(င)-မိုင်းခတ်မြို့နယ်၊ မိုင်းနုံးကျေးရွာအုပ်စုရှိ(ခမ်းနွဲ့) ရေသွယ်မြောင်း(၁၁၅၀)ပေနှင့် ဝမ်ခုတ်ကျေးရွာ အုပ်စု (ဖိုင်တင်း)(၁၀၃၀) ပေ ရေသွယ်မြောင်းတို့ကို ကျောက်စီနံရံထိန်းရေသွယ်မြောင်းအဖြစ် ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ (၂.၁၂.၂၀၁၉)

 

မိမိတို့ မိုင်းခတ်မြို့နယ်သည် တိုင်းရင်းသားလူမျိုးများစွာ စုပေါင်းနေထိုင်ကြသော မြို့နယ် တစ်မြို့နယ်ဖြစ်ပါကြောင်း၊ ပြည်သူများသည် လယ်၊ တောင်ယာများစိုက်ပျိုးခြင်းဖြင့် အသက်မွေး ကြပါကြောင်း၊ ရေသွင်းလယ်စိုက်ကွက်များစွာ ရှိပါကြောင်း၊ လုံလောက်သောစိုက်ပျိုးရေရရှိရန် အတွက် ရေသွင်း‌မြောင်းလက်တံများတူးဖော်ဆောင်ရွက်ထားပါကြောင်း၊ မိုင်းနုံးကျေးရွာအုပ်စုတွင် ခမ်းနွဲ့ရေသွယ်မြောင်းနှင့် ဝမ်ခုတ်ကျေးရွာအုပ်စုတွင် ဖိုင်တွင်းရေသွယ်မြောင်းရှိကြပြီး ရှေ့ဘိုးဘေး စဉ်ဆက် တောင်သူလယ်သမားများက ကိုယ့်အားကိုယ်ကိုးဖြင့် တူးဖော်ထားခြင်းဖြစ်ပါကြောင်း၊ ၎င်းရေမြောင်းများသည် တောင်စောင်း‌နံရံများပေါ် ဖြတ်ကျော်ရခြင်း၊ သဲသောင်များဖြတ်သန်း စီးဆင်းခြင်း၊ မိုးတွင်းတွင် မြောင်းနံရံများပြိုကျခြင်းကြောင့် လယ်ယာမြေအတွက် ရေလုံလောက် စွာမရရှိနိုင်ပါကြောင်း၊ ရေများအလဟဿ ပျက်စီးဆုံးရှုံးနေရခြင်းဖြစ်သည့်အတွက် ကျောက်စီနံရံ ခင်းရေသွယ်မြောင်းအဖြစ် ဆောင်ရွက်ပေးပါက နွေစပါးကိုလည်း စိုက်ပျိုးနိုင်မည်ဖြစ်ပါကြောင်း၊ စပါးလိုအပ်မှုကြောင့် တောင်တန်း၊ လျှိုမြောင်များမှ အပင်များခုတ်ထွင်ပြီး စပါးစိုက်ပျိုးလာသည် ကိုလည်း တွေ့မြင်ရပါကြောင်း၊ နွေစပါးစိုက်ပျိုးပြီး စပါးရရှိလာပါက တောင်ယာလုပ်ငန်းကို လျှော့ချ ပေးနိုင်မည်လည်း ဖြစ်ပါကြောင်း၊

မေးခွန်းတွင် မိုင်းနုံးကျေးရွာအုပ်စု ခမ်းနွဲ့ရေသွယ်မြောင်းသည် ၁၁၅၀ သာ ဖော်ပြထားပါကြောင်း၊ သို့သော် အမှန်တကယ်က ၁၁၅၀၀ ဖြင့် ပြင်ဆင်ပေးနိုင်ပါရန်လည်း မေတ္တာရပ်ခံပါကြောင်း၊ ဝမ်ခုတ်ကျေးရွာအုပ်စု ဖိုင်တင်းရေမြောင်းကလည်း  ၁၀၃၀ သာ ဖော်ပြထားပါကြောင်း၊  ၁၃၅၀၀ ဖြင့် ပြင်ဆင်ပေးပါရန်လည်း မေတ္တာရပ်ခံလိုပါကြောင်း၊ အထက်ပါရေမြောင်းနှစ်ခုအား မည်သည့် ကာလတွင် ဆောင်ရွက်ပေးမည်ကို လည်းကောင်း၊ ဆောင်ရွက်မပေးနိုင်ပါကလည်း အဘယ့်ကြောင့် ဆိုသည်ကို သိလိုပါကြောင်းမေးမြန်းပါသည်။


ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်ရှိ       မိုင်းနုံးကျေးရွာအုပ်စုရှိ ခမ်းနွဲ့ရေလွှဲဆည်ကို ၂၀၁၇-၂၀၁၈ ခုနှစ်က ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ရန်ပုံငွေဖြင့် ပြုပြင်တည်ဆောက်ပေးခဲ့ပါကြောင်း၊ ဝမ်ခုတ် ကျေးရွာအုပ်စုရှိ ဖိုင်တင်းရေလွှဲဆည်ကိုလည်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်က ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက အခိုင်အမာပြုပြင်တည်ဆောက် ပေးခဲ့ပါကြောင်း၊ ခမ်းနွဲ့ရေလွှဲဆည်နှင့်အတူ ဆက်စပ်တူးဖော်ပေးထားသော ရေမြောင်းသည် လွှတ်တော်ကိုယ်စားလှယ်ကြီးမေးခွန်းတွင် ပါသွားသလို အလျားပေ ၁၁၅၀၀ ခန့် ရှည်ပါကြောင်း၊ လယ်မြေဧက ၂၂၀ ကို စိုက်ပျိုးရေပေးဝေလျက်ရှိပါကြောင်း၊ အလားတူ ဖိုင်တင်းရေလွှဲဆည်နှင့် အတူ ဆက်စပ်တူးဖော်ထားသော ရေပေးမြောင်းသည်လည်း အလျားပေ ၁၃၅၀၀ ရှည်ပြီး လယ်မြေဧက ၂၅၀ ကို စိုက်ပျိုးရေပေးဝေလျက်ရှိပါကြောင်း၊

အဆိုပါရေပေးမြောင်းများသည် မြေမျက်နှာပြင်အနိမ့်အမြင့်အခြေအနေအရ တောင်ကမ်းပါးအခြေ ကပတ်ပြီးတူးဖော်ထားရသည့်အတွက် မိုးရာသီတွင်ရေတိုက်စားပြီး တောင်ကမ်းပါးယံမြေသား ပြိုကျသည့်အတွက် မြောင်းပိတ်ဆို့မှုများဖြစ်ပေါ်မှုရှိပါကြောင်း၊ ထို့ကြောင့်တောင်သူများအနေဖြင့် နှစ်စဉ်ပြုပြင်ရလျက်ရှိပြီး စိုက်ပျိုးရေအခက်အခဲများလည်း ဖြစ်ပေါ်လျက်ရှိသည့်အတွက် ကျောက်စီ ရေမြောင်းဖြင့် အခိုင်အမာပြုပြင်တည်ဆောက်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်ရန် ခမ်းနွဲ့ရေပေးမြောင်းအတွက် ခန့်မှန်းကုန်ကျငွေက ကျပ် ၈၅ သန်းနှင့် ဖိုင်တင်းရေပေးမြောင်းအတွက် ခန့်မှန်းကုန်ကျငွေက ကျပ် ၇၅ သန်း စုစုပေါင်းခန့်မှန်းကုန်ကျငွေ ကျပ်သန်း ၁၆၀ ခန့် ကုန်ကျမည်ဖြစ်ကြောင်း စိစစ်တွက်ချက်ရရှိပါကြောင်း၊

အဆိုပါလုပ်ငန်းများအတွက်ရန်ပုံငွေကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ရန်ပုံငွေဖြင့် ဆောင်ရွက်သွား မည် ဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း လွှတ်တော်ကတိကဝတ်လုပ်ငန်း များပြားပြီး ရန်ပုံငွေလိုအပ်ချက်များကလည်း များပြားသောအခြေအနေရှိသည့်အလျောက် ဦးစား ပေးလုပ်ငန်းအစီအစဉ်အရ ဘဏ္ဍာရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး လျာထားဆောင်ရွက်သွား မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီး၏မေးခွန်းနှင့်စပ်လျဉ်းပြီး ဆောင်ရွက်ပေးနိုင်မည့်ဘဏ္ဍာရေးနှစ်ကို ဖော်ပြရန်အခက်အခဲရှိသော်ငြားလည်း အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အတွင်းဦးစားပေးလုပ်ငန်းအစီအစဉ်များအရ ရန်ပုံငွေထည့်သွင်း လျာ ထားဆောင်ရွက်ပြီး ရန်ပုံငွေခွဲဝေရမှုအပေါ်မူတည်ပြီး လုပ်ငန်းများအကောင်အထည်ဖော် ဆောင် ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။