(ဂ)- ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် စိုက်ပျိုးဖြစ်ထွန်း အောင်မြင်ပြီး ဝါးစိုက်ခင်းများအခြေအနေကို ရှင်းလင်းချပြရန်နှင့် ဝါးစိုက်ပျိုးဆောင်ရွက်လို သူများအတွက်မည်သို့ကူညီဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၂.၁၁.၂၀၁၉)

၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်များအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် စိုက်ပျိုးဖြစ်ထွန်း အောင်မြင်ပြီး ဝါးစိုက်ခင်းများအခြေအနေကို ရှင်းလင်းချပြရန်နှင့် ဝါးစိုက်ပျိုးဆောင်ရွက်လို သူများအတွက် နိုင်ငံတော်မှ မည်သို့ကူညီဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

၇-၁၀-၂၀၁၆ ရက်နေ့တွင် တင်သွင်းခဲ့သော ဝါးစိုက်ပျိုးရေးကဏ္ဍ တွင်တွင်ကျယ်ကျယ် ဖြစ်ထွန်း အောင်မြင်တိုးတက်နိုင်ရေး နိုင်ငံတော်အစိုးရကနေ ဦးဆောင်ပါဝင်ရေးအဆိုနှင့် ပတ်သက်၍ ၂၈-၂-၂၀၁၇ ရက်နေ့တွင် ပြည်သူ့လွှတ်တော်အစည်းအဝေးက အတည်ပြုပေး ခဲ့ပါကြောင်း၊ ယခုအချိန်တွင် အဆိုတင်သွင်းခဲ့သည့်မှာ နှစ်နှစ်ကျော်ကာလ ရောက်ရှိလာပြီ ဖြစ်ပါကြောင်း၊ ယင်းအဆိုကို တင်သွင်းခဲ့သည့်ရည်ရွယ်ချက်က တစ်နိုင်ငံလုံးအနှံ့ဖြစ် ပေါ်နေသည့် သစ်တောပြန်းတီးမှုကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ ရာသီဥတု မမှန်ကန်မှု၊ ဖန်လုံအိမ်ဓာတ်ငွေ့တွေကြောင့် အပူလွန်ကဲလာမှုနှင့် သစ်တောသစ်ပင် ရှားပါး လာမှုကြောင့် ကျေးလက်နေ ပြည်သူများ နေစရာအိမ်အတွက် တန်ဖိုးနည်းဝါးအိမ် ကျူ ထရံကာ စသည်ဖြင့် အသုံးပြုနိုင်မည့် လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန်နှင့် တစ်ဖက်တွင် လည်း ဝါးမှ နိုင်ငံခြားငွေရှာဖွေပေးနိုင်ရေး၊ နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် ဝါးကအဆင့်မြင့်ထုတ်ကုန်တွေအတွက် ကုန်ကြမ်းအဆင်ဖြစ်လာစေရေး၊ စက်ရုံ၊ အလုပ်ရုံ များလာသည်နှင့်အမျှ အလုပ်အကိုင်ဖန်းတီး ပေးလိုက်နိုင်ပြီးတစ်ဖက်တွင်လည်း ကာဗွန် ဓာတ်ထုတ်လုပ်မှုတွေများလာနိုင်တဲ့အတွက်လေထုညစ်ညမ်းမှုများရှိလာသည့်အခါ ဝါးပင်ကို နေရာအနှံ့စိုက်ပျိုးထားခြင်းအားဖြင့် ကာဗွန်စုပ်ယူမှုအားနှင့် အောက်ဆီဂျင်ထုတ်ပေး နိုင်သည့်အားသည် အခြားသစ်ပင်များထက် ငါးဆမြင့်မားခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု ပိုမိုကောင်းမွန်လာစေနိုင်မည်ဖြစ်ပါကြောင်း၊ ဝါးပင်က မျှစ်ကိုရရှိသည့်အတွက် ကြောင့် ကျေးလက်နေပြည်သူများအတွက် မိသားစုဝင်ငွေကို ရရှိနိုင်ရန် အလုပ်အကိုင်ကို လည်း ဖန်တီးပေးပြီး မျှစ်ကိုအဆင့်မြင့်စားသုံး ကုန်စည်အဖြစ်ဖြင့် ထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံခြားငွေရှာပေးနိုင်မည်ဖြစ်ပါကြောင်း၊ မျှစ်နှင့် ဝါးသည် အခြားအပင်များကဲ့သို့ နှစ်ရှည် စောင့်ရန်မလိုဘဲ အသုံးပြုနိုင်သည့်အပြင် လူသားများအတွက် စားဝတ်နေရေး အရေးသုံးပါး အပြင် ဆေးဝါး၊ အဝတ်အထည်များလည်း ပြုလုပ်နိုင်ပါကြောင်း၊ ဝါးများကို သဘာဝထွက်ရှိမှု အတိုင်း ထုတ်ယူသုံးစွဲနေသည့် သစ်၊ ဝါးများ တဖြည်းဖြည်းရှားပါးလာ၍ ပြန်လည်စိုက်ပျိုး ရန် လိုအပ်လာပါကြောင်း၊ ကြီးမြန်အပင်မျိုးဖြစ်သည့်အတွက် သစ်တော၊ သစ်ပင်စိမ်းလန်း စိုပြည်ရန် လွယ်ကူပြီး ရာသီဥတုမှန်ကန်လာရေး၊ အပူဒဏ်ကို ကာကွယ်နိုင်ရေး၊ ရေဝေရေလဲ ထိန်းသိမ်းမှုကောင်းမွန်၍ သဘာဝအန္တရာယ်နှင့် ရေရှားပါးမှုများကို ကာကွယ်ပေးနိုင်ပြီး အရွက်ကြွေ အားကောင်းသည့် အတွက်ကြောင့်လည်း မြေဆီလွှာထိန်းသိမ်းမှုကို ကောင်းမွန် စေပါကြောင်း၊ ဝါးတောများ ပြန်လည်ရှင်သန်ဖြစ်ထွန်းလာသည့်နှင့်အမျှ သစ်တော၊ သစ်ပင်များ စိမ်းလန်း စိုပြည်လာပြီး သစ်တောကိုမှီခိုနေထိုင်ကြသည့် တောရိုင်း သတ္တဝါများ အတွက် နားခိုစရာနေရာများ ဖြစ်လာခြင်းကြောင့် ဂေဟစနစ်ကိုလည်း ကောင်းမွန်ပြီး အထောက်အကူပြု လာနိုင်မည် ဖြစ်ပါကြောင်း၊

၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်များအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် နိုင်ငံတော် ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍအလိုက် စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ပြီး ဝါးစိုက်ခင်းများ အခြေ အနေကို ရှင်းလင်း ချပြနိုင်ခြင်းရှိ/မရှိနှင့် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်လာရေး တစ်ဦးချင်း ဖြစ်စေ၊ အသင်းအဖွဲ့လိုက ဖြစ်စေ၊ ကုမ္ပဏီများအနေနှင့် ဖြစ်စေ ဝါးစိုက်ပျိုးဆောင်ရွက်လို သူတွေအတွက် နိုင်ငံတော်က မည်သို့ ကူညီဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ
အဖြေ

 

မြန်မာနိုင်ငံရှိ သစ်တောများအတွင်း သစ်ပင်နှင့်ဝါးပင်များသည် သဘာဝအလျောက် ရောနှောပေါက်လျက်ရှိပြီး ဂေဟစနစ်အားဖြင့် အပြန်အလှန်အကျိုးပြုလျက်ရှိပါကြောင်း၊ အပူချိန် ၈ ဒီဂရီစင်တီ ဂရိတ်မှ ၃၆ ဒီဂရီစင်တီဂရိတ်နှင့် မိုးရေချိန် ၄၇ လက်မကနေ ၁၅၇ လက်မအတွင်းဒေသများတွင် သဘာဝအလျောက် ဝါးပေါက်ရောက်ပါကြောင်း၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရခိုင်ရိုးမရှိသစ်‌တောများတွင် ကရင်ဝါးမျိုးများ တစ်ဆက်တစ်စပ်တည်း ကျယ်ကျယ်ပြန့်ပြန့် ပေါက်ရောက်တတ်ပြီး ရွက်ပြတ်ရောနှောတောများတွင် ကြက်သောင်း ဝါး၊ မျှင်ဝါး၊ တင်းဝါး၊ ဝါးဖြူစသည့် ဝါးမျိုးများနှင့် ကျွန်းပင်များရောနှောပေါက်လေ့ ရှိပါကြောင်း၊ ဒီရေတောများတွင် သဘာဝအလျောက် ဝါးပေါက် ရောက်ခြင်း မရှိပါကြောင်း၊ သဘာဝဝါးတောများမှ နှစ်စဉ်တစ်နေရာတည်းမှာခုတ်ယူသုံးစွဲခြင်း၊ စနစ်တကျ ဝါးခုတ် ယူမှုမရှိခြင်း၊ တစ်နှစ်ပတ်လုံးခုတ်ယူခြင်းနှင့် မျှစ်အလွန်အကျွံ ချိုးယူခြင်း တို့ကြောင့် ဝါးအရည်အသွေးနှင့် အရေအတွက် ကျဆင်းလာသည့်အတွက် သစ်တောဦးစီး ဌာနအနေဖြင့် ဝါးသယံဇာတများ ရေရှည်တည်တံ့ပြီးတော့ စဉ်ဆက်မပြတ် သုံးစွဲနိုင်ရန်အတွက် သဘာဝဝါး တောများကို စနစ်တကျစီမံအုပ်ချုပ်ခြင်း၊ သစ်တောနယ်မြေများမှာ စီးပွားဖြစ်ပုဂ္ဂလိက ဝါးစိုက်ခင်းများ တည်ထောင်ရန်အတွက် တစ်ဦးချင်းဖြစ်စေ၊ အသင်းအဖွဲ့လိုက်ဖြစ်စေ၊ ကုမ္ပဏီများအနေနှင့်ဖြစ်စေ ဝါးစိုက်ပျိုးမှုဆောင်ရွက်လိုသူများအတွက် ခွင့်ပြုပေးလျက်ရှိပါ ကြောင်း၊ သဘာဝဝါးတောများ ရေရှည်တည်တံ့ရန် ဒေသခံပြည်သူများက စနစ်တကျ ထုတ်ယူ သုံးစွဲနိုင်ရန် ရည်ရွယ်ပြီး ကနဦးဝါးအခြေပြု ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော ရှေ့ပြေးစီမံကိန်းကို ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီမြို့နယ်၊ မင်းလှမြို့နယ်၊ အုတ်ဖို မြို့နယ်နှင့် လက်ပံတန်းမြို့နယ်များတွင် အဖွဲ့ဝင် ၃၅၅ ဦးပါဝင်သည့် အသုံးပြုသူအစုအဖွဲ့ ၂၅ ဖွဲ့နှင့် ဧရိယာ ၇၂၄၀၀ ကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ အခြားတိုင်း ဒေသကြီးနှင့်ပြည်နယ်များတွင်လည်း သဘာဝဝါးတောများကို ဒေသခံ ပြည်သူများက ကိုယ်တိုင်ပြုစုထိန်းသိမ်းပြီး စနစ်တကျထုတ်ယူ သုံးစွဲနိုင်ရန် ဒေသပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ခွင့်ပြုနိုင်ရေးကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

ပြည်နယ်/တိုင်းဒေသကြီးအလိုက် ဝါးစိုက်ခင်းများစိုက်ပျိုးပြီး မိရိုးဖလာစီးပွားဖြစ် ဝါး စိုက်ခင်း တည်ထောင်ခြင်းမှာ အလွန်ပင်နည်းပါးပြီး ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် အချို့သောပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဒေသသုံးဝါးအတွက် စိုက်ပျိုးလျက် ရှိသော်လည်း စီးပွားဖြစ်တည်ထောင်ခြင်း လွန်စွာနည်းပါးပါကြောင်း၊ အစိုးရသစ် ကာလအတွင်း ပြည်ထောင်စု နယ်မြေ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ဝါးစိုက်ပျိုးလိုသူ ၉၁ ဦး အတွက် သစ်တောနယ်မြေများ အတွင်း ပုဂ္ဂလိကဝါးစိုက်ခင်း ၃၀၃၄ ဧက တည်ထောင်ရန် ခွင့်ပြုပေးခဲ့ရာ ၁၈၁၂ ဧက စိုက်ပျိုး ပြီးစီးခဲ့ပြီး စီမံချက်ကာလအတွင်း စိုက်ပျိုးခြင်းမရှိသည့် ဧရိယာ ၂၀၀ ဧကကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည်သိမ်းဆည်းခဲ့ပါကြောင်း၊

သစ်တောဦးစီးဌာနအနေဖြင့်လည်း ၂၀၁၈ ခုနှစ် မိုးရာသီတွင် တိုင်းဒေသကြီး/ပြည်နယ်များရှိ မြေကွက် ကွက်လပ်နေရာများတွင် ဝါးစိုက်ခင်း ၂၄၂ ဧက ဝါးအပင်ပေါင်း ၉၄၆၁၁ ပင် စိုက်ပျိုးခဲ့ပြီး ၂၀၁၉ ခုနှစ် မိုးရာသီတွင်လည်း ဝါးမျိုးစုစုပေါင်း ၁၅၃၄၀၁ ပင် စိုက်ပျိုးပြီးဖြစ်ပါကြောင်း၊ ပုဂ္ဂလိက ဝါးစိုက်ခင်းအပါအဝင် ပုဂ္ဂလိကသစ်တော စိုက်ခင်း များနှင့် ဒေသခံအစုအဖွဲ့ပိုင် သစ်တောဝါး စိုက်ခင်းများသည့် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ထွန်း လာစေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများကို ၂၀၁၇ ခုနှစ် မေလနှင့် ၂၀၁၉ ခုနှစ် မေလတို့တွင် သစ်တောဦးစီးရုံးချုပ် (နေပြည်တော်)တွင် လည်းကောင်း ၃၆ ကြိမ်ခန့်ကို ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးများတွင် လည်းကောင်း ကျင်းပခဲ့ပါကြောင်း၊

ဝါးအခြေခံအသက်မွေးဝမ်းကျောင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်တော သုတေ သနဌာန(နေပြည်တော်)၊ မကွေးတိုင်းဒေသကြီးဒေသကြီးတို့တွင် သင်တန်းလေးကြိမ်၊ ဗဟို သစ်တောလုပ်ငန်းဖွံ့ဖြိုးမှုလေ့ကျင့်ရေးပညာပေးရေးဌာန(မှော်ဘီ)နှင့်(ပုသိမ်ကြီး)တို့တွင် တန်ဖိုးမြင့် ဝါးထုတ်ကုန်ပစ္စည်းထုတ်လုပ်ခြင်းနှင့် သဘာဝဝါးတောများ စီမံအုပ်ချုပ်ခြင်း သင်တန်းများကို ဖွင့်လှစ်ပြီး စွမ်းဆောင်ရည်မြှင့်တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ပုဂ္ဂလိက ဝါးစိုက်ခင်းများ ကျယ်ကျယ်ပြန့်ပြန့်အကောင်အထည်‌ဖော် စိုက်ပျိုး နိုင်ရန်အတွက် သစ်တောဦးစီးဌာနအနေဖြင့် ဝါးစိုက်ခင်းဧက ၅၀ နှင့်အောက်တည်ထောင်လို သူများအတွက် လုပ်ငန်းအာမခံကြေးငွေ ပေးသွင်းခြင်းမပြုစေဘဲ သက်ဆိုင်ရာတိုင်း ဒေသကြီး/ပြည်နယ်များမှ လွယ်ကူ လျင်မြန်စွာ စိစစ်ခွင့်ပြုပေးရန် လုပ်ထုံးများ ဖြေလျှော့ ပေးခဲ့ပါကြောင်း၊

၂၀၁၉ ခုနှစ် မတ်လကစတင်ပြီး မြေနေရာလက်ဦများဟန့်တားနိုင်စေရန် ဝါးစိုက်ပျိုး ခြင်းအား အလေးအနက်ထားဆောင်ရွက်စေရန်နှင့် ဌာနမှကြီးကြပ်မှု ထိရောက်စေရန် ရည်ရွယ်ပြီး လုပ်ငန်းအာမခံကြေးကို တစ်ဧကတွင် သုံးသောင်းကျပ်ပေးသွင်းပြီးမှ စိုက်ပျိုး ခွင့်ပြုခဲ့ပါကြောင်း၊ သစ်တောနယ်မြေများတွင် စီးပွားရေးပုဂ္ဂလိကဝါးစိုက်ခင်းများ တည်ထောင်ရန်အတွက် တစ်ဦးချင်းဖြစ်စေ၊ အသင်းအဖွဲ့လိုက်ဖြစ်စေ၊ ကုမ္ပဏီများ အနေနှင့်ဖြစ်စေ ဝါးစိုက်ပျိုး ဆောင်ရွက်လိုသူများအတွက် အများဆုံးဧက ၁၀၀ အထိကို ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ သဘောတူညီချက် ဧက ၁၀၀ နှင့် အထက်ကို ဝန်ကြီး ဌာနမှ တစ်ဆင့် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် အိတ်ဖွင့်တင်ဒါ ခေါ်ယူခွင့်ပြု လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဝါးသယံဇာတများ ရေရှည်တည်တံ့ပြီး စဉ်ဆက် မပြတ်သုံးစွဲနိုင်ရေးနှင့် သဘာဝတောများကို စနစ်တကျစီမံအုပ်ချုပ်နိုင်ရေးတို့အတွက် ပညာပေးစည်းရုံးဟောပြောခြင်း၊ သင်တန်းများဖွင့်လှစ်ခြင်း စည်းကမ်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်စေရေး ကြီးကြပ်လျက်ရှိသည့်အပြင် ပုဂ္ဂလိကဝါးစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းအတွက် လုပ်ထုံးလုပ်နည်းတွေ ဖြေလျှော့ပေးခဲ့ပြီး ဝါးအဆင့်မြှင့်ကုန်ထုတ်လုပ်ရေး ဈေးကွက်နှင့်နည်းပညာ လိုအပ်ချက်များ ဖြည့်တင်းနိုင်ရေးတို့အတွက် မြန်မာ နိုင်ငံကြိမ်နှင့် ဝါး လုပ်ငန်းရှင်များအသင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးခင်ချို(လှိုင်းဘွဲ့မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

မေးခွန်းဖြေကြားချက်တွင် တစ်ဧကကို စပေါ်ငွေ သုံးသောင်းဆိုသော်လည်း ဝါးစိုက်ပျိုးရေး အသင်းမှ ဝါးစိုက်ပျိုးလိုသူများတင်ပြချက်တွင် တစ်ဧကလျှင် ငါးသောင်းဟု ဆိုပါကြောင်း၊ ထို့ကြောင့် စိုက်ပျိုးလိုသူများ တစ်ဦးချင်းအနေဖြင့် စပေါ်ငွေအတွက် အခက်အခဲရှိပါကြောင်း၊ ထို့ကြောင့် တောင်သူတစ်ဦးချင်းအလိုက်အတွက် ချေးငွေများကို နိုင်ငံတော်က ဆောင်ရွက် ပေး နိုင်ခြင်းရှိ/မရှိ၊ သို့မဟုတ် တစ်နည်းတစ်လမ်းဖြင့် အဆင်ပြေအောင် ကူညီဆောင်ရွက် နိုင်ခြင်း ရှိ/မရှိ၊ တစ်ဦးချင်းဝါးစိုက်ပျိုးလိုသူများက သစ်တောဦးစီးဌာနကို လျှောက်ထားရာ တွင် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများ၊ တင်ပြရန်လိုအပ်သည့်အချက် အလက်များကို အသေးစိတ်ရှင်းပြပေးနိုင်မည်ဆိုပါက ရှင်းပြပေးစေလိုကြောင်း တင်ပြ မေးမြန်းပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ

တစ်ဧကလျှင် လုပ်ငန်းအာမခံကြေး ငွေကောက်ခံနေသည်မှာ မြေနေရာလက်ဦးမှု ဟန့်တား နိုင်စေရေးကို အဓိကရည်ရွယ်ပြီး ဆောင်ရွက်ခြင်းသာဖြစ်ပါကြောင်း၊ အဆိုပါကကိစ္စကို မိမိတို့ ဝန်ကြီးဌာနက ပြန်လည်ညှိနှိုင်းသုံးသပ်ပြီးတင်ပြပြီးမှ ဆုံးဖြတ်သွားရမည့် ကိစ္စဖြစ်ပါ ကြောင်းနှင့် အဆိုပါကိစ္စကို လွှတ်တော်ကိုယ်စားလှယ်ကြီးသို့ သီးခြား ပြန်လည်ပြီး ဖြေကြားပေးမည် ဖြစ်ပါကြောင်း၊ လုပ်ထုံးလုပ်နည်း Procedure SOP နှင့်ပတ်သက်၍ ဒေသခံများကို အသေးစိတ် ရှင်းပြရန်လည်း ဝန်ကြီးဌာနနှင့် သစ်တောဦးစီးဌာနတို့နှင့် ညှိနှိုင်းပြီး ပေါင်းစပ်ဆောင်ရွက်ပေးသွားပါမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။