အတွက်ကြောင့် မရှိရခြင်းအကြောင်းကို သိရှိလိုကြောင်း မေးခွန်း မေးမြန်းပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ယခုနှစ်အတွင်း အခြေခံပညာ မူလတန်း ကျောင်းခွဲ ၃ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၁၃၀ ကျောင်း၊ အခြေခံပညာမူလတန်းလွန် ကျောင်း ၄၆ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ ၂၄ ကျောင်း၊ အခြေခံပညာအလယ်တန်း ကျောင်း ၂၄ ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲပေါင်း ၃၇ ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်းအဆင့်အဖြစ် ၁၆ ကျောင်း စုစုပေါင်း အခြေခံပညာကျောင်းပေါင်း ၂၈၀ ကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း။
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ လေးရွာကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲအား အဆင့်မြှင့် သည်မှာ လေးနှစ်ရှိပြီဖြစ်ပါကြောင်း၊ လက်ရှိတွင်လည်း အထက်တန်း အဆင့်သင်ကျောင်းသား ကျောင်းသူ ၂၁၄ ဦးရှိပြီး အနီးဆုံး အထက်တန်း အဆင့်သင် ကျောင်းဖြစ်သည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် ၁ မိုင်ခန့်သာ ဝေးကွာသည်ကို တွေ့ရပါကြောင်း၊ သို့သော် ကိုယ်စားလှယ်တော်ကြီးတင်ပြမှုနှင့် မဲဆန္ဒရှင်ပြည်သူများ၏ဆန္ဒ ကိုဖြည့်ဆည်းသည့် အနေဖြင့် ထိုသတ်မှတ်ချက်မူကို မိမိတို့ဖြေလျှော့ပြီး လာမည့် ၂၀၂၀-၂၁ ပညာသင်နှစ်တွင် ကျောင်း အဆင့်တိုးမြှင့်ခြင်းအတွက် စိစစ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
