မိမိတို့ မင်းဘူး(စကု)မြို့နယ် စကု-အိုင်းမလမ်းမှ မန်းရွှေစက်တော်ကိုသွားသည့်လမ်းတွင် အိုင်းမရွာ နှင့် အိုးပြင်မဲရွာနှစ်ရွာကြားတွင် အမြဲတမ်းစီးဆင်းနေသော မန်းချောင်းရှိပါကြောင်း၊ ၎င်းမန်းချောင်း ကိုဖြတ်ပြီးမှ ရွှေစက်တော်ကို ဘုရားဖူးသွားရပါကြောင်း၊ ယခု မန်းရွှေစက်တော်သည် ၁၂ လရာသီ တစ်နိုင်ငံလုံးရှိ ဘုရားဖူးများဘုရားဖူးသွားလာနိုင်ရန်အတွက် လှေတင်တံတားကလည်း တည် ဆောက်ပြီး ဖြစ်ပါကြောင်း၊ ယခု ရွှေစက်တော်မှ စကုမြို့ကိုဖြတ်ပြီး စန္ဒကူးနံ့သာ ကျောင်းတော်ရာ ဘုရားကို သွားမည်ဆိုပါက အဓိကအသုံးပြုရသော လမ်းဖြစ်ပါကြောင်း၊
နိုင်ငံအနှံ့ကပြည်သူများ၊ ဒေသခံပြည်သူများသည် ရွှေစက်တော်ဘုရားတင်မက အိုးပြင်မဲရွာ၊ အိုင်းမရွာကြားရှိ မန်းချောင်းထဲက တောင်ပြင်ဈေးကိုလည်း ဘုရားဖူးပြည်သူများအားလုံးရောက် အောင် သွားပါကြောင်း၊ ယခုတံတားထိုးရန် တင်ပြတောင်းဆိုသည့်နေရာတွင် ဆည်တော်၊ အိုးပြင်မဲနှင့် အိုင်းမကြားတွင် မန်းချောင်းကို နှစ်စဉ်ဆည်တော်ဘုရားပွဲချိန်တွင် ယာယီတံတား ထိုးရပါကြောင်း၊ မင်းဘူး(စကု) ဒေသခံပြည်သူများသာမက တစ်နိုင်ငံလုံးမှလာသော ဘုရားဖူး ပြည်သူများအတွက် အဓိကလမ်းအဖြစ်အသုံးပြုသော အိုးပြင်မဲနှင့် အိုင်းမရွာကြားရှိ မန်းချောင်း နေရာတွင် တံတားထိုးပေးပါက ဘုရားဖူးပြည်သူများ၊ ဒေသခံပြည်သူများ အားလုံးအဆင်ပြေ မည်ဖြစ်သည့်အတွက် အိုးပြင်မဲရွာနှင့် အိုင်းမရွာကြားရှိ မန်းချောင်းနေရာတွင် ရာသီမရွေးသွားလာ နိုင်သည့် တံတားတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စကု-အိုင်းမလမ်းမှ အိုင်းမနှင့် အိုးပြင်မဲရွာကြားရှိ မန်းချောင်းနေရာတွင် တံတားတည်ဆောက်ပေးရန် အစီအစဉ်ရှိ/ မရှိ သိလိုကြောင်း မေးမြန်းပါသည်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ အိုင်းမကျေးရွာနှင့် အိုးပြင်မဲကျေးရွာသို့ ဆက်သွယ် ထားသောလမ်းပေါ်ရှိ မန်းချောင်းတံတားသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော လမ်း၊ တံတား စာရင်းတွင်ပါဝင်ခြင်းမရှိကြောင်း စစ်ဆေး တွေ့ရှိရပါကြောင်း၊ မိမိတို့ ကွင်းဆင်းစစ်ဆေးလိုက်သည့်အခါ အဆိုပါတံတားသည် ရွှေစက်တော် ဘုရားသွားသော ဘုရားဖူးများအတွက်လည်း လိုအပ်သလိုရွှေစက်တော်မှ ကျောင်းတော်ရာကို သွားမည့် ဘုရားဖူးများအတွက်လည်း ဖြတ်လမ်းသဘောမျိုး သုံးလို့ရသည့်အတွက် ဒေသအတွက် လိုအပ်ကြောင်း တွေ့ရှိရပါကြောင်း၊ သို့သော်လည်း လတ်တလောတွင် ရွာများကတည်ဆောက် ထားသော ဖွံ့ဖြိုးရေးလမ်းသာဖြစ်သည့်အတွက် အရင်ဆုံးဆောင်ရွက်မည့်ကိစ္စက အဆိုပါလမ်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့ကို ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်းအဖြစ် သိမ်းသွင်းပေးရန် စာရေးရန်လိုပါကြောင်း၊ စာရေးပြီး ပြည်ထောင်စုအစိုးရအဖွဲ့က မိမိတို့ဝန်ကြီးဌာနကို သဘောထားမှတ်ချက်မေး၍ တရားဝင်လမ်းစာရင်းအဖြစ် Gazette ပြီးသွားပြီဆိုပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ရန်ပုံငွေများတင်ပြတောင်းခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
ဦးဝင်းဝင်း(မင်းဘူး(စကု)မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဝန်ကြီးဖြေသွားသည်မှာ ၎င်းလမ်းက ဆောက်လုပ်ရေးလမ်း အမည်မပေါက်သေးဘူးဟု နားလည် လိုက်ပါကြောင်း၊ တကယ်တော့ စကု-အိုင်းမလမ်းသည် တိုင်းဒေသကြီးရန်ပုံငွေဖြင့့််ဖြစ်ဖြစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့်ဖြစ်ဖြစ် ၂၀၁၉-၂၀၂၁ ဘက်ဂျက်တွင် လမ်းအဆင့်မြှင့်ရန်အတွက် ဘတ်ဂျက်ပါထားပါကြောင်း၊ ဒေသခံပြည်သူများ၊ မိမိတို့သိသည်က လမ်းစာရင်းက အမည်ပေါက် ပြီးဖြစ်သည်ဟု သိသည့်အတွက် တံတားထိုးရန်ကိစ္စကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေး အနေဖြင့် လျာထားပြီးပြန်လည်စိစစ်၍ ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ငါးမိုင်ဖြတ်လမ်းသည် အဝေးကြီးသွားရမည့်အစား အမည်လည်းပေါက်ပြီး ဆောက်လုပ်ရေးဝန်ကြီး ဌာနကလည်း အဆင့်မြှင့်တင်ထားပြီးဖြစ်ပါကြောင်း၊ လမ်းစာရင်းထဲမပါသေးပါကြောင်း၊ လမ်း စာရင်းအမည်ပေါက်ရန်၊ Gazette ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့ကို ၎င်းလမ်း ဘယ်ကစသည်၊ ဘယ်မှာဆုံးသည် အဆိုပါလမ်းကို သီးခြား တင်ပြတောင်းခံပြီး လမ်းစာရင်း Gazette ပေးရမည်ဖြစ်ကြောင်း ငါးမိုင်ဖြတ်လမ်းနှင့် ဆက်စပ်ပြီး ယူလို့မရပါကြောင်း ဖြေကြားပါသည်။
