မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ နှစ်ကိုင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ဝင်း အတွင်း ကျောင်းဆောင်သစ်ထပ်မံတိုးချဲ့ဆောက်ပေးနိုင်ရန် သက်ဆိုင်ရာပညာရေးဌာနအဆင့်ဆင့်သို့ လွန်ခဲ့သည့် ၅-၈-၂၀၁၄ ရက်နေ့တွင် လိုအပ်ချက်ပုံစံအပြည့်အစုံဖြင့် တင်ပြလျှောက်ခဲ့ဖူးပါကြောင်း၊ သို့သော်လည်း ယခုအချိန်ထိ ပြန်လည်အကြောင်းပြန်ခြင်းမရှိသည့်အတွက် ကျောင်းသား/သူဦးရေမှာလည်း လက်ရှိကျောင်းအဆောက်အဦနှင့် လုံးဝအခြေအနေမကိုက်ညီသည့်အတွက် လာမည့်စာသင်နှစ်တွင် လုံးဝအခြေအနေမပေးနိုင်သဖြင့် ၂၀၁၆-၁၇ နှစ်ကုန်ပိုင်းအချိန်တွင် နောက်ထပ် နှစ်ထပ်ကျောင်းဆောင်သစ် တစ်ဆောင် မဖြစ်မနေလိုအပ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ ဒုတိယ နှစ်ထပ်ကျောင်းဆောင်သစ် တည်ဆောက်ပေးနိုင်ရန်အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းဆောင်များ အသစ်တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ အပြီးသတ်ဆောက်လုပ်ခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ၊ ကျောင်းဆောက်လုပ်ပြီးစီးသည့် သက်တမ်းကြာမြင့်ပြီး အန္တရာယ် ရှိသည့်အခြေအနေ၊ လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီအောင်လည်းကောင်း၊ မြို့နယ်ဦးစားပေးအစီအစဉ် ကျောင်းအလိုက်တန်းစီဇယား ထည့်သွင်းလျာထားခြင်းဖြင့်လည်းကောင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ အခြေခံပညာကျောင်း ၅ ကျောင်း အတွက် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေခေါင်းစဉ်အောက်မှ ငွေကျပ် ၂၅၃.၈ သန်းကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ၊ ထုပ်ထုံးလုပ်နည်းများနှင့်အညီ မြို့နယ်ဦးစားပေး အစီအစဉ် ကျောင်းအလိုက် တန်းစီဇယား ခွဲဝေပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေခေါင်းစဉ်အောက်တွင် ပါဝင်ခြင်းမရှိသည့် စိစစ်သတ်မှတ်ပြီး အန္တရာယ်ရှိကျောင်းများ၊ ဥပဓိရုပ်မကောင်းတဲ့ကျောင်းများနှင့် ထပ်မံတိုးလာသည့်ကျောင်းများကို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှစပြီး ဘဏ္ဍာရေးနှစ်အလိုက် ငွေလုံးငွေရင်းရန်ပုံငွေခေါင်းစဉ်အောက်မှ မြို့နယ်ဦးစားပေးအစီအစဉ် ကျောင်းအလိုက် လျာထားဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ သံဖြူဇရပ်မြို့နယ်၊ နှစ်ကိုင်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)မှာ ကျောင်းဆောင်သစ်ဆောက်လုပ်ပေးရန် ယခုအစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။
