(ဂ)-ကစ္စပနဒီ(ကုလားတန်)မြစ်ကူးတံတားကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ဆောင်ရွက်စီစဉ် ထားသော်လည်း ယခုတိုင် မဆောက်လုပ်နိုင်ခြင်းကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ (၂၅.၁၁.၂၀၁၉)

 

ပေါက်တော-ပုဏ္ဏားကျွန်းမြို့ကိုဖြတ်၍ ဆောက်လုပ်မည့် ကစ္စပနဒီတံတား (ကုလားတန်) မြစ်ကူး တံတားကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ဆောင်ရွက်ရန် စီစဉ်ထားသော်လည်း ယခုတိုင်ဆောက်လုပ်နိုင်ခြင်းမရှိသေးသည်ကို သိလို၍ဖြစ်ပါကြောင်း၊ ၎င်းမေးခွန်းနှင့် ပတ်သက်သည့် မိမိရည်ရွယ်ချက်မှာ ကစ္စပနဒီတံတား(ခေါ်) ကုလားတန်မြစ်ကူးတံတား တည်ဆောက်ရန်အလို့ငှာ ကွင်းဆင်းတိုင်းတာခြင်း၊ စီမံကိန်းဖြစ်မြောက်နိုင်စွမ်း(Feasibility study)လုပ်ငန်းများ ဆောင်ရွက် ခြင်း၊ ခန့်မှန်းကုန်ကျစရိတ်(Estimate)များ တွက်ချက်ခြင်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များက လွှတ်တော် တွင်သော်လည်းကောင်း၊ အခြားနေရာများတွင်သော်လည်းကောင်း လူသိရှင်ကြားတရားဝင် ပြောကြားခြင်း စသဖြင့် အစစအရာရာဆောင်ရွက်ပြီးသော်လည်း ယခုတိုင် လုပ်ငန်း မစတင်နိုင် ဘဲရှိနေသည်မှာ ဘဏ္ဍာရေးအခက်အခဲကြောင့်လား၊ နည်းပညာ အခက်အခဲ ကြောင့်လားဆိုသည်ကို သိလို၍ဖြစ်ပါကြောင်း၊

မိမိအနေဖြင့် ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၄-၂-၂၀၁၅ ရက်နေ့တွင် ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်မှမေး၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်၏ဖြေကြားချက်ကို လည်းကောင်း၊ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ၄-၈-၂၀၁၆ ရက်နေ့တွင် မိမိမှမေး၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းခိုင်၏ ဖြေကြား  ချက်ကို လည်းကောင်း ကောက်နုတ်ကိုးကားတင်ပြလိုပါကြောင်း၊ ၎င်းတံတားကြီးကိုဆောက်လုပ်ရေး အတွက် မိမိတို့က ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ရန် အစီအစဉ်လုပ်ထားသော် လည်း Feasibility Study နှင့် Design များသေချာမှုမရှိသည့်အတွက် ဆောက်လုပ်နိုင်ခြင်းမရှိဘဲ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင်စတင်ပြီး ရန်ပုံငွေလျာထားပြီး ဆောက်လုပ်ရန်စီစဉ်ထား ပါကြောင်း၊ ထို့အပြင် ပြည်ပနိုင်ငံများအကူအညီရရှိရန်လည်း အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရန် ရှိပါကြောင်း၊ နောက်တစ်ချက်က ခန့်မှန်းကုန်ကျစရိတ်တန်ဖိုးသည် တံတားလုပ်ငန်းအနေဖြင့် ကျပ်သန်းပေါင်း ၈၄,၀၈၀ ဘီလီယံ၊ လမ်းလုပ်ငန်းအနေဖြင့် ကျပ်သန်း ပေါင်း ၄,၀၀၀ စုစုပေါင်းခန့်မှန်းခြေတန်ဖိုးကျပ်သန်းပေါင်း ၈၄,၀၀၀ ကုန်ကျမည်ဖြစ်သည့်အတွက် လုပ်ငန်းပမာဏ အင်မတန်ကြီးမားသောလုပ်ငန်းဖြစ်သည့်အကြောင်း တင်ပြလိုပါကြောင်း၊

ထို့အပြင် စစ်တွေမှ ရန်ကုန်သို့သွားသည့် နေရာတွင် လက်ရှိလမ်းဖြစ်သည့် ပုဏ္ဏားကျွန်း-ပေါက်တော-ကျောက်တော်-မြောက်ဦး-မင်းပြား-နရမ်းလမ်းဆုံအပိုင်းဟာဆိုရင် ၈၆ မိုင် ကွာဝေးပါ ကြောင်း၊ ပုဏ္ဏားကျွန်းမှ လမ်းအသစ်ဖောက်လုပ်၍ ယခုတင်ပြသည့် ကစ္စပနဒီတံတားကြီးဖြင့် ဖြတ်သန်းလိုက်မည်ဆိုလျှင် ပုဏ္ဏားကျွန်း-ပေါက်တော-မင်းပြား-နရမ်းလမ်းထိ မိုင် ၄၀ ကွာပါ ကြောင်း၊ တစ်နည်းအားဖြင့် မိုင် ၄၀ သွားရသည့်အတွက် ၄၆ မိုင်ခန့် ကျုံ့သွား ခြင်းဖြစ်ပါကြောင်း၊ တံတား၏အရေးပါမှုကိုလည်း မိမိတို့ဌာနအနေဖြင့် အစဉ်အမြဲ၊ အမြဲတမ်းကြိုးပမ်း၍ ဖြစ်နိုင်သည့် နည်းလမ်းများကို စဉ်းစားနေပါကြောင်း၊

ဆောက်လုပ်ရေးဝန်ကြီးဌာန ယခုရှိနေသည့် ဒုတိယဝန်ကြီးအနေဖြင့် အိန္ဒိယကကမ်းလှမ်းလာသည့် အစီအစဉ်ကြောင့် ပုဏ္ဏားကျွန်းမှ မင်းပြားသို့ ဖောက်လုပ်မယ့်လမ်းကို ငါးနှစ်စီမံကိန်းအတွင်းတွင် ပါမည်ဆိုသည့်အကြောင်း တင်ပြလိုပါကြောင်း၊ ၎င်းလမ်းကိုဖောက်ခြင်းအားဖြင့် အကျိုးကျေးဇူး မှာကစ္စပနဒီလမ်းသစ်ဖောက်လျှင် ရေပတ်လည်ဝိုင်းပြီး ချောင်ပိတ်နေသည့် ပေါက်တောမြို့နယ် သည် ထွက်ပေါက်ရသွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လျင်လျင်မြန်မြန် ဖွံ့ဖြိုးတိုးတက်သွားမည် ဖြစ်ကြောင်း၊ နောက်တစ်ဆင့်အနေဖြင့် ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တောမြို့ ကိုဖျက်၍ နယ်စပ်အရောက်သွားနိုင်သည့် အတွက် မဟာဗျူဟာလမ်းတစ်လမ်းရမည်ဖြစ်ပါကြောင်း၊ ထို့နောက် ပေါက်တောမြို့နယ်မှ ကုလားတန်မြစ် ကိုဆန်တက်ပြီး ကျောက်တော် မှပြန်ဆင်းလာ သည့် အခါတွင် မိုင် ၁၀၀ ကျော် စစ်တွေသို့ ရောက်ရန်အလှမ်းဝေးနေပါကြောင်း၊

ကုလားတန်မြစ်ကို မိုးတွင်းကာလဖြတ်ကူးပြီး စစ်တွေကို သွားရာတွင် အင်မတန်အန္တရာယ် များပါကြောင်း၊ ၁၉၇၀ ခုနှစ်က စက်လှေတစ်စင်းလုံးမှောက်၍  လူ ၅၀ ခန့်မြို့သူမြို့သားများ သေဆုံးဖူးပါကြောင်း၊ ပေါက်တောမှစထွက်မည်ဆိုပါက ကျောက်တော်ကို ပတ်သွားရမည့် အနေအထားရှိပါကြောင်း၊ တံတားအသစ်ဆောက်လိုက်ပါက မိုင် (၃၀) ခန့်သာရှိ၍ အားလုံး အဆင်ပြေမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လုပ်ဆောင်ပေးရန်အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်မှုဖွံ့ဖြိုး တိုးတက်စေရန်အတွက် လမ်း/တံတားများကို ဖောက်လုပ်တည်ဆောက်လျက်ရှိပြီး ဦးစားပေး အစီအစဉ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရန်အတွက် လမ်းပန်းဆက်သွယ်မှု အရေးပါမှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်၏ သဘာဝအရင်းအမြစ်ဖြစ်သည့် ပင်လယ်ကမ်းရိုးတန်းကိုအမှီပြုပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာ အများဆုံးဖြစ်ပါကြောင်း၊ ငပလီကဲ့သို့လှပသောပင်လယ်ကမ်းခြေများသည် ငပလီနှင့်ကမ်းသာယာကြားတွင်လည်းကောင်း၊ ကမ်းသာယာနှင့် ဂွကြားတွင်လည်းကောင်း၊ ဂွနှင့် ကျောက်ချွန်ကြားတွင်သော်လည်းကောင်း များစွာရှိပါကြောင်း၊ သို့သော်လည်း ၎င်းနေရာသည် မဖွံ့ဖြိုးခြင်း အကြောင်းအရင်းနှင့် လမ်းပန်းဆက်သွယ်ရေးကြောင့်ဖြစ် ပြီး လမ်းပန်း ဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုကိုဦးစားပေးပြီး မိမိတို့ပထမဦးဆုံး စီမံချက်များ ရေးဆွဲခဲ့ပါကြောင်း၊

ယခုအချိန်တွင် ချောင်းသာ၊ ငွေဆောင်တို့တွင် ပိတ်ရက်များတွင် လူပြည့်ကျပ်နေသည့် ကိစ္စသည် လမ်းပန်းဆက်သွယ်ရေးကြောင့်ဖြစ်ပါကြောင်း၊ တခြားနေရာများသွားရန်ခက်သည့်အချိန်တွင် ချောင်းသာနှင့် ငွေဆောင်တွင် ပြည့်ကျပ်နေသည့်အနေအထားမျိုးရှိပါကြောင်း၊ ထို့ကြောင့် စစချင်းတွင် ရန်ကုန်မှငပလီကို ၁၅ နာရီခန့် မောင်းရပါကြောင်း၊ နာရီလျှော့ချရန် အရင်ဆုံး ဆောင်ရွက်ရာတွင် ယခု သုံးနှစ်အတွင်း ဂွနှင့် သံတွဲကြားရှိတောင်များကို ခရုပတ်လမ်းအတိုင်း သွားရာက တောင်များကို အလယ်ကခွဲပြီး တောင် ၁၀ လုံးကို Dobule Cutting ခွဲလိုက်ပြီး ဆောင်ရွက်လိုက်ပါကြောင်း၊ တောင်ကျော်လမ်းအနေဖြင့် ယခု၎င်းနေရာတွင် အဓိကက ရန်ကုန်မှ ငပလီကိုခုနစ်နာရီဖြင့်ရောက်အောင်သွားနိုင်ပါက ချောင်းသာနှင့် ငွေဆောင်တွင် သွားနေသော ပြည်သူများတချို့တဝက်သည် ဂွနှင့် ကမ်းသာယာ၊ ငပလီ တို့ကိုမျှပြီးရောက်သွားမည်ဆိုပြီး မိမိတို့က ခုနစ်နာရီနှင့့်ရောက်ရန်အတွက် Planning များချ ဆောင်ရွက်ခဲ့ရာတွင်  ADB က ရန်ကုန်-ပုသိမ်လမ်းကို ချေးငွေအကူအညီပေးသလို ဂွ-ငါးသိုင်းချောင်းလမ်းကို JICA က အကူအညီပေးထား ပါကြောင်း၊

ဗေဒါမှ သံတွဲအထိ World Bank က ယခုချေးငွေများပေးထားပါကြောင်း၊ World Bank ချေးငွေ၊ JICA ချေးငွေနှင့် ADB ချေးငွေများဖြင့် ဆောင်ရွက်သည့်လုပ်ငန်းအားလုံး ပြီးသွားပါက ရန်ကုန်မှ ခုနစ်နာရီအတွင်း ငပလီကိုရောက်မည်ဖြစ်ပြီး ဂွ-ကမ်းသာယာ စသည့်ကမ်းခြေများကို ဒီထက်ပိုတို တောင်းသည့်အချိန်တိုအတွင်း ရောက်သွားမည်ဖြစ်သည့်အတွက် ရခိုင်ပြည်နယ်၏ လမ်းပန်း ဆက်သွယ်ရေးများနှင့်ပတ်သက်ပြီး ပထမဦးဆုံးလမ်းကြောင်းကြီးဖြစ်ပါကြောင်း၊ ဒုတိယ လမ်းကြောင်းက မင်းဘူး-အမ်း-စစ်တွေလမ်းကြောင်းသည် ရခိုင်ပြည်နယ်၏ အဓိကဝင်ပေါက်ကြီး ဖြစ်ပါကြောင်း၊ ၎င်းလမ်းကြောင်းကလည်း စစချင်းတွင် ၁၅ နာရီခန့်ယာဉ်မောင်းချိန်သွားနေ သည့်အချိန်ကကြားထဲတွင် မင်းဘူး-အမ်းလမ်းရှိ ၉၇ မိုင်တွင်ရှိသည့်တောင်များကို ဖျက်ချခြင်း၊ အမ်းနှင့် စစ်တွေကြားကိုလည်း ၁၈ ပေအကျယ် ကွန်ကရစ်လမ်း၊ ကတ္တရာလမ်းများခင်းခြင်းတို့ ဆောင်ရွက်ခဲ့သည့်အတွက်ကြောင့် ယနေ့အချိန်အခါတွင် ယာဉ်မောင်းချိန် ၁၂ နာရီခန့်ဖြင့် မင်းဘူးမှ စစ်တွေကိုရောက်ရှိပြီးဖြစ်ပါကြောင်း၊

ငါးနှစ်တာကာလပြီးသွားပါက ကိုးနာရီနှင့့်ရောက်ရန်အတွက် ရည်ရွယ်ချက်များ၊ စီမံချက်များ ရှိပါကြောင်း၊ အဓိကက တစ်လမ်းမောင်းများဖြစ်နေသော ဘေလီတံတားများရှိပါကြောင်း၊ အားလုံးကို နှစ်လမ်းသွားတံတားများအဖြစ် ၎င်းငါးနှစ်အတွင်း ပြောင်းလဲမည့်စီမံချက်များရှိသလို တစ်လမ်းသွားဖြစ်နေသော ၁၂ ပေ လမ်းအားလုံးကိုလည်း ၁၈ ပေလမ်းများအဖြစ်ပြောင်းရန် စီမံချက်များချထားပြီး ၎င်းငါးနှစ်ပြီးသွားပါက မင်းဘူးမှစစ်တွေကို ကိုးနာရီနှင့်ရောက်အောင် မောင်းနိုင်ရန် စီမံချက်များကိုရေးဆွဲပြီး တစ်ဆင့်ချင်းတံတားများကိုလည်း အဆင့်မြင့်ရန်၊ ယခုဆိုလျှင်လည်း ဒါးလက်ချောင်းတံတားကြီးကပြီးနေပြီဖြစ်ပြီး ဖွင့်ပွဲသာမလုပ်ရသေးပါကြောင်း၊ တိမ်ညိုတံတားကြီးလည်း ပြီးစီးနေပြီဖြစ်ပါကြောင်း၊ ယခင်က ဘေလီတံတားနှင့် တစ်ဖက်က တစ်စင်းလာနေပါက တစ်ဖက်ကအကြာကြီးစောင့်နေရသည့်တံတားများသည် ယခုပြီးစီးနေပြီဖြစ် ကြောင်းကိုလည်း ကိုယ်စားလှယ်တော်ကြီးများအသိ ဖြစ်ပါကြောင်း၊

တစ်ဖက်တွင် ပြည်-တောင်ကုတ်လမ်း ၁၀၂ မိုင်ကိုလည်း မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြန်လည် သိမ်းယူပြီး ယခုအဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုး တိုးတက်လာရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အစိုးရသစ်သုံးနှစ်ခွဲတာကာလအတွင်း ရခိုင်ပြည်နယ်အတွင်းတွင် မိုင် ၃၇၀ ခန့်ကို ကွန်ကရစ်လမ်း၊ ကတ္တရာလမ်းအဖြစ် ၁၈ ပေလမ်းများ အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊

တံတားကြီးများအနေဖြင့် ပေ ၁၈၀ အထက်တံတားများကိုသာ အမ်း-စစ်တွေလမ်းပေါ်ရှိ ဒါး လက်ချောင်း တံတား၊ တိမ်ညိုတံတား၊ ကြပ်စင်တံတား၊ ဆတ်ရိုးကျတံတား တို့ကိုဖွင့်လှစ် တည်ဆောက်ပြီး ပြည်သူများကိုဖြတ်သန်းခွင့်ပြုထားပါကြောင်း၊ ဖွင့်ပွဲတောင်မလုပ်ရသေးပါ ကြောင်း၊ ပုဏ္ဏားကျွန်း-ရသေ့တောင်လမ်းနှင့် ရသေ့တောင်-ဘူးသီး တောင်လမ်းပေါ်တွင်လည်း တောဖျားချောင်းတံတား၊ ထွန်းရဝေတံတား၊ ရသေ့တောင်တံတား၊ သောင်ဒရားတံတား၊ စိုင်တင်တံတားနှင့် ပန်ဇင်းချောင်းတံတားတို့ကို တည်ဆောက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ အစိုးရသစ် လက်ထက်တွင် တိုးတက်လာသည့်တံတားများဖြစ်ပါကြောင်း၊  ယခုလက်ရှိအချိန်တွင်လည်း အမ်း-စစ်တွေလမ်းပေါ်တွင် ရာမောင်ကြိုးတံတားက Load Limit က ကားငယ်လေးများသာသွားပြီး ကားကြီးအားလုံးက ဇက်နှင့်ကူးနေရသည့်အနေအထားဖြစ်သည့်အတွက် အချိန်အများကြီးရှိပြီး လမ်းပန်းဆက်သွယ်ရေး နှောင့်နှေးပြီး ကုန်ဈေးနှုန်းကလည်း တက်နေသည့်အတွက် ရာမောင် တံတားကြီးကို အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်နေပါကြောင်း၊ ရာမောင်တံတားသည် မင်းပြားနှင့် မြောက်ဦးကြားရှိတံတားဖြစ်ပြီး နေ့စဉ်နှင့်အမျှ မိမိတို့၏ဝန်ထမ်းများ၊ အင်ဂျင်နီယာများသည် စစ်တွေမှ ရာမောင်သို့ ပစ္စည်းများသယ်ယူရ၊ ကုန်များသယ်ယူရပါကြောင်း၊ မည်သို့သော စိန်ခေါ်မှုများရှိနေပါစေ မိမိတို့အဖွဲ့များသည် ရာမောင်တံတားကိုလည်း လာမည့် ဇွန်လကို အပြီးတည်ဆောက်သွားမည် ဖြစ်ပါကြောင်း၊ မြောင်းဘွေတံတား၊ ကျောက်ဖြူ-ဇင်ချောင်းလမ်း ပေါ်တွင် ကင်းချောင်းတံတားအပြင် ဒီလေးတောင်မှာရှိတဲ့ ကင်းချောင်းတံတား၊ ၂၀၂၀ ခုနှစ် မေလ၊ ဇွန်လအတွင်း ဖွင့်ပွဲကျင်းပနိုင်အောင် အပြီးတည်ဆောက်သွားမည် ဖြစ်ပါကြောင်း၊

ဂွချောင်းတံတားသည် ပြီးခဲ့သည့်ရက်ပိုင်းတွင်  ပန္နက်တင်အခမ်းအနားလုပ်ပြီး တည်ဆောက်မည် ဖြစ်ပြီး အမြန်ဆုံးပြီးစီးရေးအတွက် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ မေယု-တောင်ကျော်လမ်း လေးလမ်းပေါ်တွင်လည်း တံတားအကြီး ၁၆ စင်း လက်ရှိတည်ဆောက်လျက် ရှိပါကြောင်း၊ အမ်း-စစ်တွေလမ်းပေါ်တွင် တံတားသုံးစင်းကျန်ပါကြောင်း၊ အုန်းတည်ချောင်း၊ ယောချောင်းနှင့် ယိုးချောင်းတို့သည် လက်ရှိက ဘေလီတံတားဖြစ်နေသည့်အတွက် တံတားသုံးစင်းကိုလည်း လာမည့်၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အပြီး RC တံတားများအဖြစ်၊ နှစ်လမ်းသွားတံတားများအဖြစ် တည်ဆောက်ပေးရန် Planning လျာထားပြီးဖြစ်ပါကြောင်း၊ တံတားသုံးစင်းကို နှစ်လမ်းသွား အဖြစ်တိုးမြှင့်လိုက်ပါက အမ်း-စစ်တွေလမ်းပေါ်တွင် စောင့်ဆိုင်းရသည့် တံတားအရှည်မရှိတော့ပါ ကြောင်း၊ ယခုမင်းပြား၊ မြောက်ဦးနှင့် စစ်တွေကြားတွင် ၁၂ ပေလမ်း ၁၇ မိုင်ကျန်နေပါကြောင်း၊ ၁၇ မိုင်ကိုလည်း ၁၈ ပေကွန်ကရစ်လမ်းအဖြစ် ကတ္တရာလမ်းအဖြစ် ယနေ့ဆောင်ရွက်နေပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်ပြီးသည်နှင့် မင်းပြား၊ မြောက်ဦးနှင့် စစ်တွေကြားတွင် လမ်းအားလုံးသည် ၁၈ ပေ လမ်း ဖြစ်သွားမည်ဖြစ်ကြောင်း၊

ယနေ့ ဘယ်လိုပဲစိန်ခေါ်မှုတွေရှိနေပါစေ၊ ဘယ်လိုပဲအန္တရာယ်တွေရှိနေပါစေ မိမိတို့ ဝန်ထမ်း များသည် ယခုအချိန် ၎င်းလမ်းပေါ်တွင် မြောက်ဦးနား၊ ပုဏ္ဏားကျွန်းတွင်၊ မင်းပြားနားတွင် မိမိတို့အဖွဲ့များ အလုပ်လုပ်နေရပါကြောင်း၊ ရခိုင်ပြည်နယ်ကြီးဖွံ့ဖြိုးတိုးတက်ရန်အတွက် လုပ်နေရခြင်း ဖြစ်ကြောင်း၊ JICA နှင့်ညှိထားသည့်အတွက် ဘူးသီးတောင်-မောင်တောလမ်းနှင့် မောင်တော-ကြိမ်ချောင်း လမ်းများတွင် တံတားနှင့် ရေပြွန် ၆၇ စင်း အဆင့်မြှင့်တင် ဆောင်ရွက်သွားရန် ရှိပါကြောင်း၊

ကစ္စပနဒီမြစ်ကူးတံတားကြီးနှင့်ပတ်သက်ပြီး ၎င်းမြစ်ကူးတံတားကြီးသည် ပထမဦးဆုံး ၂၀၁၂ ခုနှစ်နှင့် ၂၀၁၄ ခုနှစ် ကြားတွင် အိန္ဒိယသံအမတ်ကြီးသည် ကစ္စပနဒီမြစ်ကူးတံတားကြီး တည်ဆောက်ရန်အတွက် ၎င်းကိုယ်တိုင် ကွင်းဆင်းပြီးကြည့်ရှုခဲ့ပြီး အဆိုပါမြစ်ကူးတံတားကြီးကို တည်ဆောက်လိုက်ပါက ကျောက်တော်ကပတ်သွားသော မိုင် ၄၀ ခန့်သက်သာသွားမည်၊ ၎င်းသံအမတ်ကြီး၏ရည်ရွယ်ချက်က စစ်တွေတွင် ယခုအိန္ဒိယအကူအညီဖြင့် စစ်တွေဆိပ်ကမ်းကြီး ပြီးသွားပါက စစ်တွေဆိပ်ကမ်းက မူလရည်ရွယ်ချက်က မစ်ဇူရမ်ပြည်နယ်ကထွက်ကုန်များကို ပလက်ဝ-ကလက်ဝ-မြစ်ဝလမ်းကတစ်ဆင့် စစ်တွေကိုလာပြီး ၎င်းမှတစ်ဆင့် Export၊ Import လုပ်ရန် ရည်ရွယ်ချက်အပြင် မိမိတို့မြန်မာနိုင်ငံက အိန္ဒိယကို အဓိကပို့နေသော ပဲ ရှိပါကြောင်း၊ ပဲသည် ရန်ကုန်တွင် ပဲခွဲသန့်စင်စက်များလုပ်ပြီးမှ ကွန်တိန်နာဖြင့် ကာလကတ္တားကိုပို့ ၎င်းမှတစ်ဆင့် အိန္ဒိယကိုသယ်ယူပို့ဆောင်သည့့်စနစ် ဖြစ်ပါကြောင်း၊ အိန္ဒိယသံအမတ်ကြီးက အဆိုပါစနစ်အစား ပဲထွက်သည့် မကွေးမှ စစ်တွေကိုသယ်ပို့ပြီးမှ ကာလကတ္တား အဓိကက ၎င်း၏ဆိပ်ကမ်းကြီးကို အသုံးပြုရန်အတွက် ကစ္စပနဒီတံတားကြီးကို တည်ဆောက်ပါ၊ အိန္ဒိယကလည်း အကူအညီပေးပါမည်ဆိုပြီး Feasibility Study ကို Detail ဆောင်ရွက်ခဲ့ပါကြောင်း၊ မြစ်တင်ကို နှစ်မိုင်ကျယ်သည်အတွက် အဓိက Main Bridge ကို နှစ်မိုင်ခန့် တည်ဆောက် ရမည် ဖြစ်ပြီး ချဉ်းကပ်လမ်းအနေဖြင့် လေးမိုင်ခန့်ထိတည်ဆောက်ရမည် ဖြစ်သည့်အတွက် ကုန်ကျစရိတ်အနေဖြင့် အင်မတန်ကြီးမားသည့်အပြင် ခေါင်းလောင်းပုံပင်လယ်ဝတွင် တည်ဆောက် မည်ဖြစ်သည့်အတွက် မုန်တိုင်းဒဏ်များကိုခံနိုင်ရန် ရှိပါကြောင်း၊ ပင်လယ်လေနှင့် ပင်လယ် ဆားငန်ရည် သံချေးတက်ခြင်းများကိုကာကွယ်ရန်အတွက် တည်ဆောက်ရန်ရှိပါကြောင်း၊ နည်းပညာမြင့်မားပါကြောင်း၊

သို့သော်လည်း အဓိကအကြောင်းအရာက Financial Assistance ပဲဖြစ်ပါကြောင်း၊ အိန္ဒိယသံအမတ်ကြီး ပြောင်းသွားပြီးနောက်ပိုင်း ရောက်လာသည့် သံအမတ်ကြီးက  ၎င်းကိစ္စအပေါ် ဆွေးနွေးခြင်းမပြုတော့သည့်အတွက် မိမိတို့အနေဖြင့် Project Bank ထဲတွင်ထည့်ထားပြီး ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် World Bank, ADB, JICA စသည်ဖြင့် International Development Partner များနှင့်ဆွေးနွေးရာတွင် အဆိုပါတံတားအကြောင်း အမြဲဆွေးနွေးပါကြောင်း၊ သို့သော်လည်း Project ပမာဏကြီးမားခြင်း၊ ၎င်းဒေသ၏အခြေအနေအရ လောလောဆယ်တွင် အဖွဲ့များသွားရောက်စစ်ဆေးရန် အခက်အခဲရှိခြင်းများကြောင့် မိမိတို့အခုချိန်ထိ နိုင်ငံခြားသား များကို လွှတ်ရန်အခက်အခဲ၊ အကန့်အသတ် အများကြီးရှိပါကြောင်း၊

ထို့ကြောင့်  Project Bank ထဲတွင်ထည့်ထားပါကြောင်း၊ အဆိုပါတံတား တည်ဆောက်ရန် ၂၀၂၁ ခုနှစ်မှ ၂၀၃၀ ခုနှစ်ကြားထဲတွင် နောက်ဆုံးပိတ် တကယ်လို့ Development Partner များဆီက အကူအညီမရပါကလည်း နိုင်ငံတော်ဘတ်ဂျက်ဖြင့် တစ်ဆင့်ချင်းတည်ဆောက်သွားရန် လျာထားကြောင်း၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရန်အတွက် လမ်းပန်းဆက်သွယ်ရေးသည် အရေးကြီးသည့်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကြိုးစားပြီးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘယ်လိုပဲစိန်ခေါ်မှုတွေပဲရှိရှိ၊ ဘယ်လိုပဲ အန္တရာယ်တွေပဲရှိရှိ နေ့စဉ်နှင့်အမျှ မိမိတို့၏ဝန်ထမ်းများကို incentive အနေဖြင့်ပြောရသည်မှာ ၎င်းတို့တာဝန်ပြီးပါက ၎င်းတို့ကြိုက်သည့်နေရာကို ပြောင်းပေး မည်ဆိုသော incentive မျိုးဖြင့် တာဝန်ပေးနေ၍ ရာမောင်တံတားကြီးတည်ဆောက်ရာတွင် ဝန်ထမ်းများဖြင့်တည်ဆောက်နေသလို မြောက်ဦးတွင်လည်း မိမိတို့ ဝန်ထမ်းများက ၁၈ ပေ ကွန်ကရစ်လမ်းများ တည်ဆောက်နေပါကြောင်း၊ မေယုတောင်ကျော်လမ်းလေးလမ်းတွင် မိမိတို့၏ ကျွမ်းကျင်လုပ်သား တင်မင်းထိုက်သည် ရသေ့တောင်အနီးရှိ ဘူးသီးတောင်လမ်းပေါ်တွင် တံတားဆောက်နေရင်း ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့က ဖမ်းဆီးခေါ်ဆောင် သွားခြင်းခံခဲ့ရပါကြောင်း၊

ထို့နောက် ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရွှေနဒီရေယာဉ်ပေါ်က ဖမ်းဆီးခံရရာတွင် လည်း တံတားအင်ဂျင်နီယာ ကျော်ဇင်ထွန်းကို ဖမ်းဆီးခေါ်ဆောင်သွားသည်မှာ  ယနေ့အထိ မလွတ်သေးပါကြောင်း၊ ကျော်ဇင်ထွန်းသည် အမေအိုကြီးကို လုပ်ကိုင်ကျွေးမွေးနေခြင်းဖြစ်ပြီး သုံးနှစ်အရွယ်က‌လေးကကျန်နေပြီး နေ့စဉ်နှင့်အမျှ ၎င်း၏အဖေ ဘယ်တော့ပြန်လာမှာလဲဆိုသည့် မေးခွန်းမျိုးကို မေးနေပါကြောင်း၊ မိခင်ကြီးသည် ဖုန်းလာပါက ၎င်း၏သားများလားလို့ နေ့တိုင်း လိုလို ဖြစ်နေပါကြောင်း၊

မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ဘယ်လိုပဲစိန်ခေါ်မှုတွေ၊ ဘယ်လိုပဲအန္တရာယ်တွေရှိရှိ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်၊ ၎င်းလမ်းသွားများအောင်မြင်ရန်လည်း ကြိုးစားမည် ဖြစ်ပါကြောင်း၊ ကျော်ဇင်ထွန်းတို့လို၊ တင်မင်းထိုက်တို့လို အင်ဂျင်နီယာများကလည်း ယခုကျောင်းဆင်းလိုက်သည်နှင့် ချက်ချင်းတံတားအင်ဂျင်နီယာဆိုပြီး အစားထိုးလို့မရပါကြောင်း၊ ၎င်းတို့ကို နှစ်ပေါင်းများစွာလေ့ကျင့်ပြီးမှ တံတားအင်ဂျင်နီယာဖြစ်လာသည့်အတွက် ၎င်းတို့ လွတ်မြောက်ရေးအတွက်ကိုလည်း အားလုံးဝိုင်းဝန်းကြိုးပမ်းပေးရန် တင်ပြဖြေကြားပါသည်။

ဦးအောင်ကျော်ဇံ(ပေါက်တောမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

တံတားဆောက်မည့်နေရာကို ဇက်ကူးတို့ဖြင့် နေ့စဉ်ခေါက်တုံ့ခေါက်ပြန်ကူးရင်လည်း ရနိုင်ပါ ကြောင်း၊ ပေါက်တောမှ လက်ပံပျားထိ ကားလမ်းလည်းပေါက်ပြီးဖြစ်ပါကြောင်း၊ ဇက်ကူးတို့ ဖြင့်သာကူးလိုက်ပါက စစ်တွေမြစ်ကိုကန့်လန့်ဖြတ်ကူးရသည့်ဒုက္ခ၊ အန္တရာယ်များသည့်ဒုက္ခက လွတ်ငြိမ်းမည် ဖြစ်ပါကြောင်း၊ စဉ်းစားပေးနိုင်၊ မပေးနိုင် သိလိုကြောင်းမေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း

၎င်းတံတားကိုအမြန်ဆုံးဆောက်ပေးရန် တင်ပြတောင်းဆိုသည်ဟု နားလည်လိုက်ပါကြောင်း၊ ၂၀၂၁ ဘဏ္ဍာနှစ်နောက်ပိုင်းကာလများတွင် တကယ်လို့များ Development အကူအညီများမရခဲ့လည်း နိုင်ငံတော်ဘတ်ဂျက်ဖြင့် တင်ပြပြီးတည်ဆောက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။