နိုင်ငံတစ်ဝန်းလုံးရှိ ၇၀ ရာခိုင်နှုန်းခန့်သော ပြည်သူပြည်သားများသည် ကျေးလက်တောရွာဒေသ များတွင် နေထိုင်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ ကျေးလက်နေပြည်သူအများစုသည် ရှေးခတ် အဆက်ဆက်မှ ယနေ့ကာလအထိ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အဓိကထားပြီး ခက်ခဲပင်ပန်းကြီးစွာ အသက်မွေးဝမ်းကျောင်းလုပ်ကိုင်နေထိုင်ကြရသော်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ လျှပ်စစ်မီး အပြည့်အစုံမရရှိခြင်း၊ ပညာရေး၊ ကျန်းမာရေး နိမ့်ကျခြင်းကြောင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတွင် များစွာနောက်ကျကျန်ရစ်ခဲ့သည်မှာ ယနေ့ မျက်မှောက်ကာလအထိ ဖြစ်ပါကြောင်း၊ အထူးသဖြင့် နယ်စပ်တိုင်းရင်းသားဒေသနေ ပြည်သူများ ၏နေထိုင်မှုဘဝကိုကြည့်ပါက ပိုမိုသိသာထင်ရှားစွာ တွေ့မြင်နေရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော် အစိုးရအဆက်ဆက်များအနေဖြင့် ကျေးလက်နေပြည်သူများအတွက် လက်လှမ်းမီသော နိုင်ငံအနှံ့ ဒေသများတွင် တိုက်နယ်ဆေးရုံများ တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊
ယခုနှစ်ကာလအထိ တိုက်နယ်ဆေးရုံ ၇၄၄ ရုံရှိသည်ကို အချက်အလက်အရ သိရှိရပါကြောင်း၊ တိုက်နယ်ဆေးရုံရှိခြင်းကြောင့် ကျေးလက်နေပြည်သူများအတွက် စရိတ်စကနည်းနည်းဖြင့် ကျန်းမာရေး ကုသစောင့်ရှောက်မှုများ အဆင်ပြေလျက်ရှိပါကြောင်း၊ အခါအားလျော်စွာ တိုက်နယ်ဆရာဝန် နှင့် ဝန်ထမ်းများက ပတ်ဝန်းကျင်ကျေးရွာများသို့ ကွင်းဆင်းကုသပေးခြင်း၊ ပညာပေးခြင်းများက လည်း ကျေးလက်နေပြည်သူများအတွက် အကျိုးကျေးဇူးများပြားလှပါကြောင်း၊ သွားနှင့် ခံတွင်း ကျန်းမာရေးသည် လူ့ခန္ဓာကိုယ်တစ်ခုလုံးအတွက် အလွန်အင်မတန်အရေးကြီးကြောင်း သွားနှင့် ခံတွင်းကျန်းမာရေးဆိုင်ရာ အသိပညာများသိရှိရပါကြောင်း၊ သွားနှင့် ခံတွင်းမကောင်းပါက ၎င်းမှ အစပြုပြီး ခန္ဓာကိုယ်အခြားအစိတ်အပိုင်းများ ဥပမာ-နှလုံးနှင့်သက်ဆိုင်သောရောဂါများ၊ ဆီးချို ရောဂါများတွင် ဘေးဥပါဒ်ဖြစ်စေပြီး ဆောလျင်စွာကုသမှုမခံယူပါက လူ့သက်တမ်းစေ့နေထိုင်ရန် စိန်ခေါ်မှုဖြစ်စေကြောင်း သိရှိရပါကြောင်း၊ ကျေးလက်ဒေသများတွင် အထွေထွေကျန်းမာရေးဆိုင်ရာ ကွင်းဆင်းကုခြင်း၊ ပညာပေးခြင်းများ မကြာခဏကွင်းဆင်းဆောင်ရွက်ပေးခြင်း တွေ့ရသော်လည်း သွားနှင့်ခံတွင်းဆိုင်ရာကုသပညာပေးမှုအနေဖြင့် နည်းပါးလှပါကြောင်း၊ သွားနှင့် ခံတွင်းကျန်းမာ ရေးဆိုင်ရာဗဟုသုတနည်းပါးခြင်းကြောင့် မိမိမဲဆန္ဒနယ်ထဲတွင် ကျေးလက်နေပြည်သူအများစု အသက် ၅၀ ကျော်များကိုကြည့်ပါက သွားများပျက်စီးနေကြခြင်းကို များစွာတွေ့ရှိရပါကြောင်း၊ အခြားမြို့နယ်များတွင်လည်း တွေ့ရှိနေရပါကြောင်း၊ သွားရောဂါဖြစ်လာပါကလည်း မိရိုးဖလာ သစ်မြစ်၊ သစ်ခေါက်တိုင်းရင်းဆေးများနှင့်သာ လက်တလောသက်သာစေသောနည်းဖြင့် ကုသမှုကို ခံယူနေကြရပါကြောင်း၊
သွားနှင့် ခံတွင်းကျန်းမာရေးနှင့် ကုသရေးဌာနများသည် မြို့ကြီးပြကြီးများနှင့် မြို့နယ်ဆေးရုံ များတွင်သာရှိသည့်အတွက် ဝေးလံသောကျေးလက်နေပြည်သူများအနေဖြင့် ကုသမှုခံယူရာတွင် စရိတ်စကအကုန်အကျကြီးမားပြီး စီးပွားရေးနိမ့်ကျသောပြည်သူများအတွက် အခက်အခဲ ဖြစ်နေ ပါသဖြင့် ၎င်းတို့နှင့်အနီးစပ်ဆုံးရှိပြီး မှီခိုအားထားသော တိုက်နယ်ဆေးရုံများတွင် သွားနှင့် ခံတွင်း ကျန်းမာရေးဌာနနှင့် သွားဘက်ဆိုင်ရာဆရာဝန် လိုအပ်လျက်ရှိကြောင်း တွေ့ရှိရသကဲ့သို့ ကျေးလက်နေမဲဆန္ဒရှင်ပြည်သူများကလည်း တင်ပြတောင်းဆိုပေးရန်ပြောကြားလာပါကြောင်း၊
သို့ဖြစ်ပါ၍ ကျေးလက်နေပြည်သူအများစု အဓိကအားထားမှီခို လက်လှမ်းမီသော တိုက်နယ် ဆေးရုံများတွင် သွားနှင့်ခံတွင်းကုသရေးဌာနနှင့် သွားဘက်ဆိုင်ရာဆရာဝန်များ တိုးချဲ့ဖွင့်လှစ် ခန့်ထားပေးမည့်အစီအစဉ်ရှိ/မရှိနှင့် ဆောင်ရွက်ပေးမည့်အစီအမံကို သိရှိလိုပါသဖြင့် မေးမြန်းပါသည်။
ကျေးလက်နေစီးပွားရေးပြေလည်မှုအားနည်းသည့် ပြည်သူအများစု၏ အနီးဆုံးအဓိက မှီခို အားထားရာ လက်လှမ်းမီသော တိုက်နယ်ဆေးရုံ များတွင် သွားနှင့်ခံတွင်း ကျန်းမာရေး ဆိုင်ရာနှင့် ဆရာဝန်တိုးချဲ့ ဖွင့်လှစ်ခန့်ထားပေး/မပေးဆိုသည့် အစီအစဉ်နှင့်ပတ်သက်၍ ဖြေကြား မည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် သွားနှင့်ခံတွင်း သည် အရေးကြီးမှန်း သိပါကြောင်း၊ ယခု သွားနှင့်ခံတွင်းသည် နေရာအားဖြင့် မျက်နှာ၏ တစ်နေရာတည်းတွင် ရှိသော်ငြားလည်း အလွန်အရေးကြီးသည်ကိုသိပါကြောင်း၊ ဥပမာဆိုလျှင် ခံတွင်းကျန်းမာမှ လူ့ခန္ဓာ ကျန်းမာပြီး (No Health၊ Without Health၊ Oral Health)ဆိုသည်ကို သိရှိပါကြောင်း၊ သို့ရာတွင် သွားနှင့် ခံတွင်းမကောင်းလျှင် ကျောက်ကပ်တို့၊ သွားမကောင်းလျှင် Inflammation မှနေပြီး လည်ချောင်းနာမည်၊ လည်ချောင်းနာလျှင် နောက်ဆုံးနှလုံးရောဂါအထိ ဖြစ်နိုင်ပါကြောင်း၊ နှလုံးတွင်ရှိသည့် အဆိုရှင်များက ထိခိုက်ပြီး အပေါ်အခန်းနှင့်အောက်ခန်းသွေးလျှောက်မှုကို ပြဿနာဖြစ်ပါကြောင်း၊ ထို့ပြင် ကျောက်ကပ်ကိုလည်း သွားထိကြောင်း၊ Joint များလည်း သွားထိပါကြောင်း၊ ထို့ပြင်သွေးကြောကျဉ်းသည်အထိ ရောက်နိုင်သည့့်အပြင် အဆုတ် ရောဂါလည်း ဖြစ်နိုင်ပါကြောင်း၊ ၎င်းတို့အားလုံးသည် သိပ္ပံနည်းအရ တွေ့ရှိထားခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် အထူးသဖြင့် အရေးကြီးသည်မှာ ကိုယ်ဝန်ဆောင်မိခင်(Pregnant) များတွင် အချိန်မပြည်သည့် ကလေးများ(low Birth)၊ အသေမွေးခြင်း (Stillbirth)ရှိမည်၊ သားလျှောခြင်း(Abortion) များ ဖြစ်မည်၊ ကိုယ်ဝန်ဆောင်အဆိပ်တက်ခြင်း (Eclampsial) ဖြစ်မည်၊ မိမိတို့သိသည့် အတွက် သေသေချာချာ လုပ်နေပါကြောင်း၊ ဥပမာ ၂၀၁၆ ခုနှစ် တစ်ကမ္ဘာလုံးတွင်ရှိသည့် သွားခံတွင်း နှင့်ပတ်သက်သော သွားပိုးစားရောဂါ (Dental Caries)သည် ကမ္ဘာ့ လူဦးရေ၏ ထက်ဝက် ၃.၅၈ ဘီလီယံတွင်ဖြစ်နေသည်ကို တွေ့ရပါကြောင်း၊ ငယ်သွား ပိုးစားခြင်းမပါကြောင်း၊ ငယ်သွား မှထွက်ပြီး permanent Teeth တွင်ဖြစ်ကြောင်း၊ သွားနှင့် ခံတွင်း၏ ရောဂါအတိမ်အနက် ဘယ်လောက်များသလဲဆိုသည်ကိုမိမိသိပါကြောင်း၊ သွားကိုက်ရောဂါခံစားဖူးသည့် လွှတ်တော် ကိုယ်စားလှယ်ကြီးများရှိပါကြောင်း၊
ထို့ကြောင့် မြန်မာပြည်တစ်ပြည်လုံးတွင် တိုက်နယ် ဆေးရုံပေါင်း ၇၉၁ ရုံရှိပါကြောင်း၊ ၎င်း ၇၉၁ ရုံထဲမှ တိုက်နယ်ဆေးရုံ ၄၀ မှာခုတင် (၅၀)ဆံ့နှစ်ရုံ၊ ၂၅ ခုတင်ဆံ့ ၃၈ ရုံ စုစုပေါင်း (၁၆) ခုတင် ထက်ကြီးသည့် တိုက်နယ်ဆေးရုံ ၄၀ ရှိပါကြောင်း၊ ၎င်း ၄၀ မှာသွားနှင့်ခံတွင်းဆရာဝန်ရှိပါကြောင်း၊ သို့သော် (၁၆) ခုတင် တိုက်နယ်ဆေးရုံ ၇၅၁ ရုံတွင် ဆရာဝန်မထားနိုင်သေးပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် မိမိအနေဖြင့် Dental Chair နှင့် သွားဆရာဝန်တစ်ယောက် တိုက်နယ် ဆေးရုံတွင်ထားမည်ဆိုလျှင် အနည်းဆုံး ၇၃ သိန်းမှ ၂၇၅ သိန်းကုန်မည်ဖြစ်ပါကြောင်း၊ Dental Chair မှ Air Compressor ယူနစ်သည် ၃၅ သိန်းမှ သိန်း ၂၀၀ အထိရှိပါကြောင်း၊ ဆရာဝန် လက်တွင်လုပ်သည့် Hand Instrument သည် အနည်းဆုံး ခုနစ်သိန်း မှ ၁၅ သိန်းထိရှိကြောင်း၊ ထုံဆေး နှင့်အခြား Dental Material များက တစ်လစာကို တစ်သိန်းနှင့်ငါးသိန်းတန်ဖိုး ရှိပါကြောင်း၊ Air Condition တစ်ခုသည် ငါးသိန်းရှိကြောင်း၊ နောက် Dental Chair ကိုပြုပြင် ထိန်းသိမ်းစရိတ်သည် ငါးသိန်းလိုပါကြောင်း၊ Portable dental X rayသည် အနည်းဆုံး ခုနစ်သိန်းမှ ၁၅ သိန်းလိုပါကြောင်း၊ နောက် Auto Clave မရှိမဖြစ်လိုကြောင်း၊ အနည်းဆုံး ရှစ်သိန်းမှ ၁၅ သိန်း လိုပါကြောင်း၊ ရေသန့်စက် သည် အနည်းဆုံးလေးသိန်းမှ သိန်း ၂၀ လိုပါကြောင်း၊ Ultraviolet Light Box သည် အနည်းဆုံးတစ်သိန်းမှ ငါးသိန်းလိုပါကြောင်း၊ ဆိုလိုသည်မှာ အနည်းဆုံး ၇၃ သိန်းမှ ၂၇၅ သိန်း အထိ ရင်းနှီးမြှုပ်နှံရန်လိုပါကြောင်း၊ လက်ရှိ ကုသရေးဦးစီးဌာနတွင် တာဝန် ထမ်းဆောင်နေသည့် Dental ဆရာဝန် ၅၃၂ ဦးရှိပါကြောင်း၊ လစ်လပ်ဦးရေ ၁၆၅ ဦးရှိပါကြောင်း၊ ယခုနှစ်တွင် မိမိတို့ ဆက်လက်ခေါ်ရန်စီစဉ်နေပါကြောင်း၊ ငွေလည်းရှိဖို့များပါကြောင်း၊ မိမိတို့တွင် လောလောဆယ်ဆယ် စုစုပေါင်းကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန နှစ်ခုပေါင်း လျှင် သွားနှင့်ခံတွင်းဆရာဝန် ၈၂၂ ဦးရှိပါကြောင်း၊ ယခုအစိုးရအသစ်လက်ထက် 1st April 2016 မှ ယခုထိ စုစုပေါင်း ၅၄၅ ဦး ခန့်ထားခဲ့ပါကြောင်း၊ ကုသရေးဦးစီးဌာနမှာ ၁၇၄ ယောက်ခန့်ခဲ့ ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၃၇၁ ဦးဖြစ်ပါကြောင်း၊ မိမိတို့ လွှတ်တော် ကိုယ်စားလှယ်ကြီး၏ မေးခွန်းကိုပြန်ကြည့်သည့့်အခါတွင် မြို့နယ်အဆင့်မှာ သုံးဦးရှိပါကြောင်း၊ ကုသရေးဦးစီးဌာနအောက်တွင်ရှိသည့် သွားနှင့်ခံတွင်း ဆရာဝန်တစ်ဦး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင်နှစ်ဦးဖြစ်ပါကြောင်း၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ နှစ်ဦးသည်အလှည့်ကျ ကွင်းဆင်းရန် မိမိတို့စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုကွင်းဆင်းသည့်အခါတွင် အခြေခံ ကျန်းမာရေးတွင် အခြေခံကျသည့်သွားနှင့် ခံတွင်း ဝန်ဆောင်မှုများကို ပြည်သူများလုပ်မည် ဆိုလျှင် ပြည်သူများသည်သွားနှင့် ပတ်သက်သည့် ရောဂါများကို ကြိုတင်ကြည့်မည်၊ မဖြစ်အောင် ကာကွယ်မည်ဆိုလျှင် တိုက်နယ် ဆေးရုံအဆင့်တွင် ရှိသည့် ပြည်သူများသည် သွားနှင့်ခံတွင်း ရောဂါဖြစ်ရန် အလားအလာအလွန် နည်းသွား ပါမည်ဖြစ်ကြောင်း၊ အမြန်ဆုံးနှင့် အားထည့်ပြီး ဆောင်ရွက်လျှင် Primary Oral Health Care ထဲမှ မိမိတို့ Univeral Health Coverage နှင့် Primary Health Care ၏ မူဝါဒများနှင့်ညီသည့်အတွက် ၎င်းကိုအမြန်ဆုံး လုပ်မည်ကို တင်ပြလို ပါကြောင်း၊ လောလောဆယ်ဆယ် (၁၆) ခုတင်တိုက်နယ်ဆေးရုံ များတွင် သွားနှင့်ခံတွင်း ဆရာဝန် ခန့်ရန် အလားအလာမရှိသေးပါကြောင်း ကိုပြန်လည်ဖြေကြားပါသည်။
