(ခ)-နှစ်နိုင်ငံတရားဝင်သွားလာခွင့်နှင့် ကုန်သွယ်ခွင့်ရရှိရန် မယ်စဲ့မြို့နယ်ရှိ ဟိုစဲ့ကျေးရွာ BP-14 နယ်စပ် ဂိတ်နှင့် ထိုင်းနိုင်ငံ၊ ဆောင်ဟိန်ကျေးရွာနယ်စပ်ဂိတ်တို့ကို ဖွင့်လှစ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
တိုင်းပြည်အခွန်ဘဏ္ဍာတိုးပွားလာရန်အတွက် နယ်စပ်ဝင်ပေါက်ဂိတ်ကို အတတ်နိုင်ဆုံး နှစ်နိုင်ငံ အစိုးရ နှင့် တွေ့ဆုံညှိနှိုင်းပြီး တရားဝင်ဖွင့်လှစ်ပေးစေချင်ပါကြောင်း၊ ယခုလိုနယ်စပ်ဂိတ်များကို တရားဝင်ဖွင့်လှစ်ပေးမည်ဆိုလျှင် တိုင်းပြည်အခွန်အခ မြောက်မြားစွာ ရရှိလာနိုင်မည်ဖြစ်ကြောင်း၊ ယခုဆိုလျှင် တိုင်းပြည်ကို အခွန်အခနှင့်ပဲဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် လမ်း၊ တံတား၊ ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်လူမှုကိစ္စအဝဝ များကို အခွန်အခတွေနဲ့ပဲ ဆောင်ရွက်ပေးနေကြောင်း၊ ဒါကြောင့် တိုင်းပြည် အခွန်အခငွေများ ကို တစ်ဖက်တစ်လမ်းမှရရှိနိုင်ရန် အတွက် နယ်စပ်ဝင်ပေါက်ဂိတ်တစ်ဂိတ်ဖြစ်သည့် မယ်စဲ့မြို့နယ်၏ BP-14 နယ်စပ်ဂိတ်ကို တရားဝင် ဖွင့်လှစ်ပေးစေချင်ပါကြောင်း၊ လောလောဆယ် တွင် BP-13 နယ်စပ်ဂိတ်ကို တရားဝင်ဖွင့်လှစ်ထားပေးကြောင်း၊ မိမိတို့မြန်မာနိုင်ငံ ဘက်အခြမ်းအနေဖြင့် BP-13 နယ်စပ်အထိ လမ်းအဆင့်မြှင့်ပြီး ကတ္တရာလမ်းများလည်း ခင်းပြီး ပါကြောင်း၊ ထိုင်းနိုင်ငံ ဘက်အခြမ်းမှာ နယ်စပ်ထိလမ်းခင်းရန် ၉ကီလိုမီတာသာ ကျန်ရှိပါကြောင်း၊ သို့သော် သစ်တော ကြိုးဝိုင်းဖြစ်သည့်အတွက် ၎င်း ၉ကီလိုမီတာကျန်ရှိသည့် လမ်းကိုခင်း၍ မရဖြစ်နေပါကြောင်း၊ လောလောဆယ်ဆယ်တွင် တောလမ်းအတိုင်းသွား၍ ကုန်သည်များ အတွက် အထိုက်အလျောက် ကူးသန်းရောင်းဝယ်ရေးများပြုလုပ်နေကြပါကြောင်း၊ သို့သော်လည်း ခရီးမိုင်တိုင် အရပြောမည် ဆိုလျှင် BP-13 နယ်စပ်ဂိတ်နှင့် နယ်စပ်မြို့နယ် နှင့်ဆိုလျှင် ၁၅ မိုင်လောက် ဝေးကွာ ပါကြောင်း၊ ထိုင်းနိုင်ငံဘက်အခြမ်းကိုကြည့်မယ်ဆိုလျှင် ဘန်ကောက်မြို့မှ BP-13 နယ်စပ်ဂိတ် အထိဆိုလျှင် ၉၉၅ ကီလိုမီတာဝေးကွာပါကြောင်း၊ ထို့ကြောင့် တချို့ကုန်သည် ခရီးသွားပြည်သူများသည် BP-14 နယ်စပ်ဂိတ်ကို တရားဝင်ဖွင့်လှစ်ပေးရန် တောင်းဆိုပါကြောင်း၊
BP-14 နယ်စပ်ဂိတ်သည် မယ်စဲ့မြို့နှင့်ဆိုလျှင် ခုနစ်မိုင်လောကသာ ဝေးကွာ ပါကြောင်း၊ထိုင်းနိုင်ငံဘက်နှင့်ဆိုလျှင် ဘန်ကောက်မြို့မှနေ၍ BP-14 နယ်စပ်ဂိတ်သည် ၈၀၀ ကီလို မီတာလောက်သာ ဝေးကွာပါကြောင်း၊ ၎င်းနယ်စပ်ဝင်ပေါက်ဂိတ်နှစ်ဂိတ်ကို နှိုင်းယှဉ် ကြည့်လိုက်မည် ဆိုလျှင်ခရီးမိုင်တိုင်အားဖြင့် တိုတောင်းသည်ကိုလည်း တွေ့မြင်နေရပါကြောင်း၊ တချို့ကုန်သည်ကြီး၊ ကုန်သည်ငယ်များ၊ ခရီးသွား ပြည်သူများသည် BP-14 နယ်စပ်ဂိတ်ကို ပို၍စိတ်အားထက်သန် နေကြသည်ကိုလည်း တွေ့မြင်ရပါကြောင်း၊ ဘာကြောင့်လဲဆိုလျှင် BP-13 နယ်စပ်ဂိတ်ထက် ပိုမိုနီးနေသည်ကတစ်ကြောင်း၊ ကုန်သွယ်ရေးသွားလာရာတွင်လည်း ပိုပြီး အဆင်ပြေပြေသွားလာနိုင် သည်ကတစ်ကြောင်း၊ သွားရေးလာရေးတွင်လည်း ပိုမိုနီး၍ဖြစ်ပါ ကြောင်း၊ ထိုင်းနိုင်ငံဘက်မှ လမ်းပိုင်း BP-13 လမ်းသည် ကုန်တင်သွားလာ သည့်အခိုက်တွင် ခရီးလမ်းကကြမ်းတမ်းကြောင်း၊ တောင်တက်၊ တောင်ဆင်းများကလည်း အင်မတန်မတ်စောက် သည့်အတွက် ကုန်ပစ္စည်းသယ်ယူရာတွင် လျော့နည်းပြီးသယ်ရသည့် အတွက် ကုန်သည်များ အတွက်လည်း သွားလာရေးမကိုက် ဖြစ်နေပါကြောင်း၊
ထို့ကြောင့် BP-14 နယ်စပ်ဂိတ်ကို BP-13 နယ်စပ်ဂိတ်နည်းတူ တရားဝင် ဖွင့်လှစ်ပေးစေချင်ပါကြောင်း၊ ထိုင်းနိုင်ငံနယ်စပ်နှစ်ဂိတ်လုံးကို တရားဝင်ဖွင့်လှစ်ပေးလိုက်မည်ဆိုလျှင် နယ်စပ်ဒေသတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းပြည်သူလူထုများ၏ စားဝတ်နေရေး၊ အလုပ် အကိုင် ဖန်တီးပေးရေး စသည့်အလုပ်အကိုင်ပေါင်းမြောက်မြားစွာတို့ကိုလည်း ဖန်တီးပေးလို့ရပါကြောင်း၊ ယခုဆိုလျှင် မိမိတို့ မယ်စဲ့မြို့နယ် တွင် အကောက်ခွန်ရုံးများ၊ နယ်စပ် ကုန်သွယ်ရေးစခန်းများ၊ ကောင်/စစ်/စီရုံးများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား စိစစ်ရေးရုံး များလည်း ထားရှိပါကြောင်း၊ BP-13 လမ်းကို တရားဝင်ဖွင့်လှစ်ခွင့်ရသလို BP-14 လမ်းကိုလည်း တရားဝင်ဖွင့်လှစ်ပေးပါရန် ပြည်ထောင်စု အစိုးရကို လေးစားစွာ တောင်းဆိုပါကြောင်း၊ မယ်စဲ့မြို့နယ်ရှိ BP-14 နယ်စပ်ဂိတ်နှင့် ထိုင်းနိုင်ငံ၊ ဆောင်ဟိန်ကျေးရွာဂိတ်တို့ကို တရားဝင်ဖွင့်လှစ်ခွင့် ရမည်ဆိုလျှင် ခြောက်ညအိပ်ခုနစ်ရက် လည်ပတ်ခွင့်ကိုလည်း ပေးစေ လိုပါကြောင်း၊ မိမိတို့ မယ်စဲ့မြို့နယ်၊ ဟိုစဲ့ကျေးရွာ BP-14 နယ်စပ်ဂိတ်များ လုံခြုံမှု လည်းရှိပါကြောင်း၊ နိုင်ငံခြား ခရီးသွားဧည့်သည်များ လာလည်မယ်ဆိုလျှင်လည်း ဖြောင့်ဖြောင့် ဖြူးဖြူးနှင့် လည်ပတ်သွားလာ လို့ရပါကြောင်း၊ နိုင်ငံခြားဧည့်သည်များ များပြားလာခြင်းအားဖြင့် ပြည်တွင်းအခွန်အခများစွာ လည်းရရှိမည် လည်းဖြစ်ပါ ကြောင်း၊ အိမ်နီးချင်းထိုင်းနိုင်ငံများတွင် တည်ရှိနေသည့် ၎င်းတို့၏မြို့၊ ရွာလေးများသည် နိုင်ငံခြားများနှင့် ခရီးသွားလုပ်ငန်း မှရရှိလာ သည့် အခွန်အခဖြင့် ရပ်တည်နေသည်ကိုလည်း တွေ့မြင်ရပါကြောင်း၊ မိမိတို့ မယ်စဲ့မြို့နယ် BP-14 နယ်စပ်ဂိတ်ကို တရားဝင် ဖွင့်လှစ်ခွင့် ရမည်ဆိုလျှင် မယ်စဲ့မြို့နယ်သာမက ဖားဆောင်းမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ကယားပြည်နယ် ၏မြို့တော် ဖြစ်သည့် လွိုင်ကော်မြို့ပါမကျန် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်လည်း ဖြစ်ပါကြောင်း၊ ကယားပြည်နယ် သည် ကုန်းတွင်းပိတ် ပြည်နယ်တစ်ခု ဖြစ်ကြောင်း၊ ကုန်းတွင်းပိတ် ပြည်နယ်ဖြစ်သည့်အတွက် စီးပွားရေးတိုးတက်ကောင်းမွန်လာနိုင်အောင် နယ်စပ်ဝင်ပေါက်ဂိတ် ဖြစ်သည့် BP-14 နယ်စပ် ဂိတ်ကိုလည်း ထပ်မံ၍တိုးချဲ့ဖွင့်လှစ်ပေးစေချင်ပါကြောင်း၊ တစ်ဖက်တွင် လည်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း သည်လည်း တွင်တွင်ကျယ်ကျယ်နှင့် ဖြစ်မြောက်လာမည်လည်း ဖြစ်ပါကြောင်း၊ ယခုဆိုလျှင် ကယားပြည်နယ်တွင် ဟိုတယ်နှင့်ခရီးသွား လာရေး မြောက်မြားစွာရှိလာပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေး တွင်တွင်ကျယ်ကျယ်ခွင့်ပြုပေးလိုက်မည်ဆိုလျှင် တိုင်းပြည်နယ် အတွက် အခွန်အခ သာမက ပြည်နယ်အတွက်အခွန်အခပါ ရရှိလာမည်ဖြစ်သည့်အတွက် နှစ်နိုင်ငံ သွားလာခွင့်နှင့် ကုန်သွယ်ခွင့်ရရှိစေရန် မယ်စဲ့မြို့နယ် BP-14 ဟိုစဲ့နယ်စပ်ဂိတ်နှင့် ထိုင်းနိုင်ငံ၊ ဆောင်ဟိန်ကျေးရွာနှင့် နယ်စပ်ဂိတ်တို့ကို ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/ မရှိမေး မြန်း ပါသည်။
မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံအကြား နယ်စပ် ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူစာချုပ်အရ အပြည်ပြည်ဆိုင်ရာဝင်/ထွက်ပေါက်အဖြစ် တာချီလိတ်-မယ်ဆိုင်၊ မြဝတီ-မဲဆောက်၊ ကော့သောင်း-ရနောင်း၊ ထီးခီး-ဖူနာရွန်နယ်စပ်ဂိတ် လေးဂိတ် လက်မှတ်ရေးထိုးဖွင့်လှစ်ထားပါကြောင်း၊
ကိုယ်စားလှယ်တော်ကြီးတင်ပြခဲ့သည့် ကယားပြည်နယ်၊ မယ်စဲ့မြို့တွင်ရှိသည့် BP-14 ဝင်/ထွက် ပေါက်သည် လက်မှတ်ထိုးထား သည့်အထဲတွင် မပါရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ကယားပြည်နယ် နှင့်ဆက်စပ်လျက်တည်ရှိသည့် နယ်နိမိတ်တွင် တရားဝင်နယ်စပ်ဂိတ် ဖွင့်လှစ်ထား ရှိခြင်းမရှိသေးပါကြောင်း၊ သို့ရာတွင် ကယားပြည်နယ်အတွင်းတွင်ရှိသည့် ဒေသခံပြည်သူများနှင့် ထိုင်းနိုင်ငံ ဘက်သို့ ကူးသန်းသွားလာနိုင်ရေးအတွက် ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် နယ်နိမိတ် မှတ်တိုင်အမှတ်BP-13 နယ်စပ်ဂိတ်နှင့် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်ရှိ ဟွေ့တနွန်နယ်စပ် ဝင်/ထွက်ပေါက်ကို မြန်မာ-ထိုင်းနှစ်နိုင်ငံ ဒေသအာဏာပိုင်များ၏အစီအစဉ်အရ ဖြတ်သန်း ခွင့်ပြု လျက်ရှိပါကြောင်း၊
အဆိုပါ နယ်နိမိတ်မှတ်တိုင် BP-13 မှာ မယ်စဲ့-မယ်ဟောင်ဆောင်နယ်စပ်ဂိတ်ကို တရားဝင် ဖွင့်လှစ်နိုင်ရန် ကယားပြည်နယ်အစိုးရအဖွဲ့က တင်ပြလာသည့်အတွက် နိုင်ငံတော်အဆင့်အနေဖြင့် သံတမန်လမ်းကြောင်းမှ ညှိနှိုင်းဆောင်ရွက်သွားရန် လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုး ရေးကော်မတီမှ ဆုံးဖြတ်ခဲ့ပါကြောင်း၊ ၎င်းဆုံးဖြတ်ချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန မှတစ်ဆင့် ထိုင်းနိုင်ငံနှင့် တရားဝင်ဂိတ်ဖွင့်လှစ်နိုင်ရေးကို ညှိနှိုင်းဆောင်ရွက်ဆဲဖြစ်ပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း နယ်စပ်ကုန်သွယ်ရေးစခန်းများကို ဖွင့်လှစ်မည် ဆိုလျှင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုရှိခြင်း၊ ဒေသတွင်းလုံခြုံငြိမ်းချမ်းမှုရှိခြင်း၊ လမ်းပန်းဆက်သွယ်မှု ချောမွေ့ကောင်းမွန်ခြင်း၊ နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းအစီအစဉ်နှင့် ဘဏ်လုပ်ငန်း အစီအစဉ်များ ညှိနှိုင်းသဘောတူညီမှုနှင့် အခြေခံအဆောက်အဦများ ထူထောင်ပေးနိုင်မှုရှိခြင်း၊ ဒေသတွင်း စားသုံးမှုဖူလုံသည့်အပြင် ပိုလျှံမှုရှိပြီးမှ ပြည်တွင်းပြည်ပဈေးကွက်များသို့ရောင်းချနိုင်မည့် ကုန်စည်များရှိခြင်းနှင့် ဈေးကွက်ဖွံ့ဖြိုးမှုရှိခြင်း၊ အခြားပြည်နယ်/ တိုင်းဒေသကြီး များနှင့်လည်း ချိတ်ဆက်ပြီးမှ ကုန်စည်များကို တရားဝင်နည်းလမ်းဖြင့် ကူးသန်းရောင်းဝယ်ပြီး တိုက်ရိုက် သို့မဟုတ် တစ်ဆင့်ခံ ကုန်သွယ်ရောင်းချ မှုပြုနိုင်သည့် အခြေအနေရှိခြင်း၊ နယ်စပ်ကုန်သွယ်ရေး စခန်း ဖွင့်လှစ်မည့် နယ်စပ်ဒေသတွင် နှစ်နိုင်ငံနယ်နိမိတ် တိုင်းတာရေးကိစ္စ ရှင်းလင်းပြီးဖြစ်ကြောင်း သတ်မှတ်ချက်များနှင့်အညီ ကိုက်ညီမှုရှိ/မရှိကို ဦးစားပေးသုံးသပ်ပြီးမှသာ ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တင်ပြပြီးမှ ဖွင့်လှစ်နေခြင်းဖြစ်ပါကြောင်း၊
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၊ မယ်စဲ့မြို့အနောက်ဘက် ၇ မိုင်ခန့်အကွာ မိုင်တိုင်အမှတ်၊ ၃၄/၁ အနီးတွင် နယ်စပ်ကုန်သွယ်ရေးစခန်းကို ၂၀၁၅ ခုနှစ်ကပင် တရားဝင်ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါ နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်လှစ်ထားသည့်နေရာတွင် BP-13 မှ ၁၅ မိုင်၊ BP-14 မှ ၇ မိုင်ခန့် ကွာဝေးပြီးမှ လမ်းကြောင်းနှစ်ခုစလုံးကို ထိန်းချုပ်နိုင်မည့်နေရာတွင် ဖွင့်လှစ်ထားခြင်းဖြစ်၍ ကုန်သွယ်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
ကယားပြည်နယ်တွင် မြို့နယ် များစွာရှိသည့်အနက် ကုန်သွယ်ရေးပြုလုပ်ရန်အကောင်းဆုံးဖြစ်သည့် မယ်စဲ့မြို့နယ်ခွဲတွင် နယ်စပ် ကုန်သွယ်ရေးစခန်းကို ဖွင့်လှစ်ဆောင်ရွက်ပေးထားခြင်းဖြစ်ပြီးတော့မှ တစ်ဖက်နိုင်ငံအတွင်း ကူးသန်းသွားလာ၍ လမ်းကြောင်း ပိုမိုကောင်းမွန် သည့် BP-13 မှတစ်ဆင့် လူဝင်/လူထွက်နှင့် ကုန်သွယ်မှုလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် နီးကပ်စွာ တည်ရှိနေသည့် BP-14တွင်သီးခြားနယ်စပ်ဂိတ်နှင့် ကုန်သွယ်မှုလုပ်ငန်းများကို ထပ်မံဖွင့်လှစ် ဆောင်ရွက်ရန်မရှိပါကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ် ရေးဝန်ကြီးဌာနမှပေးပို့လာ ပါကြောင်း၊
ကယားပြည်နယ်အစိုးရအဖွဲ့ကလည်း ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်လှစ်နိုင်ပြီးမှ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်နှင့် နှစ်နိုင်ငံကူးလူးဆက်ခံနိုင်ရေးအတွက် နယ်စပ်စစ်ဆေးရေး ဂိတ်များ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ မြန်မာ-ထိုင်းနယ်စပ် BP-13 ၁ မိုင်ခန့်အားနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှဦးဆောင်၍ နယ်နိမိတ်တိုင်းတာသတ်မှတ်ပေးနိုင်ရေး (၃၃)ကြိမ် မြောက် နယ်ခြားကော်မတီအစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးပေးနိုင်ရန် တင်ပြထား သော်လည်း ယနေ့အထိ ထူးခြားမှုမရှိသေးပါသဖြင့် BP-14 နယ်စပ်ဂိတ်ဖွင့်လှစ်နိုင်ရေးမှာလည်း လတ်တလော အနေဖြင့် အစီအစဉ်မရှိသေးပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။
