(ဃ)-ကျောက်မျက်အရောင်းဆိုင်နယ်မြေအသက်ဝင်ရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက် သက်ဆိုင်ရာက မည်သို့ ဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၂.၁၁.၂၀၁၉)

မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၏  မြန်မာ့ကျောက်မျက်ရတနာ ပြတိုက် (နေပြည်တော်) ကို ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖွင့်လှစ်ခဲ့ပါကြောင်း ၁၂.၅ ဧကရှိသည့် မြန်မာ နိုင်ငံ၏ အကြီးဆုံးကျောက်မျက်ရတနာပြတိုက်ကြီးဖြစ်ပါကြောင်း၊ အထပ်သုံးထပ ်ပါရှိပြီး မြေညီထပ်တွင် ရုံးခန်းများ၊ အခြားအခန်းများ၊ ကားရပ်နားရန်နေရာများ၊ ပထမထပ်တွင် ကျောက်မျက်ရတနာဆိုင်ခန်းများနှင့် ဒုတိယအထပ်တွင် ပြခန်းများပါရှိပါကြောင်း၊ ၎င်းအနီး တွင် မဏိရတနာကျောက်စိမ်းခန်းမနှင့် ဥယျာဉ်တို့ကို ခေတ်မီနည်းပညာများအသုံးပြု တည်ဆောက်ထားပြီး ကျောက်မျက်ရတနာပြပွဲများ နှင့် လေလံပွဲများ ကျင်းပပြုလုပ်လျက် ရှိပါကြောင်း၊ ကျောက်မျက်ရတနာအချောထည် ပစ္စည်းများအား နိုင်ငံတကာ ဈေးကွက်သို့ အချိန်မရွေးရောင်းချနိုင်ရန်ရည်ရွယ်၍ ကျောက်မျက်ရတနာအချောထည်  အရောင်းဆိုင် နယ်မြေအဖြစ် ဒက္ခိဏသီရိမြို့နယ်တွင် တစ်ဧကရှိမြေကွက် ၁၂၂ ကွက်ဖော်ထုတ်၍ ကျောက်မျက်ရတနာလုပ်ငန်းရှင်များသို့ နေရာချထားပေးခဲ့ပြီး အဆောက်အဦများလည်း တည် ဆောက်ပြီးစီးနေပြီ ဖြစ်ပါကြောင်း၊

ကျောက်မျက်ရတနာအချောထည်လုပ်ငန်း သင်တန်းကျောင်းကိုလည်း တည်ဆောက်ပြီး ဖြစ်ပါကြောင်း၊ နေပြည်တော်လေဆိပ်၊ ဘူတာကြီး၊ အဝေးပြေးယာဉ်ရပ်နားစခန်းများ ဖွင့်လှစ်တည်ဆောက်ပေးထားပြီး အသေးစားနှင့်အလတ်စားစက်မှုဇုန်၊ အစိုးရဘဏ်များ၊ ပုဂ္ဂလိက ဘဏ်များ၊ ဟိုတယ်များနှင့် တည်းခိုရိပ်သာများလည်း တည်ဆောက်ဖွင့်လှစ်ပြီး ဖြစ်ပါကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာပါက နေပြည် တော်တွင် အလုပ်အကိုင်အခွင့်အလမ်း များ များစွာဖန်တီးပေးနိုင်မည် ဖြစ်ပါကြောင်း၊ နေပြည်တော်တွင် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရန်နှင့် နိုင်ငံတော် အတွက် အခွန်ဘဏ္ဍာငွေများပိုမိုရရှိစေရန် ကျောက်မျက်အရောင်းဆိုင် နယ်မြေအသက်ဝင် ရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့မှ လို အပ်သော တွန်းအားနှင့် အကူအညီပေးမှုများ ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊

ထို့ကြောင့် ဒက္ခိဏသီရိမြို့နယ်ရှိ ကျောက်မျက်အရောင်းဆိုင်နယ်မြေ အသက်ဝင်ရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက် သက်ဆိုင်ရာတို့က မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကိုသိလိုပါကြောင်း မေးမြန်းပါသည်။


 

 

ဖြေကြားသူ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ
အဖြေ

မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) ကို ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် ဖွင့်လှစ် ခဲ့ပြီး ၎င်းအနီးတွင်ရှိသည့်  မဏိရတနာကျောက်စိမ်းခန်းမတွင် ကျောက်စိမ်း၊ ကျောက်မျက်ရတနာ ပြပွဲများနှင့် လေလံပွဲများကို ကျင်းပပြုလုပ်လျက်ရှိပါကြောင်း၊ ထို့အပြင် ကျောက်မျက်ရတနာအချောထည် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်စေရန်နှင့် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာများ ပိုမိုရရှိစေရန်ရည်ရွယ်၍ နေပြည် တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရွှေကြာပင်ရတနာ ဈေးကို ဖော်ဆောင်ခဲ့ပြီး ၎င်းရတနာဈေး အတွင်း ဆိုင်ခန်းများဖွင့်လှစ်ဆောင်ရွက်ရန်အတွက် ရတနာဆိုင်လိုင်စင်များချထားပေးခဲ့ရာ လက်ရှိတွင် လိုင်စင်ရယူထားသူ ၁၉ ဦးရှိပါကြောင်း၊ အဆိုပါ ရွှေကြာပင်ရတနာဈေး ကျောက်မျက်ရတနာကဏ္ဍနှင့်ပတ်သက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီး‌ပေးနိုင်ရန်ရည်ရွယ်ပြီး ကျောက်မျက်ရတနာသင်တန်းကျောင်းကိုလည်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်းဖွင့်လှစ်ခဲ့ပြီး ကျောက်မျက်ပညာရပ် များကို သင်ကြားပေးလျက်ရှိပါကြောင်း၊

ကျောက်မျက်ရတနာအချောထည်သင်တန်း ပထမအကြိမ်ကို ၁၁-၁-၂၀၁၇ ရက်နေ့မှ ၅-၈-၂၀၁၇ ရက်နေ့အထိ သင်တန်းသူသင်တန်းသား ၂၀၂ ဦးနှင့် စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး အဆိုပါ သင်တန်းမှ ထူးချွန်ကျောင်းသား ၅၀ ဦးကို ပြည်ပကျောက်မျက် ရတနာသင်တန်း များသို့ သွားရောက် ပညာသင်ကြားနိုင်ရန် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ကျောက်မျက် အချောထည် သင်တန်း ဒုတိယအကြိမ်ကို ၂၂-၁၁-၂၀၁၇ ရက်နေ့မှ ၁၀-၈-၂၀၁၈ ရက်နေ့ အထိ သင်တန်းသူသင်တန်းသား ၁၅၀ ဦးကို လက်ခံသင်ကြားပေးခဲ့ပါကြောင်း၊ ၂၀-၁၁-၂၀၁၉ ရက်နေ့ကလည်း တတိယအကြိမ် ကျောက်မျက်အချောထည်သင်တန်းကို ဖွင့်လှစ် နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအနေဖြင့် ကျောက်စိမ်း၊ ကျောက်မျက် အချောထည် အလွတ်များ၊ လက်ဝတ်ရတနာများ၊ ကျောက်မျက်ရတနာဖြင့် ပြုလုပ်ထား သည့် ပစ္စည်းများကို နိုင်ငံခြားငွေဖြင့်ပြည်ပသို့ ကုန်းကြောင်း၊ ‌ရေကြောင်း၊ လေကြောင်း များနှင့် တင်ပို့ရောင်းချခြင်း လုပ်ငန်းများ အချိန်တိုအတွင်းတစ်နေရာတည်းတွင် လွယ်ကူ ချောမွေ့စွာ‌ ဆောင်ရွက်နိုင်ရေး အတွက်လည်း နေပြည်တော်အပါအဝင် မြို့ကြီးငါးမြို့တွင် ကျောက်မျက်ရတနာရောင်းဝယ်ရေးဌာန (Gems Trading Centre) များ ဖွင့်လှစ်ဆောင် ရွက်မည့့််အစီအစဉ်ကို ဖော်ပြပါအတိုင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ကျောက်စိမ်း၊ ကျောက်မျက် အ‌ချောထည်၊ လက်ဝတ်ရတနာများ၊ Gems Trading Centre များဖွင့်လှစ်ပြီး ပြည်ပသို့ တင်ပို့ရောင်းချမည့်စီမံချက်ကို နိုင်ငံတော်သမ္မတရုံးသို့ ၂၉-၅-၂၀၁၈ ရက်နေ့တွင် တင်ပြခဲ့ပါ ကြောင်း၊ သမ္မတရုံး၏ လမ်းညွှန်ချက်အရဝန်ကြီးဌာနအနေဖြင့် Gems Trading Centre တွင် အဖွဲ့ဝင်အဖြစ်ပါဝင်ဆောင်ရွက်ရမည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့နှင့် အစည်းအဝေး ပြုလုပ်ပြီး ညှိနှိုင်းတိုင်ပင်ဆွေးနွေးခဲ့ကြပါကြောင်း၊ ၁၆-၁၀-၂၀၁၈ ရက်နေ့တွင် Gems Trading Centre အမိန့်ကြော်ငြာစာ(မူကြမ်း)ကို ပြုစုရေးဆွဲပြီး ဆက်စပ်ဝန်ကြီးဌာန များထံသို့ သဘောထား မှတ်ချက်တောင်းခံခဲ့ပါကြောင်း၊ Gems Trading Centre များ ဖွင့်လှစ်မည့်ကိစ္စနှင့် စပ်လျဉ်းပြီး ထုတ်ပြန်မည့် အမိန့်ကြော်ငြာစာ(မူကြမ်း)ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက သဘောထားမှတ်ချက်နှင့်အညီ ညှိနှိုင်းပြင်ဆင်ပြုစုပြီး နိုင်ငံတော် သမ္မတရုံးသို့ တင်ပြခဲ့ရာမှာ နိုင်ငံတော်သမ္မတရုံး၏ လမ်းညွှန်မှုအရ မိမိတို့စီးပွားရေးရာ ကော်မတီကိုလည်း တင်ပြထားပြီးဖြစ်ပါကြောင်း၊ နေပြည်တော် Gems Trading Centre (GTC) ကို ရွှေကြာပင်ရတနာဈေးအတွင်း ဖွင့်လှစ်နိုင်ရေးအတွက် အဆောက်အဦကိုလည်း ဆောက်လုပ်ပြီးစီးပြီဖြစ်၍ ဖွင့်လှစ်ရန်ခွင့်ပြုချက်ရရှိပါက လုပ်ငန်းများ စတင်ဆောင်ရွက်နိုင် ရန် စီစဉ်ထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နေပြည်တော်၊ ရွှေကြာပင် ကျောက်မျက်ရတနာ အရောင်းဆိုင်နယ်မြေ အသက်ဝင်ရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ခဲ့သည့်အခြေအနေများကို သိရှိနိုင်ရန် ဖြေကြားပါသည်။