ဒိုက်ဦးမြို့နယ်၊ ဘုရားကြီးကွင်းကျေးရွာအုပ်စု မိုးယွန်းကြီးအင်း မြောက်ကျောင်းလမ်းမှ အမြန်လမ်း မိုင်တိုင် ၅၂ မိုင် ၃ ဖာလုံအထိရှိသည့် သစ်ထုတ်လုပ်ရေးလမ်းမကြီးအား ကွန်ကရစ်လမ်းခင်းပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းကို မေးမြန်း သွားမည် ဖြစ်ကြောင်း၊
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လမ်းပန်းဆက်သွယ်ရေးသည် အဓိက အရေးကြီးသည့် အခန်းကဏ္ဍ တစ်ရပ် ဖြစ်ကြောင်း၊ ထို့အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာငယ်မှအစ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန် အလွန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် လက်ရှိ ဒီမိုကရေစီ အစိုးရသစ်လက်ထပ်တွင် လမ်း၊ တံတားများကို အထူးစီမံချက်များ ရေးဆွဲ အကောင်အထည်ဖော်ပြီး ဆောင်ရွက်နေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ရနေသည့် အချိန်ဖြစ်ပါကြောင်း၊
မိမိမေးမြန်းသည့် လမ်းသည် ဒိုက်ဦးမြို့၏ တောင်ဘက် ၁၆ မိုင်ခန့် အကွာအဝေးတွင်ရှိပြီး ရန်ကုန်-မန္တလေး ကားလမ်းအဟောင်း မိုင်တိုင် ၆၉ မိုင်အနီးတွင် တည်ရှိပြီး ပဲခူးမြို့နယ် ပျဉ်ပုံကြီး ကျေးရွာအုပ်စု၊ သုံးအိမ်စုကျေးရွာတွင် တည်ရှိပါကြောင်း၊ ပျဉ်ပုံကြီးကျေးရွာ ဖလောက်တန်း မိုးယွင်ကြီး အပန်းဖြေနားနေစခန်းမှ ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင် ၅၂ မိုင် ၃ ဖာလုံအထိ ဆက်သွယ်ထားသည့် လမ်းမကြီးလည်း ဖြစ်ပါကြောင်း၊ ၎င်းလမ်းမကြီးကို လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့် က န. ဝ. တ၊ န. အ. ဖ အစိုးရ လက်ထက်ကတည်းက စတင်ဖောက်လုပ်ခဲ့ပြီး ခြောက်၊ ကိုးလိပ်သည်း ကျောက်များဖြင့် ခင်းထားသည့်ကြောင့် လမ်းအမာခံရှိသည့် လမ်းမကြီးများ ဖြစ်ပါကြောင်း၊ လမ်းဟောင်းနှင့် လမ်းသစ် ဆက်သွယ်ထားသည့် လမ်းမကြီးဖြစ်ပြီး လမ်း တစ်လျှောက်တွင် ကျေးရွာပေါင်း ငါးရွာနှင့် ခ. လ. ရ (၃၀) တပ်ရင်းတို့ ရှိပါကြောင်း၊
၎င်းလမ်းမကြီးကို ကွန်ကရစ်လမ်း ခင်းပေးမည်ဆိုပါက ၎င်းဒေသများတွင် ရှိသည့် ပျဉ်ပုံကြီး ကျေးရွာ၊ ဖလောက်တန်း၊ ခင်တန်းရွာမကြီးကျေးရွာ၊ ရဲဘော်ဟောင်းကျေးရွာ၊ ခ. လ.ရ (၃၀) တပ်ရင်း ဘိုတဲလေးကျေိးရွာ၊ ဘိုတဲလေးရွာသစ် ကျေးရွာများမှ ဒေသခံပြည်သူ များနှင့် တစ်နိုင်ငံ လုံးတွင် ရှိသည့် အမြန်လမ်း ခရီးသွား ဧည့်သည်များသည် ဧက ၂၄၀၀၀ ကျော် ရေပြင် ရှိပြီး တစ်နှစ်လုံး ရေမခမ်းသည့် သာယာနာပျော်ဖွယ်ကောင်းသည့်၊ စိတ်ကြည်နူးစရာကောင်းသည့် မိုးယွင်းကြီး အပန်းဖြေ အနားယူစခန်းနှင့် ကျေုးငှက် သာရကာ ပေါင်းစုံရှိသည့် ဘေးမဲ့တောကို လွယ်လင့်တကူ လမ်းသင့်မှ ဝင်ရောက်အပန်းဖြေ အနားယူနိုင်မည် ဖြစ်ကြောင်း၊ ပဲခူးရိုးမ သစ်ထုတ်လုပ်ရေး လမ်းမကြီးဖြစ်သော်လည်း ယခု အစိုးရသစ်လက်ထက်တွင် ပဲခူးရိုးမှ သစ်တောများ ပြုန်းတီးမှုကြောင့် ဆယ်နှစ်တာ ပိတ်ထား သည့် လမ်းမကြီးဖြစ်ကြောင်း၊ သစ်ထုတ်စဉ်အခါက ၁၅ တန် ခန့်ရှိသည့် သစ်ကားကြီးများ သွားလာထားသည့်အတွက် နွေရာသီတွင် ဖုံတလုံးလုံးနှင့် ချိုင့်များဖြစ်ပြီး မိုးရာသီတွင် ရွှံ့များဖြင့်ချော်ပြီး သွားလာ၍ မရသည့် လမ်းမကြီး ဖြစ်ကြောင်း၊
၎င်းလမ်းမကြီးကို ပဲခူးမြို့နယ်နှင့် ဒိုက်ဦးမြို့နယ်ကြား နှစ်မြို့နယ်ထိစပ်သည့် လမ်းမကြီး ဖြစ်ကြောင်း၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းနှင့် လမ်းသစ်ကို ရှစ်မိုင်ကျော် ကိုးမိုင် ခန့်ဖြင့် ဆက်သွယ်ထားသည့် လမ်းမကြီးဖြစ်ပြီး ၎င်းလမ်းမကြီးတစ်လျှောက် ကျေးရွာ များတွင် လမ်းမကောင်းသည့်အတွက် လူမှုဘဝ နိမ့်ကျလျက် ရှိနေကြောင်း၊ ပညာရေး၊ ကျန်းမာရေးမှအစ လူမှုဒုက္ခအဝဝကို နှစ်စဉ်နှစ်တိုင်း ခံနေရကြောင်း၊ ၎င်း လမ်းမကြီး မကောင်းသည့်အတွက် ကုန်စည် စီးဆင်းမှု မကောင်းသည့်အတွက် ကုန်ထုတ ်စွမ်းအားစု မရှိဖြစ်နေပါကြောင်း၊ ထို့ကြောင့် ၎င်းလမ်းမကြီးကို ကွန်ကရစ်လမ်းခင်းပေးမည် ဆိုပါက ဒေသဖွံ့ဖြိုးရေးကိစ္စနှင့် လူမှုရေး၊ ကျန်းမာရေးမှအစ ကုန်စည်စီးဆင်းမှုနှင့် ထုတ်လုပ်မှု ကောင်းမွန်ပြီး လူမှုကိစ္စအဝဝ အဆင်ပြေမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒိုက်ဦးမြို့နယ်၊ ဘုရားကြီးကွင်းကျေးရွာအုပ်စုရှိ မိုးယွန်းကြီးအင်း မြောက်ကျောင်းလမ်းမှ အမြန်လမ်း မိုင်တိုင် (၅၂/၃) အထိရှိသော သစ်ထုတ်လုပ်ရေးလမ်းမကြီးအား ကွန်ကရစ်လမ်းခင်းပေး ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဒိုက်ဦးမြို့နယ်၊ ဘုရာကြီးကွင်း ကျေးရွာအုပ်စုတွင်ရှိသည့် လမ်းမှာမိုးယွင်ကြီးအင်း မြောက် ကျောင်းလမ်းမှ ဘိုတဲလေးသစ်ဆိပ်အထိ ခုနစ် မိုင်ခန့်ကွာ ဝေးပြီး ဘိုတဲလေးသစ်ဆိပ်ကနေ အမြန်လမ်းမိုင်တိုင် ၅၂/၃ ထိ ၄.၅ မိုင်ခန့် ကွာဝေးပါကြောင်း၊
၁၉၈၀ ခုနှစ်တွင် ပွင့်လင်းရာသီ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူလမ်းဦးစီးဌာနက မိုးယွင်း ကြီးအင်း မြောက်ကျောင်းလမ်းကနေ ဘိုတဲလေးသစ်ဆိပ်အထိ ခုနစ်မိုင်ခန့် အကွာအဝေးကို စတစ်လမ်း ဖောက်လုပ်ခဲ့ပြီး ကျောက်ခင်းခြင်း လုပ်ငန်းကို တစ်ပါတည်း ဆောင်ရွက်ပေးခဲ့ ကြောင်း၊ ပဲခူး(တောင်) သစ်ထုတ်လုပ်ရေးဒေသအတွက် နှစ်စဉ်ရာသီချိန်အတွင်း တောတွင်းသစ်ကွက်များကို သွားရာမှာ သစ်တိုက် ကားလမ်းအဖြစ် ဘိုတဲလေးသစ်ဆိပ်မှ အမြန်လမ်း မိုင်တိုင် ၅၂/၃ အထိ ၄.၅ မိုင် အကွာအဝေးကို မြေသားလမ်းအဆင့်သာ ဖောက်လုပ်အသုံးပြုခဲ့ပြီး ၂၀၁၆ ခုနှစ် သစ်ထုတ်လုပ်ငန်း ရပ်နားချိန်အထိသာ အသုံးပြုခဲ့ ပါကြောင်း၊ ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာနသို့ လွှဲအပ်သစ်များ၊ ပြည်ပ ရောင်းဝယ်ရေးနှင့် သစ်စက်ဌာနမှ ရွေးချယ်ထားသည့် Export သစ်များ သယ်ယူခြင်း လုပ်ငန်းအတွက် ဘိုတဲလေးသစ်ဆိပ်ကနေ မိုးယွင်းကြီးအင်းမြောက် ကျောင်းလမ်း အပိုင်းအား ၂၀၁၇ ခုနှစ်၊ မတ်လအထိသာ အသုံးပြုခဲ့ပါကြောင်း၊ သစ်ထုတ်လမ်းများတွင် ဒိုဇာဖြင့် သစ်တိုက်ကားသွားနိုင်သည့် မြေသားလမ်းအဆင့်သာ သစ်ထုတ်ရေးဌာနမှ ဖောက်လုပ်ခြင်းဖြစ်သည့်အတွက် အဆိုပါလမ်းအား ဌာနက အသုံးမပြုသည့် အချိန် နောက်ပိုင်းတွင် ကွန်ကရစ်ခင်းပြီး လမ်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ရန် အစီအစဉ် မရှိသေးပါကြောင်းနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်သာ ညှိနှိုင်းဆောင်ရွက် သွားသင့်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
