(က)-မွန်ပြည်နယ်၊သံဖြူဇရပ်နှင့်ရေးမြို့နယ်နယ်စပ် သပြေချောင်းတံတားတစ်စင်းတည်ဆောက်ပေးနိုင် ရန်၊ကော့လေးကျေးရွာနှင့်ထင်းရူးကျေးရွာကြားကတ္တ ရာလမ်းနှင့်ဝဲကလောင်ကျေးရွာမှကော့လေးကျေးရွာ သို့ကတ္တရာထပ်ပိုးလွှာခင်းပေးနိုင်ပါရန်အစီအစဉ်ရှိ/ မရှိနှင့်စပ်လျဉ်းသည့် မေးခွန

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၆၂)ရက်မြောက်နေ့ (၁၁.၆.၂၀၁၅)

ဦးသိန်းအောင် (သံဖြူဇရပ်) မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တောင်ပိုင်းရှိ သံဖြူဇရပ်နှင့် ရေးမြို့နယ် ၂၂ မိုင်ရှိရွာချင်း ဆက်လမ်းသည် ပြည်သူများသွားလာလွယ်ကူစေရန် နယ်စပ်သပြေချောင်း တံတားတစ်စင်းတည် ဆောက်ပေးရန်၊ တံတားသည် ယခုလက်ရှိတံတားလမ်းပေါ်တွင် ယင်းသို့သွားလာနေရပါကြောင်း၊ ၎င်းလမ်းတံတားမှ ရထားမသွားရဘဲနှင့် လမ်းတံတားတစ်ခု တည်ဆောက်ပေးနိုင်ရန် တင်ပြထားပါကြောင်း၊ တစ်ခုမှာ၂၁ မိုင်လမ်းရှိ ထင်းရူးနှင့် ကော့လေးကြားတွင် ၁ မိုင် နှင့် ၆ ဖာလုံကျန်၍ ကျန်သည့်အပိုင်းကို ကိုယ်ထူကိုယ်ထနှင့် ကတ္တရာခင်းထားပြီးသားဖြစ်ပါကြောင်း၊ ထို ကွက်လပ် ၁ မိုင်နှင့် ၆ ဖာလုံကို ကတ္တရာလမ်းထပ်ခင်းပေးဖို့တောင်းဆိုချင်ပါကြောင်း၊ နောက်တစ်ခုက သံဖြူဇရပ်မြို့နယ်၊ ဝဲကလောင်မှ ကော့လေးသို့ ယခင်ကတ္တရာလမ်း ပျက်စီးနေပြီး ထပ်ပိုးလွှာထပ်ခင်းပေးရန်နှင့် သံဖြူဇရပ်မြို့နယ် နယ်စပ် သပြေချောင်းတံတားတစ်စင်း တည်ဆောက် ပေးနိုင်ရန် သံဖြူဇရပ်မြို့နယ်၊ ကော့လေးနှင့်ထင်းရူးရွာကြား ၁ မိုင် ၆ ဖာလုံရှိ ကတ္တရာလမ်းတစ်ခု တည်ဆောက်ပေးနိုင်ရန် နှင့်အတူ ပြန်လည်ပြုပြင်တည်ဆောက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။


 

ဖြေကြားသူ
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးတင်ငွေ
အဖြေ

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးတင်ငွေမွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်နှင့်ရေးမြို့နယ်ဆက်သော ပင- ကရုပ္ပိ- ကော့လေး- ထင်းရူး- ကျောင်းရွာ- အနင်း- နှစ်ကရင် ကျေးလက်လမ်းပေါ်တွင်ရှိသော သပြေချောင်းတံတားသည် လက်ရှိအနေဖြင့် (၉၅ ပေ x ၁၂ ပေ)ရှိပါကြောင်း၊ ပြန်လည်ပြီး တည်ဆောက်မည်ဆိုလျှင် (၁၅၀ ပေ x ၁၄ ပေ) တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ ၎င်းကားလမ်းကို RC၊ သံကူကွန်ကရစ်တံတားအသစ် တည်ဆောက်မည်ဆိုလျှင် ကျပ်သန်း ၁၅၀ ခန့် ကုန်ကျမည်ဟု ခန့်မှန်းပါကြောင်း၊ သံဖြူဇရပ်မြို့နယ် ကော့လေး- ထင်းရူးကျေးရွာချင်းဆက် လမ်းမှာ လက်ရှိအခြေအနေသည် ဂဝံလမ်းဖြစ်ပါကြောင်း၊ ၁ မိုင် နှင့် ၆ ဖာလုံရှိပါရှိပြီး ဝဲကလောင်- ကော့လေး ကျေးရွာချင်းဆက်လမ်း၏ လက်ရှိအခြေအနေမှာ ၅ မိုင် ရှိပြီး ရွာချင်းဆက်လမ်း ၄ မိုင်မှာ ပျက်စီးနေသည်ဖြစ်သည့်အတွက် ကတ္တရာလမ်း ထပ်ပိုးလွှာ တင်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ကော့လေး- ထင်းရူး ကျေးရွာချင်းဆက်လမ်း ဂဝံလမ်းအရှည် ၁ မိုင် နှင့် ၆ ဖာလုံကို ကတ္တရာခင်းမည်ဆိုပါက ခန့်မှန်းကုန်ကျငွေ ၁၈၅.၈၅ သန်းခန့် ကုန်ကျမည်ဖြစ်ပြီး မိမိတို့ ဝဲကလောင်- ကော့လေးလမ်းအရှည် ၄ မိုင်ကို ထပ်ပိုးလွှာတင်မည်ဆိုလျှင် ၂၆၇.၇၆ သန်း စုစုပေါင်း လမ်းနှစ်လမ်းနှင့် သပြေချောင်းတံတား စုစုပေါင်း ၆၀၃.၆၁ သန်းခန့် ကုန်ကျမည်ဟုခန့်မှန်းပါကြောင်း၊ အဆိုပါတံတားသည် ကျေးရွာ ၂၀၊ အိမ်ခြေ ၇၂၀၀ ကျော်ရှိပြီး ပြည်သူလူထု ၄၁၀၀၀ ကျော်ကို အကျိုးပြုသည့် လမ်းတံတားလည်းဖြစ်ပါကြောင်း၊

မွန်ပြည်နယ်အတွင်းတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၁၅-၁၆ ယခုဘဏ္ဍာရေးနှစ် ရန်ပုံငွေ ၄၈၄၅.၇၂၂ သန်းအနေဖြင့် လမ်းတံတားလုပ်ငန်းများကို ခွင့်ပြုထားခြင်းဖြစ်ပါကြောင်း၊ သံဖြူဇရပ်မြို့နယ်အနေနှင့် တင်ပြရမည်ဆိုပါက သံဖြူဇရပ် မြို့နယ်အတွင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေ ခွင့်ပြုထားသည်မှာ ၇၂၆.၇၈ သန်းဖြစ်ပါကြောင်း၊ ကတ္တရာလမ်းနှင့် မြေသားလမ်း၊ ကွန်ကရစ်တံတားများဆောက်လုပ်ရန် ဖြစ်ပါကြောင်း၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ လမ်းနှစ်လမ်းနှင့် တံတားတစ်စင်းတို့သည်  မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် လျာထားထားခြင်း မရှိသေးပါကြောင်း၊ လတ်တလော ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဦးစားပေးအစီအစဉ်အတိုင်း မှတ်သားဆောင်ရွက် ပေးလျက်ရှိပါကြောင်း ဖြင့် ရှင်းလင်းဖြေကြားပါသည်။