(ဂ)-စစ်ကိုင်းမြို့၊ရွှေမင်းဝံရပ်ကွက်၊အမှတ်(၂၄)ပြည် သူပိုင်လမ်းမကြီးကိုမြေပေးမိန့်အတုဖြင့်ခြံခတ်ပြီးကျပ် သိန်း(၇၀)ဖြင့် ရောင်းစားသည့်ကိစ္စနှင့်ပတ်သက်၍ မည်သို့အရေးယူ ဆောင်ရွက်မည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၆၂)ရက်မြောက်နေ့ (၁၁.၆.၂၀၁၅)

ဦးခင်မောင်သိန်း (စစ်ကိုင်း) စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်၊ ပြည်သူပိုင်လမ်းမကြီးနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်တွင် ကြယ်ပွင့်မပြမေးခွန်းအနေဖြင့် ပထမအကြိမ် မေးမြန်းခဲ့ရာ ဖြေရှင်းဆောင်ရွက်မှု နှေးကွေးကြန့်ကြာနေ သည့်အတွက် ဒုတိယအကြိမ် မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ စစ်ကိုင်းမြို့၊ ရွှေမင်းဝံ ရပ်ကွက်၊ ပြည်သူပိုင် လမ်းမကြီး ကိစ္စနှင့်စပ်လျဉ်းပြီး ဒေသခံပြည်သူများမှ ၁၃-၁၂-၂၀၁၃ ရက်နေ့တွင် ၁ ကြိမ်၊ ၁-၁၁-၂၀၁၄ တွင် ၁ ကြိမ်၊ တရားဥပဒေစိုးမိုးရေးအတွက် ၂ ကြိမ်တိုင် ဆန္ဒထုတ်ဖော် တောင်းဆိုခြင်းများ ပြုလုပ်ခဲ့ကြပါကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး အတွက်သာ မေးမြန်းခဲ့ခြင်းဖြစ်သည့်အတွက် စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်၊ အမှတ်(၂၄) ပြည်သူပိုင်လမ်းမကြီးကို မြေပေးမိန့်အတုဖြင့် ခြံခတ်ပြီး ကျပ်သိန်း (၇၀) ဖြင့် ရောင်းစားသည့်ကိစ္စနှင့်စပ်လျဉ်း၍ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက် မည်သို့ အရေးယူ ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်စစ်ကိုင်းမြို့နယ် ရွှေမင်းဝံရပ်ကွက် ကွင်းအမှတ်(၇၉၇) ရွာထောင်အရှေ့၊ ဦးပိုင်အမှတ်(ဍ/၁-ခ) မြေဧရိယာ ဝ.၁၆၆ ဧကရှိ အခင်းဖြစ်မြေကွက်သည် အများပိုင်လမ်းမြေကို ကျူးကျော်နေသည့်ကို တွေ့ရှိရသည့်အတွက် စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ မြေကွက်နှင့် ဆက်စပ်သော မြေစာရင်းပုံစံ (၁၀၅)နှင့် ဆက်စပ်သော ပိုင်ဆိုင်ခွင့်ဟု ယူဆရသည့် စာရွက်စာတမ်းများအား ပယ်ဖျက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အပြင် စစ်ကိုင်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဖြစ်သူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်အား ရွှေမင်းဝံရပ်ကွက်အုပ်ချုပ်ရေးမှူးအပေါ် စနစ်တကျ စီမံကြပ်မတ်ရန် အားနည်းသည့်အတွက် ၉-၂-၂၀၁၄ ရက်နေ့တွင် စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှုကော်မတီမှ မှတ်တမ်းတင် သတိပေးလက်မှတ်ရေးထိုးစေခဲ့ပြီးဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၈-၈-၂၀၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အစည်းအဝေးအမှတ်စဉ် (၂၄/၂၀၁၄) ဆုံးဖြတ်ချက်အရ ရွှေမင်းဝံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မြင့်အား စစ်ကိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ၂-၉-၂၀၁၄ ရက် ရက်စွဲပါစာအမှတ် (၄/၂၀၁၄)ဖြင့် တာဝန်မှရပ်စဲခဲ့ပြီးလည်းဖြစ်ပါကြောင်း၊ စစ်ကိုင်းခရိုင် တရားရုံးတွင် လိမ်လည်ရေး၊ ကျမ်းကျိန်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် ဦးဇော်ဝင်း၊ ဦးသိန်းနိုင်၊ ဦးဇော်လွင်ဦး၊ ဦးဇော်ထူးတို့အား နောင်တွင် အလားတူ ဆောင်ရွက်ခြင်းမျိုး မပြုလုပ်ရန်အတွက် စစ်ကိုင်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ ၈-၉-၂၀၁၄ ရက်နေ့တွင်လည်း ခံဝန်ချက်များ လက်မှတ်ရေးထိုးစေခဲ့ပြီးဖြစ်ပါကြောင်း။

ပြည်ထဲရေးဝန်ကြီးဌာန၏ တင်ပြချက်အရ နိုင်ငံတော်သမ္မတရုံး လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီမှ ၂၈-၅-၂၀၁၄ ရက် ရက်စွဲပါစာအမှတ်ဖြင့် စစ်ကိုင်းမြို့နယ် မြေစာရင်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဝင်းနိုင်စိုးပါ ၅ ဦးတို့အား ဌာနဆိုင်ရာအရ အရေးယူဆောင်ရွက်ရန် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနသို့ အကြောင်းကြားခဲ့ပါကြောင်း၊ ထိုသို့ အကြောင်းကြားချက်အရ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့များဖြင့် ဖွဲ့စည်းစစ်ဆေးပြီး စစ်ဆေးတွေ့ရှိချက်မျာအရ အရေးယူပြီးဖြစ်ကြောင်း ၂၃-၁၂-၂၀၁၄ ရက် ရက်စွဲပါစာအမှတ်ဖြင့် နိုင်ငံတော်သမ္မတရုံး လာဘ်ပေးလာဘ်ယူ အရေးယူဆောင်ရွက်ရေးကော်မတီ ကိုလည်း ပြန်လည်တင်ပြထားပြီးဖြစ်ပါကြောင်း။

ထို့အပြင် ပြည်ထဲရေးဝန်ကြီးဌာနမှ ၃-၂-၂၀၁၄ ရက်စွဲပါစာအမှတ်ဖြင့် စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက် အမှတ် (၂၄) လမ်းမကြီးအား ပိတ်ဆို့လျက် ခြံစည်းရိုးများကာရံ၍ အိမ်ခြံကွက်ဖော်ပြီး ကိုယ်ကျိုးရှာနေခြင်းနှင့် စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးနိုင်ရန် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနကို တာဝန်ပေးအပ်ခဲ့ပါကြောင်း၊  ယင်းသို့ တာဝန်ပေးအပ်မှုအပေါ် စစ်‌ဆေးတွေ့ရှိချက်များအရ မြေတိုင်း အဆင်‌့(၄) ဦးဇော်မင်းသန်း၊ လက်ထောက်ဦးစီးမှူး (စစ်ဆေးရေး) ဦးမြင့်နှင့် ရွှေမင်းဝံရပ်ကွက်  အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မြင့်တို့အား ၎င်းတို့ကျူးလွန်ခဲ့သော ပြစ်မှုအတိုင်းအတာအရ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၀၉/၁၀၉ ဖြင့် အရေးယူ ဆောင်ရွက်နိုင်ရန် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနှ ၁၉-၂-၂၀၁၅ ရက်စွဲပါစာအမှတ်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာနကို ပြန်လည်တင်ပြလာရာ တင်ပြချက်အရ ပြည်ထဲရေးဝန်ကြီးဌာနမှ ၂၅-၂-၂၀၁၅ ရက် ရက်စွဲပါစာအမှတ်ဖြင့် တင်ပြလာမှုနှင့်စပ်လျဉ်း၍ အရေးယူဆောင်ရွက်ရန် ပြန်လည်အကြောင်းကြားခဲ့ပြီး ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ ပြည်ထဲရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်အရ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးရုံးမှ ၁၀-၃-၂၀၁၅ ရက်နေ့တွင် မြေတိုင်းအဆင့်(၄) ဦးဇော်မင်းသန်း၊ လက်ထောက်ဦးစီးမှူး(စစ်ဆေးရေး) ဦးမြင့်နှင့် ရွှေမင်းဝံရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မြင့်တို့အား ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၀၉/၁၀၉ ဖြင့် စစ်ကိုင်းမြို့နယ်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ပြီး မြို့နယ်တရားရုံးမှ အဆိုပါအမှုအား ပြစ်မှုကြီးအမှတ် (၂၈၂/၂၀၁၅) ဖြင့် စစ်ဆေးအရေး ယူဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။