ကနီမြို့နယ်၊ တဇယ်ချောင် ကျေးရွာအုပ်စုအတွင်း မင်းဝံတံခွန် သတ္တုတူးဖော်ရေးကုမ္ပဏီမှ အလတ်စား ဓာတ်သတ္တုတူးဖော်ရေး လျှောက်ထားလျက်ရှိရာ ၎င်းနေရာတွင် မူလတောင်သူ ၁၇ ဦးပိုင်မြေများ ပါဝင်နေသဖြင့် မည်သို့ ဆက်လက်ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
ကနီမြို့နယ်၊ တဇယ်ချောင် ကျေးရွာအုပ်စု၊ အကွက်အမှတ်(၁၂၉၅)ရှိ တောင်သူ ၁၇ ဦး ပိုင်ဆိုင်ခဲ့သည့် မြေဧက ၄၈ ဧကခန့်အား ၂၀၁၂ ခုနှစ်တွင် မင်းဝံတံခွန်ကုမ္ပဏီမှ ဒေသအာဏာပိုင်များ နှင့်ပေါင်းပြီး တောင်သူများအပေါ် ဖိအားပေးပြီး ယာမြေလွှဲပြောင်းခြင်း ကတိစာချုပ်များ ချုပ်ဆိုခြင်းဖြင့်သော်လည်းကောင်း၊ ချုပ်ဆိုခြင်း ပြုလုပ်မှု မရှိခြင်းဖြင့်လည်းကောင်း၊ ဓာတ်သတ္တုတူးဖော်ခြင်း လုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြကြောင်း၊ ထိုသို့လုပ်ကိုင်ကြရာတွင် တရားဝင်လုပ်ကွက် ခွင့်ပြုထားခြင်း မရှိ နိုင်ငံခြားသားများနှင့်ပါ ဓာတ်သတ္တုရှာဖွေ ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည့်အချိန်တွင် ၂၀၁၃ ခုနှစ်တွင် ဒေသခံများက မီဒီယာများမှတစ်ဆင့် ထုတ်ဖော်ကန့်ကွက်မှုများကြောင့် တရားမဝင် လုပ်ကိုင်ခဲ့သည့် နိုင်ငံခြားသားများ ထွက်သွားကြသည့်အပြင် လုပ်ငန်းများပါ ရပ်ဆိုင်းသွား ခဲ့ပါကြောင်း၊
မင်းဝံတံခွန်ကုမ္ပဏီမှ လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး ကြိုးစားလျက်ရှိရာ တောင်သူ ၁၇ ဦးအနက် တချို့သည် ယခင်က အတင်းအကျပ် ဖိအားပေးခံရပြီး ချုပ်ဆိုခဲ့သည့် ယာမြေလွှဲပြောင်းခြင်း ကတိစာချုပ်များအား တောင်သူများမှ ဖျက်သိမ်းလာရေးအတွက် ၂၀၁၆ ခုနှစ်တွင် နှစ်နှစ် သက်တမ်းရှိသည့် မြေငှားရမ်းခြင်း ကတိစာချုပ်များကို ကုမ္ပဏီနှင့် တောင်သူများထပ်မံ၍ စာချုပ် ချုပ်ဆိုခဲ့ကြကြောင်း၊ မြေငှားစာချုပ်ပါ စည်းကမ်းချက်များအရ စာချုပ်သက်တမ်း နှစ်နှစ်ပြည့်သည့် ၃၀-၆-၂၀၁၈ ရက်နေ့နောက်တွင် မြေပြန်ညှိပြီး မြေများကို ပြန်အပ်ရမည် ဖြစ်ကြောင်း၊ သို့သော် ထိုကဲ့သို့ ဆောင်ရွက်ပေးခဲ့ခြင်း မရှိပါကြောင်း၊ ၂၀၁၂ ခုနှစ်မှ အခုအချိန်ထိ စာချုပ်အမျိုးမျိုးနှင့် ပြဿနာများ ဖြစ်နေသည့် အတွက် ပုံစံ(၇) မပေါက်သည့် အပေါ်တွင် ကုမ္ပဏီပေါ်မှ အခွင့်ကောင်းယူပြီး မူလတောင်သူ ၁၇ ဦးပိုင်ရာ မြေများအပေါ်တွင် ဓာတ်သတ္တု တူးဖော်ထုတ်လုပ်ခွင့်များ တရားဝင်ရရှိရေး လျှောက်ထားလျက်ရှိသည်ကို သိရှိရကြောင်း၊ ယင်းကိစ္စနှင့်စပ်လျဉ်းပြီး သက်ဆိုင်ရာ တောင်သူများမှလည်း မြေငှားစာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ မြေပြန်လည် ရရှိလိုကြောင်း လွှတ်တော်ကိုယ်စားလှယ်ထံ တင်ပြထားပြီးဖြစ်သည့်အပြင် ပုံစံ(၇)ရှိရေးအတွက်လည်း လျှောက်ထားကြပြီး ဖြစ်ပါကြောင်း၊
၂၀၁၂ ခုနှစ်က တောင်သူနှင့် ကုမ္ပဏီကြား ရာမြေလွှဲပြောင်းခြင်း ကတိစာချုပ် ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် တောင်သူနှင့် ကုမ္ပဏီ ကြားပြင်ဆင်ချုပ်ဆိုခဲ့သည့် မြေငှား စာချုပ်ဖြစ်သည် ၃၀-၆-၂၀၁၈ ရက်နေ့တွင် သက်တမ်းပြီးခဲ့ပြီး ဖြစ်ကြောင်း၊။ တရားဝင် လုပ်ကွက်ခွင့်ပြုမိန့် မရှိပါက ကုမ္ပဏီ၏ မကျူးကျော်ရဆိုသည့် ဆိုင်းဘုတ်ရှိခဲ့ကြောင်း၊ တရားမဝင် လုပ်ခဲ့စဉ်က ကုမ္ပဏီဝန်ထမ်းများ နေထိုင်ခဲ့သည့် အဆောက်အအုံ ရှိကြောင်း၊ ကုမ္ပဏီမှ ဓာတ်သတ္တု တူးဖော်လျှောက်ထား ဧရိယာအတွင်းရှိ ပုံစံ(၇) ရရှိခြင်း မရှိသေးသည့် မြေများဖြစ်ပြီး အနောက်က ထန်းပင်များ၊ ဆီးပင်များကို ကြည့်မည်ဆိုပါက ၎င်းမြေယာများ၏ သက်တမ်းကို ခန့်မှန်းနိုင်မည် ဖြစ်ကြောင်း၊ ကုမ္ပဏီမှ လျှောက်ထားသည့် ဧရိယာအတွင်းရှိ ထွန်ယက်ထားသည့် ယာမြေများ ရှိကြောင်း၊ ကုမ္ပဏီက ယခင်လုပ်ခဲ့သည့် နေရာများနှင့် ၂၀၁၂-၂၀၁၃ ခုနှစ်ကတည်းက ကုမ္ပဏီက ရွှေမျောတိုက်သည့်အတွက် ဖြစ်နေသည့် ကျင်းများ၊ ချိုင့်များ ဖြစ်နေကြောင်း၊ မူလလက်ရှိ လက်ငုတ် တောင်သူများရှိ နေသည့်အပြင် တင်ပြပါ ပြဿနာများကြောင့် ပုံစံ(၇) မရရှိခဲ့ကြသည့် တောင်သူများအပေါ် အခွင့်ကောင်းယူလျက် ကုမ္ပဏီဘက်မှ ဓာတ်သတ္တု လုပ်ကွက် လျှောက်ထားနေကြောင်း သိရှိရသဖြင့် မိမိမေးမြန်း လိုသည်က ကနီမြို့နယ်၊ တဇယ်ချောင် ကျေးရွာအုပ်စု အကွက်အမှတ်(၁၂၉၅)တွင်ရှိသည့် မူလ တောင်သူ ၁၇ ဦးပိုင် မြေယာ ၄၈ ဧကပေါ်တွင် မင်းဝံတံခွန် သတ္တုတူးဖော်ရေးကုမ္ပဏီမှ အလတ်စား ဓာတ်သတ္တု တူးဖော်ရေး လျှောက်ထားလျက်ရှိရာ ၎င်းနေရာအတွင်း မူလတောင်သူ ၁၇ ဦး၏ မြေများပါဝင်နေသဖြင့် မည်သို့ ဆက်လက်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ တဇယ်ချောင် ကျေးရွာအုပ်စုအတွင်း မင်းဝံတံခွန်ကုမ္ပဏီမှ အလတ်စား ဓာတ်သတ္တုတူးဖော်ရန် လျှောက်ထားလျက်ရှိသည့် မြေဧရိယာများသည် တဇယ်ချောင်ကျေးရွာအုပ်စု အကွက်အမှတ်(၁၂၉၅)အတွင်းတွင် ရှိသည့် တောင်သူပေါင်း ၁၄ ဦး၊ ဦးပိုင် ၁၄ ခု၏ ယာမြေ ၃၇.၉၁ ဧကနှင့် မြေရိုင်း ၃.၅၁ ဧက စုစုပေါင်း ၄၁.၄၂ ဧကမြေ ဖြစ်ပါကြောင်း၊ ၎င်းမြေများကို ၁၁-၃-၂၀၁၂ ရက်နေ့တွင် မင်းဝံတံခွန် သတ္တုတူးဖော်ရေး ကုမ္ပဏီနှင့် တောင်သူတို့ နှစ်ဖက် သဘောတူညီမှုဖြင့် သုံးနှစ်အတွက် တစ်ဧကလျှင် မြေငှားရမ်းခ ကျပ် ၈၀၀၀၀၀ သိန်းနှုန်းဖြင့် မင်းဝံတံခွန် ကုမ္ပဏီက မြေငှားရမ်းခပေးပြီး လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ မင်းဝံတံခွန် ကုမ္ပဏီသည် တောင်သူများနှင့် ထပ်မံညှိနှိုင်းပြီး ၎င်းမြေကို တစ်ဧကလျှင် မြေငှားရမ်းခ ၁၅၀၀၀၀ ကျပ်နှုန်းဖြင့် ၃၀-၆-၂၀၁၆ ရက်နေ့မှ ၃၀-၆-၂၀၁၈ ရက်နေ့ အထိ နှစ်နှစ်အတွက် မြေငှားရမ်းခပေးပြီး ထပ်မံစာချုပ်ချုပ်ခဲ့ပါကြောင်း၊
ကုမ္ပဏီသည် ၎င်းနှစ်တွင် လုပ်ငန်းဆောင်ရွက်နိုင်ခြင်း မရှိသည့် တောင်သူ ၁၄ ဦးအနက် ကိုးဦးက ၎င်းတို့၏ မြေများ အတွင်း ပြန်လည်လုပ်ကိုင်နိုင်သည့် နေရာများတွင် ဝင်ရောက်လုပ်ကိုင် ခဲ့ကြကြောင်း၊ ကုမ္ပဏီသည် စာချုပ်သက်တမ်း ပြည့်ပြီးဖြစ်သော်လည်း အချို့နေရာများတွင် တောင်သူများက ပြန်လည်လုပ်ကိုင်နိုင်ခြင်း မရှိသဖြင့် ကုမ္ပဏီက စာချုပ်ပါအတိုင်း ပြန်လည် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့်အတွက် ပြဿနာ ဖြစ်ပွားရခြင်း ဖြစ်ပါကြောင်း၊ မင်းဝံတံခွန် ကုမ္ပဏီသည် ၎င်းမြေများနှင့်ပတ်သက်ပြီး ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့်အညီ လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် လျှောက်ထားခြင်း မရှိသဖြင့် ကုမ္ပဏီက စာချုပ်ပါစည်းကမ်းများ ဖောက်ဖျက်ခြင်းအပေါ် မကျေနပ်ပါက တောင်သူများအနေဖြင့် သက်ဆိုင်ရာဥပဒေနှင့်အညီ ဆောင်ရွက် သင့်ပါကြောင်း၊ လက်ရှိတွင် မင်းဝံတံခွန်ကုမ္ပဏီသည် ကနီမြို့နယ်၊ တဇယ်ချောင် ကျေးရွာအုပ်စု အတွင်း မြေဧရိယာ ဧက ၂၀ တွင် ရွှေသတ္တု ရှာဖွေခြင်း၊ စမ်းသပ် တိုင်းတာခြင်းနှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်းနှင့် အလတ်စား ထုတ်လုပ်ခြင်း၊ ဆင့်တက်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်ခွင့်ပြုရန် အဆိုပြု လျှောက်ထားခဲ့ခြင်းအပေါ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ၂၉-၄-၂၀၁၉ ရက်စွဲပါစာဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ မြေစာရင်းပုံစံ ကူးယူခွင့်ပေးပါရန်နှင့် သဘောထား မှတ်ချက် ပြန်ကြားပေးနိုင်ပါရန် အကြောင်းကြားထားခြင်း ရှိပါကြောင်း၊
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့သည် ဝန်ကြီးဌာန၏ ညှိနှိုင်းချက်အပေါ် တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တိုင်းဒေသကြီး သတ္တုတွင်း ဦးစီးဌာန၊ ဒုတိယ အထွေထွေမန်နေဂျာ၊ အမှတ်(၂) သတ္တုတွင်း လုပ်ငန်းနှင့် ကနီမြို့နယ် စီမံခန့်ခွဲမှုကော်မတီသို့ မြေပြင်ကွင်းဆင်းစစ်ဆေးတင်ပြရန် အကြောင်းကြားထားပါကြောင်း၊ ဌာနဆိုင်ရာ အသီးသီး၏ စိစစ်တင်ပြချက်များ ရရှိသည့်အချိန်တွင် တိုင်းဒေသကြီးအဖွဲ့ Cabinet အစည်းအဝေးသို့ တင်ပြဆွေးနွေးပြီး လွတ်ကင်းသည့် ဧရိယာကိုသာ လုပ်ငန်းဆောင်ရွက်ခွင့် ဆောင်ရွက်နိုင်ရန် သဘောထား မှတ်ချက်ပေးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် လက်ရှိအခြေအနေသည် စိစစ်ဆဲသာဖြစ်ပြီး ဝန်ကြီးဌာနသို့ သဘောထားမှတ်ချက် တစ်စုံတစ်ရာပေးပို့ရခြင်း မရှိသေးပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖြေကြားထားပါကြောင်း၊
ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသည့် ကနီမြို့နယ်၊ တဇယ်ချောင် ကျေးရွာအုပ်စုတွင် မင်းဝံတံခွန် သတ္တုတူးဖော်ရေးကုမ္ပဏီက ဓာတ်သတ္တု စမ်းသပ်တိုင်းတာရေးလျှောက်ထားမှု အပေါ်တွင် တိုင်းဒေသကြီးအဖွဲ့၏ သဘောထားမှတ်ချက်၌ မြေယာပိုင်ဆိုင်မှု အရှုပ်အရှင်းများကြောင့် လွတ်ကင်းမှု မရှိသဖြင့် ဓာတ်သတ္တု ရှာဖွေတူးဖော်ရန် မသင့်၍ သဘောမတူပါကြောင်း ပြန်ကြားလာပါက ဝန်ကြီးဌာနမှလည်း ဆောင်ရွက်ခွင့်ပြုမည် မဟုတ်ကြောင်း ဖြေကြားပါသည်။
ဦးထွန်းထွန်းနိုင်(ကနီမဲဆန္ဒနယ်)ကဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ဒုတိယဝန်ကြီး ဖြေသွားသည့် ကိစ္စသည် တိုင်းဒေသကြီးအစိုးရ၏ သဘောထားမှတ်ချက် ပေါ်တွင် မူတည်နေသည်ဟု မိမိနားလည်ပါကြောင်း၊ မိမိ တင်ပြသလို စာချုပ်များလည်း ရှိပါကြောင်း၊ စာချုပ်အရဆိုပါက သက်တမ်းသည် ပြည့်သွားပြီဖြစ်ကြောင်း၊ ထို့ပြင် မူလတောင်သူများလည်း ရှိနေကြောင်း၊ သို့သော် ပြဿနာများကြောင့် ပုံစံ(၇) မရှိကြောင်း၊ ပုံစံ(၇) မရှိသည့် အချက်ပေါ်တွင် တိုင်းဒေသကြီးအစိုးရက သဘောထား မှတ်ချက် တစ်စုံတစ်ရာ လွဲသွားပါက မိမိတို့ တောင်သူများအတွက် များစွာနစ်နာမည် ဖြစ်ကြောင်း၊ ၎င်းယာမြေများတွင် ထန်းပင်များ၊ ဆီးပင်များသည် မိမိတို့၏ အသက်ထက်များစွာ ကြီးနေသည့် အပင်များ ရှိပါကြောင်း၊ ၎င်းကိစ္စတွင် ရှင်းရှင်းလင်းလင်း ဖြစ်ရန်လိုမည် ဖြစ်ကြောင်း၊ မူလတောင်သူများ ရှိနေကြောင်း၊ တချို့ နေရာများသည် စိုက်ပျိုး၍ မရဘူးဆိုသည့်အချက်တွင် ကုမ္ပဏီမှ လုပ်သည့်အတွက် ကျင်းများ၊ ချိုင့်များ ဖြစ်သွားသည့်အတွက် စိုက်ပျိုး၍ မရခြင်း စသည့် အနေအထားများ ဖြစ်သွားသည့် အပိုင်းများလည်း ရှိပါကြောင်း၊ ထို့အတွက် မူလတောင်သူများ ရှိနေသည့်၊ အချိန်ကြာပြီဖြစ်သည့် မူလလက်ရှိ လက်ငုတ်များရှိခဲ့သည့် ယခုတွင် တချို့သည် လုပ်နေခြင်းများ ရှိသည့်အတွက် ထိုအချက်များကို ရှင်းရှင်းလင်းလင်း သိချင်ပါကြောင်း၊ ၎င်းကိစ္စကို မိမိတို့ အစိုးရအနေဖြင့် လုပ်ပိုင်ခွင့် လျှောက်ထားသည့်အပေါ်တွင် လုံးဝကန့်ကွက်ရန် ရှိ/မရှိ ရှင်းရှင်းလင်းလင်း သိလိုကြောင်း မေးမြန်းပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ
မိမိတို့ သတ္တုတွင်းဥပဒေနှင့် နည်းဥပဒေများအရ လုပ်ကွက်များ လျှောက်ထားလာပါက လုပ်ထုံးလုပ်နည်းအရ တိုင်းဒေသကြီးအစိုးရ၏ သဘောထားမှတ်ချက်ကို ရယူရပါကြောင်း၊ တိုင်းဒေသကြီးတစ်ခုအတွင်းတွင် ဖြစ်ပျက်နေသည့် မြေယာအရှုပ်အရှင်းများ၏ ပြဿနာကို ကိုင်တွယ် ဖြေရှင်းနိုင်သည်က တိုင်းဒေသကြီးအစိုးရ ဖြစ်သည့်အတွက် မိမိတို့သည် တိုင်းဒေသကြီး အစိုးရအဖွဲ့က လွတ်ကင်းသည် ဆိုသည့်အချိန်မှသာ လုပ်ကွက်ကို ချပေးခြင်း ဖြစ်ကြောင်း၊ မြေယာ အရှုပ်အရှင်းများကြောင့် ဖြစ်သည့်ကိစ္စကို တိုင်းဒေသကြီးအစိုးရအဖွဲ့သာ ပြီးပြတ်အောင် ရှင်းလင်း ရမည် ဖြစ်ကြောင်း၊ မိမိအနေဖြင့် တိုင်းဒေသကြီးအစိုးရက သဘောမှတ်ချက် ရရှိလာသည့် အချိန်သော်လည်းကောင်း ၎င်းဒေသခံတောင်သူများ၏ သဘောတူညီချက် ရှိ/မရှိ ဒေသခံ သဘောထားမှတ်ချက်ကို ကြည့်ပါကြောင်း၊ ၎င်းအချက်များ မရှိဘူးပါက မိမိတို့ဝန်ကြီးဌာနမှ ခွင့်ပြု မည် မဟုတ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
