(ဃ)-အင်းစိန်မြို့နယ်တွင် မြို့မရဲစခန်းအပြင် နယ်မြေရဲစခန်းခွဲအသစ်နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အား ထပ်မံတိုးချဲ့ ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၂၇.၁၁.၂၀၁၉)

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်စိန်မြို့နယ်သည် ခရိုင်ရုံးစိုက်ရာ မြို့ဖြစ်ခြင်း၊ ဧရိယာ ကျယ်ပြန့်ခြင်း၊ အထင်ကရ နေရာများ ရှိခြင်း၊ လူဦးရေ ထူထပ်သိပ်သည်းလာခြင်း၊ ဖွံ့ဖြိုး တိုးတက်လာခြင်း စသည်တို့ကြောင့် ရာဇဝတ်မှု ကြီး/ငယ်များ ပိုမိုများပြားလာခြင်း၊ ယာဉ်ကြော ပိတ်ဆို့မှုများ ပိုမိုများပြားလာခြင်းတို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အင်းစိန်မြို့မ ရဲစခန်းအပြင် နယ်မြေ ရဲစခန်းခွဲအသစ်တစ်ခုနှင့် ယာဉ်ထိန်းတပ်ဖွဲ့အင်အား ထပ်မံတိုးချဲ့ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရှိလျှင် မည်သည့်နေ့ရက် အချိန်များတွင် ပြုလုပ်ပေးမည်နည်းနှင့် မရှိလျှင် အဘယ်ကြောင့်နည်း သိရှိလိုသည့် မေးခွန်းဖြစ်ပါကြောင်း၊

အင်းစိန်မြို့နယ်သည် ခရိုင်ရုံးစိုက်ရာ မြို့နယ်ကြီး တစ်ခုဖြစ်သည့်အပြင် ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ မရမ်းကုန်းမြို့နယ်များ နှင့်ဆက်စပ်လျက် ရှိပါကြောင်း၊ ဧရိယာအကျယ်အဝန်းသည် ၁၃.၅၂၅ မိုင်ဖြစ်ပြီး လူဦးရေ နှစ်သိန်းရှစ်သောင်းကျော်နှင့် ရပ်ကွက်ပေါင်း ၂၁ ရပ်ကွက် ရှိပါကြောင်း၊ တိုင်းရင်းသား လူမျိုးပေါင်းစုံရှိပြီး တစ်နိုင်ငံလုံးကို ကိုယ်စားပြုသည့် ဘာသာရေး အဆောက်အဦများ၊ စာသင်ကျောင်းများ တည်ရှိရာနေရာ ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ အစိုးရလက်ထက်တွင် မြို့နယ်၏ တည်နေရာ အကျယ်အဝန်းသည် သိသိသာသာ ပြောင်းလဲခြင်း မရှိသော်လည်း စက်မှုဇုန်များ၊ အဆင့်မြင့် ဈေးကြီးများအပြင် ယခင် အစိုးရအဆက်ဆက်က ပိတ်ထားခံရသည့် နိုင်ငံ့ဂုဏ်ဆောင် ကျောင်းများလည်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည့်အတွက် အရှိန်အဟုန်ဖြင့် တိုးတက်နေသည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာသည့်အပြင် လူဦးရေလည်း ပိုမိုသိပ်သည်း များပြားလာခဲ့ပါကြောင်း၊ တစ်ဖက်တွင် ဘေးထွက်ဆိုးကျိုးဖြစ်သည့် ရာဇဝတ်မှုများလည်း ပိုမိုများပြားလာခဲ့ပါကြောင်း၊ ထို့ပြင် ရွှေပြည်သာစက်မှုဇုန်၊ လှိုင်သာယာ စက်မှုဇုန်များသို့ ကွန်တိန်နာကားများ ဝင်/ထွက်ရာ လမ်းကြောင်းပေါ်တွင် ရှိနေသည့်အတွက် ယာဉ်ကြော ပိတ်ဆို့မှုများလည်း ပိုမိုဖြစ်ပေါ်လျက် ရှိပါကြောင်း၊

၎င်းအခြေအနေကို ကျော်လွှားနိုင်ရန် အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ CSO၊ NGO များ၊ ပြည်သူများ ပူးပေါင်းပြီး လက်တွဲညီညီ ပူးပေါင်း ဆောင်ရွက်ခဲ့ပါသော်လည်း ဝန်နှင့်အား မျှခြင်း မရှိ အကန့်အသတ်ဖြင့်သာ ဆောင်ရွက်နိုင်သည့်အတွက် ကြိုးစားသလောက် ခရီးမရောက် ဖြစ်နေရပါကြောင်း၊ အထူးသဖြင့် မိမိတို့ အင်းစိန်မြို့နယ်သည် မြို့နယ်နှင့် ထိစပ်နေသည့် မင်္ဂလာဒုံလေယာဉ်ကွင်း၏ လုံခြုံရေးနှင့်အတူ မိမိတို့ အင်းစိန်မြို့နယ်တွင် ကမ္ဘာကျော်၊ နိုင်ငံကျော်အမှုများ မဖြစ်ခဲ့သော်လည်း ၎င်းအမှုများ၏ တရားခံများ ရုံးထုတ်ထားရာ အင်းစိန်ဗဟိုအကျဉ်းထောင် ရှိနေသည့်အပြင် အမှုများကို စစ်ဆေးသည့် ခရိုင်တရားရုံးသည် အင်းစိန်မြို့နယ်တွင် ရှိနေသည့်အတွက် လုံခြုံရေး လိုအပ်ချက်အပေါ် မူတည်ပြီး မြို့နယ်ရဲတပ်ဖွဲ့အင်အားနှင့် ယာဉ်ထိန်းအင်အားကို ဖွဲ့စည်းပုံပြည့် အင်အားဖြည့် ကြိုးစားနေရသည့်အတွက် အခြားတစ်ဖက်တွင် မြို့နယ်ပြည်သူလူထုများ၏ ဘဝလုံခြုံရေး၊ ယာဉ်ကြောပိတ်ဆို့မှု ရှင်းလင်းရေးတို့ကို တာဝန်ယူ ဆောင်ရွက်သည့်အချိန်တွင် အင်အားပြည့် မသုံးနိုင်သည့်အတွက် တရားဥပဒေစိုးမိုးရေးသည် တဖြည်းဖြည်း လျော့ကျလာပြီး အန္တရာယ်ရှိသည့် အခြေအနေသို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ ခံစားနေရသည့်အတွက် ပြည်သူများက မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မဲဆန္ဒရှင်သို့ ကွင်းဆင်းသည့်အခါတွင် လည်းကောင်း၊ လူကိုယ်တိုင်သော် လည်းကောင်း၊ စာဖြင့်သော်လည်းကောင်း၊ ဖုန်းဆက်၍ သော်လည်းကောင်း အမျိုးမျိုးတင်ပြ အကူအညီ တောင်းကြလာသည့်အတွက် အထူးသဖြင့် တယ်လီဖုန်း၊ ပိုက်ဆံအိတ်ဖြင့် အခြားရွှေ၊ ငွေ၊ ရတနာများကို နေ့/ည မရွေး လုယူခံနေရခြင်းသည် ပြည်သူများ ဆက်သွယ် အကူအညီ တောင်းနေသည့်အတွက် မြေပြင် အခြေအနေအမှန်ကို သိရှိနေရခြင်း ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁ ပုဒ်မခွဲ(က)တွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စသည့် မဏ္ဍိုင်ကြီး(၃)ရပ်ကို အတတ်နိုင်ဆုံး ပိုင်းခြားသုံးစွဲခြင်းဖြင့် အချင်းချင်း ပြန်လည်ထိန်းကျောင်းခြင်းပြုရန် ပြဋ္ဌာန်းထားပါကြောင်း၊ ဥပဒေပြုရေး မဏ္ဍိုင်သည် မိမိတို့ လွှတ်တော်ကို ယ်စားလှယ်များက သက်ဆိုင်ရာ မဲဆန္ဒရှင်ပြည်သူများ၏ ဘဝလုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ကိုယ်စားပြုဆောင်ရွက်ပေးရန် တာဝန်ရှိသည့်အတွက် ယခုမေးခွန်းကို မေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်ဟာ ဧရိယာစတုရန်းမိုင် ၁၃.၅၄ ကျယ်ဝန်းပြီး ရပ်ကွက် ၂၁ ရပ်ကွက်၊ အိမ်ခြေ ၄၈၈၀၂ အိမ်၊ အိမ်ထောင်စု ၅၉၃၁၀ စု၊ လူဦးရေ ၂၇၇၈၄ ဦး နေထိုင်လျက် ရှိပါကြောင်း၊ အင်းစိန်မြို့နယ်အတွင်း တညင်းကုန်းရပ်ကွက်၊ အောင်ဆန်း ရပ်ကွက်၊ စဉ့်ငူရပ်ကွက်တို့နှင့် စက်မှုဇုန်နယ်မြေများမှာ အခြေခံလူတန်းစားများဖြစ်သည့် ကျပန်းလုပ်ကိုင် စားသောက်သူများ၊ အခြားဒေသမှာ ဝင်/ထွက် သွားလာ နေထိုင်သူများ များပြားနေ ခြင်းကြောင့် ဥပဒေစိုးမိုးရေး လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူလူထု ပူးပေါင်းပါဝင်သည့် ရပ်ရွာအခြေပြု ရဲလုပ်ငန်းစနစ်ကို အဓိကထားပြီး ကျင့်သုံးဆောင်ရွက်လျက် ရှိပါကြောင်း၊ အင်းစိန်မြို့နယ်အတွင်း ၂၀၁၈ ခုနှစ်တွင် အမှုကြီး ၂၅ မှု၊ အခြားအမှု ၉၁၀ မှု ဖြစ်ပွားခဲ့ပြီး ကြိုတင်ကာကွယ်မှု ၁၉၉၂ မှုအား အရေးယူ ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ် အောက်တိုဘာလကုန်အထိ အမှုကြီး ၁၉ မှု၊ အခြားအမှု ၄၈၇ မှု ဖြစ်ပွားခဲ့ပြီး ကြိုတင်ကာကွယ်မှု ၂၃၀၅ မှုအား အရေးယူ ဆောင်ရွက်ခဲ့ပါကြောင်း၊ အမှု ဖြစ်ပွားမှု နှုန်းအရ ၂၀၁၈ ခုနှစ်မှာ လူဦးရေ တစ်သိန်းလျှင် အမှုကြီး ၉.၂၃ မှု၊ အခြားအမှု ၃၃၆ မှု၊ ၂၀၁၉ ခုနှစ် အောက်တိုဘာလကုန်အထိ လူဦးရေတစ်သိန်းလျှင် အမှုကြီး ၇.၀၁ မှု၊ အခြားအမှု ၁၇၉.၈၄ မှု ဖြစ်ပွားခဲ့ကြောင်း စစ်ဆေး တွေ့ရှိရပါကြောင်း၊ အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ အင်းစိန်မြို့မ ရဲစခန်းတို့တည်ရှိပြီး ဖွဲ့စည်းပုံအင်အားသည် အရာရှိ ၁၉ ဦး၊ အခြားအဆင့် ၇၇ ဦး စုစုပေါင်း ၉၆ ဦးဖြစ်သော်လည်း လက်ရှိမှာ အရာရှိ ၂၈ ဦး၊ အခြားအဆင့် ၈၀ ဦး စုစုပေါင်း ၁၀၈ ဦးတို့ဖြင့် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ မှုခင်းကျဆင်းရေး လုပ်ငန်းတာဝန်များ ဆောင်ရွက်လျက် ရှိပါကြောင်း၊ အမှတ်(၆၉) ယာဉ်ထိန်းတပ်ဖွဲ့စု အင်းစိန်မြို့နယ်တွင် ဖွဲ့စည်းပုံ ခွင့်ပြုအင်အား ၃၆ ဦးရှိပြီး လက်ရှိမှာ ၂၉ ဦး ချထား ပြီးဖြစ်၍ ဖွဲ့စည်းပုံအင်အား၏ ၈၀.၅၆ ရာခိုင်နှုန်းဖြင့် တာဝန်ထမ်းဆောင်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် နိုင်ငံတော်၏ လိုအပ်ချက်အရ တိုးချဲ့ဖွဲ့စည်းသည့် တပ်ဖွဲ့များ၊ လေ့ကျင့်ရေးကျောင်းများ အတွက်လည်း အင်အားများ ဖြည့်တင်းဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့အင်အား ဖွဲ့စည်းပုံတွင် အရာရှိ၊ အခြားအဆင့် စုစုပေါင်း ၁၇၅၂၁၁ ဦးဖြစ်ပြီး လက်ရှိတွင် အရာရှိ၊ အခြားအဆင့် စုစုပေါင်း ၈၄၄၈၆ ဦးရှိသည့် အတွက် ဖွဲ့စည်းပုံအင်အား၏ ၄၈.၂၂ ရာခိုင်နှုန်းသာရှိသော်လည်း အင်းစိန် မြို့နယ်ရဲတပ်ဖွဲ့သို့ ဖွဲ့စည်းပုံအင်အားထက် ၁၂.၅ ရာခိုင်နှုန်း ကျော်လွန်ဖွဲ့ စည်းပေးပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖွဲ့စည်းပုံအင်အား ပြည့်မီမှသာလျှင် နယ်မြေရဲစခန်းသစ် ထပ်မံတိုးချဲ့ဖွဲ့စည်းပေး နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အင်းစိန်မြို့နယ် နယ်မြေလိုအပ်ချက်အရ ရဲတပ်ဖွဲ့ဝင်များကို ဖွဲ့စည်းပုံအင်အားထက် ပိုမိုဖြည့်တင်းထားရှိပြီးဖြစ်၍ နယ်မြေရဲစခန်းသစ် ဖွင့်လှစ်ပေးရန် အစီအစဉ် မရှိသေးပါကြောင်းနှင့် အမှတ်(၆၉) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု အင်းစိန်မြို့နယ်အတွက် လတ်တလော အင်အားဖြည့်တင်းပေးနိုင်ခြင်း မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးမောင်မောင် ဦး(အင်းစိန် မဲဆန္ဒနယ်)မှဆက်စပ်မေးခွန်းမေးမြန်းပါသည်။

မိမိတွင် အချက်အလက်များ အကုန်ရှိပါကြောင်း၊ ကျွန်တော်တို့ နားလည်ပါကြောင်း၊ ဒုတိယဝန်ကြီး ပြောသွားသည့်အတိုင်းဖြစ်ကြောင်း၊ အင်းစိန်မြို့နယ်ကို အင်အားများ ဖြည့်ဆည်းပေးထားခြင်းသည် ဟုတ်ပါကြောင်း၊ သို့သော် အင်းစိန်မြို့နယ်တွင် မိမိ တင်ပြခဲ့သည့်အတိုင်း ဖြစ်ကြောင်း၊ အဓိက အင်းစိန် ဗဟိုအကျဉ်းထောင်ကြီး ရှိသည့်အပြင် ကမ္ဘာကျော်အမှုများ မိမိတို့အင်းစိန်မြို့နယ်တွင် ခရိုင်ရုံးက ဖြေရှင်းဆောင်ရွက်နေရပါကြောင်း၊ ထို့အတူ မင်္ဂလာဒုံလေယာဉ်ကွင်းကို မိမိတို့မှ အင်အား အပြည့်ပေးနေရသည့်အတွက် မိမိတို့ အင်းစိန်မြို့နယ်တွင် အင်းအားများ ဖြည့်တင်းထားသော်လည်း ၎င်းအင်အားများကို ထိထိရောက်ရောက် အသုံးမချနိုင်ပါကြောင်း၊ ဥပမာ-မိမိ တင်ပြထားသည့်အတိုင်း ကြည့်မယ်ဆိုပါက မိမိတို့တွင် ၂၁ ရပ်ကွက် ရှိပါကြောင်း၊ နယ်ထိန်းက ၁၃ ယောက်သာ ချပေးနိုင်ပါကြောင်း၊ တစ်ရပ်ကွက်ကို တစ်ယောက်မျှ မချပေးနိုင်သည့် အခြေအနေ ဖြစ်နေပါကြောင်း၊။ ၎င်းသည် ၂၄ နာရီ တာဝန်ထမ်းဆောင်ရမည့် အခြေအနေဖြစ်ပါကြောင်း၊ ပြန်ကြည့်မည်ဆိုပါက တကယ်တမ်း လှုပ်ရှားနေသည့် အင်အားသည် တညင်းကုန်း ရဲကင်းတွင် သုံးယောက်၊ နယ်ထိန်းက ၁၃ ယောက်၊ လှည့်ကင်းလေးယောက် အားလုံးပေါင်း ရဲအယောက် ၂၀ သာ မိမိတို့ မြို့နယ်ထဲတွင် တကယ်တမ်း လှုပ်ရှားနိုင်သည့် အခြေအနေသာ ရှိပါကြောင်း၊ ကျန်သည့် လူများသည် ရုံးထိုင် နေရသည့် အခြေအနေ ရှိပါကြောင်း၊ ထို့ကြောင့် ဒုတိယဝန်ကြီးအနေဖြင့် မိမိတို့ အင်းစိန်မြို့နယ်၏ အခက်အခဲ မြေပြင်အခြေအနေအမှန်ကို မိမိလွှတ်တော် ကိုယ်စားလှယ်တစ်ယောက်အနေဖြင့် သိသာထင်ရှားစေရန် တင်ပြထားပြီး ဖြစ်သည့်အတွက် ၎င်းကိစ္စနှင့် ပတ်သက်ပြီး ပြန်လည်စဉ်းစားသုံးသပ် ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ  မေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ

မိမိတို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တစ်နိုင်ငံလုံးနှင့်ယှဉ်ပြီး လုပ်ငန်းများ တာဝန်ထမ်းဆောင်သည့် အချိန်တွင် ပြည်တွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးကို အဓိက တာဝန်ယူသည့် အဖွဲ့အစည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံးတွင် ရှိသည့် မြို့နယ်များ အားလုံးနှင့်ယှဉ်ပြီး ဆောင်ရွက်ရသည့် အနေအထား ဖြစ်ပါကြောင်း၊ ထို့ကြောင့် အင်းစိန်တစ်မြို့နယ်တည်း မဟုတ်ကြောင်း၊ ကျန်သည့် မြို့နယ်များကို ပြန်ကြည့်မည်ဆိုပါက အင်အားအရ မိမိတို့၏ ရာခိုင်နှုန်းသည် ၄၈.၂၂ ရာခိုင်နှုန်းသာ ရှိပါကြောင်း၊ ဖွဲ့စည်းပုံပြည့်လာပါက နောက်ပိုင်းတွင် အင်အားဖြည့်ဆည်းရန်အတွက် မိမိတို့ ဆက်လက်ဆောင်ရွက်နေပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်နိုင်သည့် အခြေအနေမျိုးတွင်ဖြစ်ပါက ထပ်မံ ဖြည့်တင်းပေးရန် မိမိတို့အနေဖြင့် စဉ်းစားပေးနိုင်ပါကြောင်း၊ လက်ရှိအနေအထားတွင် ကျန်သည့် နေရာများတွင် အင်အားဖြည့်တင်းရသည့် အနေအထားဖြစ်သည့်အတွက် လောလောဆယ်တွင် မိမိ ဖြည့်တင်းပေးနိုင်ခြင်း မရှိသေးကြောင်း ဖြေကြားပါသည်။