(င)-ဂန့်ဂေါမြို့နယ်တွင် သစ်ထုတ်လုပ်ရေးဆင်အကောင် ၁၀၀ ခန့်၏ ကျက်စားရာ နေရာ(habitat)၌ ကုမ္ပဏီနှစ်ခုအား ကျောက်မီးသွေးတူးဖော်ထုတ်လုပ်ခွင့်ပြုထားခြင်း ကြောင့် ၎င်းဆင်များအတွက် (habitat)ကို မထိပါးစေရန်စီစဉ်ဆောင်ရွက်ထားခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၂.၁၁.၂၀၁၉)

 

မိမိတို့ မြို့နယ်သည် ရှေးအစိုးရအဆက်ဆက် သစ်တောမှသစ်ထုတ်လုပ်ပြီး တိုင်းပြည်ကို အလုပ် အကျွေးပြုခဲ့သည့် မြို့နယ်ဖြစ်ပါကြောင်း၊ သစ်ထုတ်ရေးဆင်များကိုအသုံးပြုပြီး သစ်ထုတ်လုပ်ခဲ့ပြီး မြန်မာနိုင်ငံတွင် သစ်ထုတ်ရေးဆင်အများဆုံးရှိသည့် မြို့လည်းဖြစ်ပါ ကြောင်း၊ ဆင်ဦးစီးအများစုသည် ဒေသခံတွေဖြစ်ပြီး ဌာနမှ ဆင်ဆရာဝန်များ၏ ပြုစု စောင့်ရှောက်မှုများကိုလည်း အမြဲပေး ထားတာဖြစ်ပါကြောင်း၊

ဆင်အများစုနေထိုင်ရာ မြင်သား၊ မိုးစိုကြိုးဝိုင်းအနီးတွင် ဆင်စခန်းများ၊ ဆင်ကျုံး များရှိပြီး အဆိုပါ ကြိုးဝိုင်းတွင် ၂၀၁၇ ခုနှစ်က ကျောက်မီးသွေးကုမ္ပဏီနှစ်ခုကို ထုတ်လုပ်ခွင့်ချ ထားခဲ့သည်ကို ဒေသခံပြည်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များအား ဆွေးနွေး အသိ ပေးခြင်းများ မရှိခဲ့ပါကြောင်း၊ စမ်းသပ်နေသည်ဟုသာ သိရှိရပြီး ၂၀၁၉ ခုနှစ် ဧပြီလမှ သာ တရားဝင်ထုတ်လုပ်ခွင့် ရရှိထားမှန်း သိရှိရသည့်အတွက် ကွင်းဆင်းကြည့်ရှု့ခဲ့ပါကြောင်း၊

အဆိုပါက ကျောက်မီးသွေးကုမ္ပဏီနှစ်ခုကို Open Cash စနစ်ဖြင့် ခွင့်ပြုထားခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း၊ ယခုအခါ တောင်ပေါ်ကကျလာသည့် ထန်းသီချောင်းရေကို တောင်ခြေရွာ များက အသုံးပြုရာတွင် ကျောက်မီးသွေးများ မျောပါလာနေပါပြီဖြစ်ပါကြောင်း၊ ကျောက်မီး သွေး ခွင့်ပြုထားသည့် ကြိုးဝိုင်းနှင့် ကြိုးဝိုင်းမတူသော်လည်း ယင်းနေရာရှိ တောတောင်များ သည် ဆင်များလှည့်လည်သွားလာရာနေရာဖြစ်ပါကြောင်း၊ ယခုထုတ်လုပ်ခွင့်ပေးထား သည်မှာ ပေ ၃၀၀၀ ကျော်အမြင့် ဖြစ်သည့်အတွက် ကျောက်မီးသွေးကားကြီးများအနေဖြင့် အင်ဂျင်ကြီးများဖြင့် ဆူဆူညံညံအရှိန်ယူမောင်းနှင်ကြရပါကြောင်း၊ တောင်တွေက မတ် စောက်ပြီး လမ်းမကောင်းခြင်းကြောင့် မိုးရာသီတွင် လုပ်ငန်းရပ်နားထားရသည်ဟု သိရှိ ရပါကြောင်း၊  ကျောက်မီးသွေးသမားများအတွက်လည်း မက်မောလောက်သည့် အကျိုး အမြတ်မရှိသကဲ့သို့ နိုင်ငံတော်အတွက်လည်းရမည့် အခွန်အခနှင့် ဆင်များအတွက် ကျက်စားရာနေရာနှင့် မည်သို့မျှ လဲလှယ်နိုင်ရန် မမြင်ပါကြောင်း၊

 ထို့ကြောင့် ယင်းလုပ်ငန်းချထားပေးရာတွင် သစ်တောဦးစီးဌာနဖြင့် သတ္တုတွင်း ဦးစီး ဌာနသည် ဝန်ကြီးဌာနတစ်ခုတည်းအောက်က ဦးစီးဌာနနှစ်ခုအနေဖြင့် မည်သို့ အစီအစဉ် များဖြင့် ခွင့်ပြုခဲ့သည်၊ ဆင်များအတွက် ထည့်သွင်းစဉ်းစားခဲ့ခြင်းရှိ/မရှိနှင့် မည်သို့ စီစဉ် ဆောင်ရွက် ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာ ရဲမြင့်ဆွေ
အဖြေ

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မြင်သားဒေသ၏ မြေဧရိယာ ၂၁၅ ဧက၌ အမှတ်(၁)သတ္တုတွင်းလုပ်ငန်းနှင့် ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားသည့် စနစ်ဖြင့် ကျောက် မီးသွေး ထုတ်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရန် ရွှေဘုမ္မိကုမ္ပဏီလီမိတက်သို့ သက်တမ်း ငါးနှစ်အား ၂၀-၁၂-၂၀၁၇ မှ ၁၉-၁၂-၂၀၂၂ အထိ လည်းကောင်း၊ နိုင်တံခွန်ကုမ္ပဏီ လီမိတက်သို့ မြေဧရိယာ ၂၃၀ ဧက ခွင့်ပြုသက်တမ်းငါးနှစ်အားလည်း ၂၀-၁၂-၂၀၁၇ မှ ၁၉-၁၂-၂၀၂၂ အထိလည်းကောင်း စာချုပ်ချုပ်ဆိုထားရှိခဲ့ပါကြောင်း၊ ဂန့်ဂေါမြို့နယ်တွင် ရွှေဘုမ္မိကုမ္ပဏီလီမိတက်နှင့် နိုင်တံခွန် ကုမ္ပဏီလီမိတက်တို့အား ကျောက်မီးသွေး အသေးစားထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခွင့်ပြုမိန့်များအား မကွေး တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ၁၀-၁၀-၂၀၁၇ ရက်နေ့ ရက်စွဲပါစာနဲ့ သစ်တောဦးစီးဌာနမှ ကန့်ကွက်ရန် မရှိကြောင်း သဘောထားမှတ်ချက်များနှင့် ဝန်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီ(သတ္တုရေးရာ)၏ (၃၇/၂၀၁၇)အစည်းအဝေးမှာ သဘောတူ ဆုံးဖြတ်ချက်နှင့ ်ထုတ်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊  

ကုမ္ပဏီများက လက်ရှိအခြေအနေတွင် အဆိုပါလုပ်ကွက်များအား ကနဦးပတ်ဝန်းကျင် ဆန်းစစ်ချက် (IEE)အစီရင်ခံစာများရေးဆွဲနေပြီး အလတ်စားထုတ်လုပ်မှုဖြင့် ကူးပြောင်းရန် စီစဉ်ဆောင်ရွက်ဆဲဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရွှေဘုမ္မိကုမ္ပဏီ၏ မြေဧရိယာ ၂၁၅ ဧကတွင် ရှိသော လုပ်ကွက်သည် တိုကြိုးဝိုင်းအကွက်အမှတ်(၈)နှင့် (၉)အတွင်းကျရောက် လျက်ရှိကြောင်း နိုင်တံခွန်ကုမ္ပဏီလီမိတက်၏ မြေဧရိယာ ၂၃၀ ဧကရှိသည့် လုပ်ကွက်သည်မြင်သား ကြိုးဝိုင်းအတွင်း လုပ်ကွက်အမှတ်(၆)နှင့် တိုကြိုးဝိုင်း အကွက်အမှတ်(၈)အတွင်းကျရောက်လျက်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူသင့်ကြောင်းနှင့် ခွင့်ပြုချက်ရရှိပါက ကန့်ကွက် ရန်မရှိကြောင်း စိုက်ပျိုးမြေစီမံကိန်းနယ်မြေများနှင့် လွတ်ကင်းကြောင်း၊ လုပ်ကွက်ဧရိယာ များမှာ သဘာဝပေါက်ပင်အပင်ကြီးနည်းပါးပြီး တင်းဝါးတော နှင့် မြက်ကြမ်းတောများသာ တွေ့ရသဖြင့် ကျောက်မီးသွေးတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးသာ ဖြစ်ပေါ်နိုင်မယ့်ဧရိယာဖြစ်ကြောင်း စမ်းသပ် တိုင်းတာခွင့်ရရှိစဉ်ကလည်း စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ကျောက်မီးသွေးထုတ်လုပ်ခွင့်တင်ပြခြင်းနှင့်ပတ်သက်ပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်အောင် သက်ဆိုင်ရာဌာနများမှ သတ်မှတ်ခွင့်ပြု ပေးသည့် နည်းစနစ်များအတိုင်း လိုက်နာဆောင်ရွက်ပြီး ကျောက်မီးသွေးစနစ်တကျ တူးဖော်ခြင်းဖြင့် ပတ်ဝန်းကျင် ထိခိုက်မှုအတွက် လုပ်ငန်းရှင်မှ အစားထိုးသစ်တော စိုက်ခင်းများ စိုက်ပျိုးပေးခြင်းတို့ကို လိုက်နာဆောင်ရွက်ပေးမည်ဆိုပါက တူးဖော် ထုတ်လုပ် ရေးခွင့်ပြုသင့်ပါကြောင်း သဘောထားမှတ်ချက် ပြန်ကြားခဲ့ပါကြောင်း၊

ရွှေဘုမ္မိကုမ္ပဏီ၏ မြေဧရိယာ ၂၁၅ ဧကနှင့် နိုင်တံခွန်ကုမ္ပဏ၏ မြေဧရိယာ ၂၃၀ ဧကတို့မှ စမ်းသပ်တိုင်းတာခြင်းမှ တူးဖော်ခြင်း ကူးပြောင်းခွင့်ပြုရန်လျှောက်ထားခြင်းအပေါ် သစ်တောဦးစီးဌာနက ခွင့်ပြုကြောင်းသဘောထားမှတ်ချက်လည်းတင်ပြခဲ့သည့်အတွက် ကုမ္ပဏီနှင့် စာချုပ် ချုပ်ဆိုခဲ့ပါကြောင်း၊ မြန်မာ့သစ်လုပ်ငန်း(ဂန့်ဂေါသစ်ထုတ်ရေးနယ်)မှာ ဌာနပိုင်ဆင်များအတွက် ဆင်စားကျက် ဧရိယာအဖြစ်အသုံးပြုရန် ကွင်းစဲကြိုးဝိုင်း၊ ကျောတိုးချဲ့ကြိုးဝိုင်း၊ လောင်ထောင်ကြိုးဝိုင်း၊ ထီးလင်း ကြိုးဝိုင်း၊ မိုးစိုကြိုးဝိုင်း၊ ပျဉ်ထောင်တိုးချဲ့ကြိုးဝိုင်း၊ တိုကြိုးဝိုင်းနှင့် မြင်သားကြိုးဝိုင်းတို့အတွက် မြေ ဧရိယာပေါင်း ၆၉၈၁၈ ဧကကို သစ်တောဦးစီးဌာနက သတ်မှတ်ခွင့်ပြုခဲ့ပါကြောင်း၊

ကုမ္ပဏီနှစ်ခုမှ ကျောက်မီးသွေးတူးဖော်ခြင်းကြောင့် ဌာနဆင်များ၏စားကျက်အခြေအနေ ထိခိုက်မှု ရှိ/မရှိနှင့် ပတ်သက်ပြီး အောက်ပါအတိုင်းစစ်ဆေးတွေ့ရှိရပါကြောင်း၊  မြန်မာ့သစ် လုပ်ငန်းပိုင် ဆင်များ စားကျက်မြေများကို သစ်တောဦးစီးဌာနမှ အတည်ပြုသတ်မှတ် ပေးခဲ့ပြီး ဂန့်ဂေါ သစ်ထုတ် ရေးနယ်မြေမှ ဌာနပိုင်ဆင် ၁၉၇ ကောင်အတွက် ဆင်စား ကျက်မြေများ သတ်မှတ်ပေးခဲ့ရာ တိုကြိုးဝိုင်းအကွက်အမှတ်(၈)၊ (၉)၊ (၁၀)၊ (၁၅)၊ (၁၇)၊ (၁၈)၊ (၁၉)တို့ပါဝင်ခဲ့ပါကြောင်း၊ ကုမ္ပဏီနှစ်ခုအား ကျောက်မီးသွေးတူးဖော်ခွင့်ပြုထားသည့် နေရာတွင် ဆင်စားကျက်အဖြစ်ခွင့်ပြုထားသည့် တိုကြိုးဝိုင်း အကွက်အမှတ်(၈)တွင် ပါဝင်ပါကြောင်း၊ ကွင်းစဲကြိုးဝိုင်းအတွင်း ၈၅ ကောင်၊ လောင်ထောင်ကြိုးဝိုင်းအတွင်း ၇၅ ကောင်၊ တိုကြိုးဝိုင်းအတွင်း ၃၀ ကောင်၊ ကျောကြိုး ဝိုင်းအတွင်း ၄၅ ကောင်နှင့် ပင်ထောင်၊ အပတော(၁၁)တို့တွင် ခုနှစ်ကောင်စားကျက်ချထားပြီး ထိန်းကျောင်းလျက်ရှိပါကြောင်း၊ အကွက်အမှတ်(၈)တွင် ကျောက်မီးသွေးတူးဖော်ခြင်းလုပ်ငန်းများ ရှိသည့်အတွက် ၎င်းနေရာနှင့် ဝေးသည့်နေရာများတွင် ဆင်စားကျက်များချထားပါကြောင်း၊

သို့ဖြစ်ပါ၍  မေးခွန်းနှင့်စပ်လျဉ်းပြီး အဆိုပါ ကြိုးဝိုင်းအတွင်း ဌာနပိုင်ဆင်အကောင် ၃၀ ခန့်သည့် ဆင်ကျောင်းလျက်ရှိပြီး မိုးတွင်းသစ်ထုတ်ချိန်တွင် လုပ်ကွက်များအတွင်း သစ်ထုတ်လုပ် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောက်မီးသွေးတူးဖော်ရေး လုပ်ငန်းကို လုပ်‌ဆောင်သည့် မြင်သားကြိုးဝိုင်း အကွက်အမှတ်(၆)နှင့် တိုကြိုးဝိုင်းအကွက် အမှတ်(၈)တို့တွင် ဆင်စားကျက်ချထားရန်မသင့်တော်ခြင်းကြောင့် ဆင်ဝိုင်းများထားရှိမှု မရှိပါကြောင်းနှင့် ကုမ္ပဏီ နှစ်ခုက သစ်တောဦးစီးဌာနသို့ လုပ်ငန်းအာမခံပေးသွင်းခြင်း၊ နှစ်စဉ်သစ်တောမြေငှားရမ်းခ များပေးသွင်းခြင်း၊ အစားထိုးသီးနှံပင်များစီမံချက်အလိုက် စိုက်ပျိုးပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေများနှင့် အညီ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ခံချက်ဖြင့် ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားတဲ့ စနစ်ဖြင့် ကျောက်မီးသွေးထုတ်လုပ်လုပ်ကိုင်မှုများ ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဒေါ်ယဉ်မင်းလှိုင်(ဂန့်ဂေါမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဝန်ကြီး၏ ဖြေကြားချက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောထားမှတ်ချက်များကို အဓိက ဖြေဆိုသွားသည်ကို သိရှိရပါကြောင်း၊ မိမိအနေဖြင့် တစ်ဆက်တစ်စပ်တည်း သိရှိ လိုသည်မှာ ယခုကဲ့သို့ပါပစ်များချထားပေးရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောထား မှတ်ချက်က အဓိကကျပါသလား သို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့၏ သုံးသပ်ချက်က အဓိကကျပါသလား ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ

သတ္တုလုပ်ကွက်ပါမစ်များ ချထားပေးရာတွင် သတ္တုတွင်းဥပဒေ၊ နည်းဥပဒေများ ရှိပါ ကြောင်း၊ ဥပဒေ၊ နည်းဥပဒေအရ လွတ်ကင်းမည်ဆိုပါက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောထား မှတ်ချက်ကို ရယူရပါကြောင်း၊ တိုင်းဒေသကြီးတစ်ခုတည်းရှိသည့် မြေယာ အရှုပ်အရှင်းပြဿနာ၊ မြေယာပိုင်ဆိုင်မှုများနှင့် ပြဿနာ၊ မြေယာသုံးစွဲခွင့် မြေယာ အမျိုးအစားများနှင့် ပတ်သက်ပြီး တိုင်းဒေသကြီးသဘောထားကို မေးရာတွင် တိုင်းဒေသကြီးသဘောထားက သက်ဆိုင်ရာဌာန၊ သတ္တုတွင်းဌာန၊ မြေယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန အပါအဝင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာန‌ပေါင်းစုံအဖွဲ့အစည်းတွေနှင့် ကွင်းဆင်းစစ်ဆေးပြီးမှသာ တိုင်းဒေသကြီးအစိုးရက  Cabinet ၏သဘောတူညီချက်ဖြင့် သဘောထား မှတ်ချက်ပြန်ကြားခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် လုပ်ထုံးလုပ်နည်းနှင့် နည်းဥပဒေ၊ ဥပဒေများကို ပြည်ထောင်စုဝန်ကြီးဌာနက အဓိက ကိုင်တွယ်ဆောင်ရွက်နေပြီး မြေယာကိစ္စနှင့်ပတ်သက်၍ တိုင်းဒေသကြီး၏ သဘောထား ထောက်ခံချက်က အဓိကဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးက သဘောမတူပါက မည်ကဲ့သို့စီမံကိန်းဖြစ်ပါစေ၊ ဒေသခံပြည်သူများ သဘောမတူပါက မည်သို့သောလုပ်ကွက်ကို ဖြစ်ပါစေ ပြည်ထောင်စုဝန်ကြီးဌာနက ချပေးခြင်းမရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။