(ဆ)-ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်းရှိ တောင်သူလယ်သမားများအတွက် တောင်သူ လယ်သမားနေ့အဖြစ် မတ်လ(၂)ရက်နေ့ကို သတ်မှတ်ထားခြင်းမှ ပယ်ဖျက်ပေးရန်နှင့် ဗြိတိသျှ နယ်ချဲ့အစိုးရအား ဆရာစံဉီးဆောင်ပြီး တောင်သူလယ်သမားများ ကိုယ်တိုင် စတင်တော်လှန်ခဲ့သည့် ဒီဇင်ဘာလ(၂၂)ရက်နေ့ကို ပြောင်းလဲသတ်မှတ် အတည်ပြုပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်ရှိသည့် တောင်သူ လယ်သမားများသည် စိုက်ပျိုးလုပ်ကိုင်မှီတင်း နေထိုင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်းထောင်ချီပြီး ယနေ့အထိ တောင်သူလယ်သမားများ၏ စွမ်းအားဖြင့် ထုတ်လုပ်သည့် ဆန်စပါးကို အမှီပြုပြီး ကျွန်တော်တို့ နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတို့ကို ရှင်သန်ခဲ့ရခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် တောင်သူလယ်သမားများကို နိုင်ငံသားအားလုံးက ကျေးဇူးရှင်များအဖြစ် ဂုဏ်ပြုလေးစား တန်ဖိုးထားခဲ့ကြကြောင်း၊ ဖဆပလ အစိုးရလက်ထက်က ဇန်နဝါရီလ ၁ ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် ကျင်းပခဲ့ပြီး တော်လှန်ရေးကောင်စီအစိုးရက မတ်လ ၂ ရက်နေ့ကို တောင်သူလယ်သမားများနေ့အဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ကြောင်း၊
မတ်လ ၂ ရက်နေ့ ဖြစ်ကြောင်း၊ အတိတ်သမိုင်းကို စိတ်ရိုင်းများဖြင့် အမုန်းတရား၊ အမုန်းစကားများ ဖြန့်ဝေလက်ဆင့်ကမ်းရန် မဟုတ်ကြောင်း၊ အမှန်တရားသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို အထောက်အကူပြုမည် ဖြစ်သည့်အတွက် အာဏာသိမ်းခံရသည့် မတ်လ ၂ ရက်နေ့ သည် ပြည်သူလူထုက ရွေးချယ်တင်မြှောက်သည့် ပြည်သူ့အစိုးရ၊ ပြည်သူ့လွှတ်တော်၊ လူမျိုးစု လွှတ်တော်များကို ဖျက်သိမ်းပစ်သည့် နေ့၊ ပြည်သူအပေါင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စတင်ဆုံးရှုံးရသည့် နေ့၊ အာဏာရှင်များ အောက် ပြည်သူ၊ ကျောင်းသား ပြားပြားမှောက်ရသည့် နေ့၊ တောင်သူလယ်သမားများ မျိုးစပါး၊ ဝမ်းစာစပါးပါမကျန် မြေသိမ်းခံရပြီး ဆင်းရဲမွဲတေခြင်းဒဏ်ကို ခါးစည်းခံရရန် အကြောင်းဖန်လာသည့် အာဏာရှင်မျိုးဆက်တို့၏ မွေးနေ့ကို တောင်သူလယ်သမားနေ့ အဖြစ် သတ်မှတ်ခြင်းသည် နိုင်ငံရေးစံတန်ဖိုး၏ အနှစ်သာရ ကင်းမဲ့လှသည့်အတွက်ကြောင့် ပြည်သူ့အစိုးရအနေဖြင့် ဖျက်သိမ်းပေးရန် နှောင့်နှေးကြန့်ကြာ မနေသင့်သည်ကို ဆွေးနွေးလိုကြောင်း၊
နိုင်ငံရေးကျွမ်းဝင်မှု (Political Socialization) သည် နိုင်ငံတည်ငြိမ် အေးချမ်းရန်အတွက် အလွန် အရေးပါကြောင်း၊ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းနေသည့် နိုင်ငံများတွင် အာဏာရှင်စနစ်မှ လာသည့် နိုင်ငံရေး ကျွမ်းဝင်မှုများကို ဒီမိုကရေစီနိုင်ငံရေး ယဉ်ကျေးမှုဖြစ်စေရန် ကြိုးစားပမ်းစား ပြောင်းလဲကြရခြင်း ဖြစ်ကြောင်း၊ တောင်သူလယ်သမား မိသားစုများတွင် ရှိသည် နိုင်ငံရေး ကျွမ်းဝင်မှုများကို သိသိသာသာ ပြောင်းလဲသွားနိုင်သည့် ဆောင်ရွက်ချက် တစ်ရပ်အနေဖြင့် ပြည်သူ့အစိုးရက တပ်မတော်က အာဏာသိမ်းသည့် မတ်လ ၂ ရက်နေ့ကို တောင်သူ လယ်သမားနေ့အဖြစ် သတ်မှတ်ထားခြင်းကို ဖျက်သိမ်းပေးရမည် ဖြစ်ကြောင်း၊
သမိုင်းကို လိမ်ညာ၍ မရကြောင်း၊ ဖျောက်ဖျက်၍ မရကြောင်း၊ မြန်မာနိုင်ငံ တောင်သူ လယ်သမားများ၏ ဘဝကို မှတ်တမ်းတင်မည်ဆိုပါက ဆရာစံနှင့် တောင်သူလယ်သမားများသည် ခွဲခြား၍ မရကြောင်း၊ သုပဏ္ဏက ဂဠုန်နရာဇာဘွဲ့ခံဆရာစံ တောင်သူလယ်သမားများ၏ ဘဝ သင်္ကေတနိမိတ်ပုံ ဖြစ်ကြောင်း၊ အင်္ဂလိပ်နယ်ချဲ့အစိုးရနှင့် ဘူလင်ဂျာဘူး ဟုခေါ်သည့် ထိုစဉ်က စပါး ဝယ်ယူခဲ့သည့် ကုမ္ပကြီးများ၏ ဖိနှိပ်ခံ၊ တောင်သူလယ်သမားများ၏ ဆင်းရဲနုံချာသည့် ဘဝကို ဖော်ထုတ်ပြီး တောင်သူလယ်သမား တော်လှန်ရေးတစ်ရပ်ကို ရဲရဲဝံ့ဝံ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သူသည် ဆရာစံ ဖြစ်ပါကြောင်း၊ သာယာဝတီခရိုင်၊ ရေတပ်ရွာမှစ၍ ၁၉၃၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် တောင်သူလယ်သမားများ၏ ဘဝ လွတ်လပ်ရေး တိုက်ပွဲခေါ်သံကို စတင်ခဲ့ကြကြောင်း၊ သို့ပါ၍ ၁၉၃၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့ကို တောင်သူလယ်သမားနေ့ အဖြစ် ပြင်ဆင်ပြောင်းလဲသတ်မှတ်ပေးရန် အကြံပြုပါကြောင်း၊
မတ်လ ၂ ရက်နေ့သည် တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ထားခြင်းကို ပယ်ဖျက်ပေးရန် နိုင်ငံအဝန်းရှိ တောင်သူ လယ်သမားများနှင့် ပြည်သူလူထုက ဆန္ဒရှိကြသည်ကို သိရှိကြပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် ဗြိတိသျှနယ်ချဲ့ အစိုးရသည် ဆရာစံ ဦးဆောင်ပြီး တောင်သူ လယ်သမားများကိုယ်တိုင် စတင်တော်လှန်ခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက်နေ့ကို တောင်သူလယ်သမားနေ့ အဖြစ် ပြောင်းလဲသတ်မှတ် အတည်ပြုပါရန် အစီအစဉ် ရှိ/မရှိကို မေးမြန်းပါသည်။
မေးခွန်းပါ အကြောင်းအချင်းသည် သမိုင်း၏ ဖြစ်တည်မှုဖြင့် ဖြစ်ပေါ်လာခဲ့သည့်အတွက် တောင်သူလယ်သမားနေ့ ဖြစ်ပေါ်လာမှု နောက်ခံသမိုင်းကို လေ့လာဆန်းစစ်ပြီး ပကတိ အခြေအနေများနှင့် ထင်ဟပ်ပြီး ဖြေကြားမည်ဖြစ်ကြောင်း၊ ရှေးယခင်ကာလ လွှတ်တော် ကိုယ်စားလှယ်ကြီး တင်ပြသွားသည့်အတိုင်း တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် နိုင်ငံတော်၏ အခြေခံလူတန်းစားကြီး တစ်ရပ်ဖြစ်သည့် တောင်သူလယ်သမားများ စည်းလုံး ညီညွတ်မှု ရှိစေရန်၊ တောင်သူလယ်သမားများသည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသမိုင်း တစ်လျှောက် တိုက်ပွဲအင်အားစုများ ဖြစ်ခဲ့သည့်အတွက် ဂုဏ်ပြုသည့် အနေဖြင့် တောင်သူ လယ်သမား နှီးနှောဖလှယ်ပွဲ အခမ်းအနားများမှ မြစ်ဖျားခံလာသည်ကို တွေ့ရှိရကြောင်း၊ တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲများကို ကျင်းပလာခဲ့သည့်အချိန်တွင် ၎င်းကျင်းပမှု အပေါ်တွင် မူတည်ပြီး တောင်သူလယ်သမားနေ့ဆိုပြီး ပေါ်ပေါက်လာသည်ကို သိရှိရပါကြောင်း၊ မြန်မာ့ လယ်ယာမြေသမိုင်းကို ပြန်လည်ဆန်းစစ်ကြည့်မည်ဆိုပါက ကျင်းပခဲ့သည့် လယ်သမား နှီးနှောဖလှယ်ပွဲများ အနေအထားအရ ၁၉၆၂ ခုနှစ်တွင် အုန်းတောတောင်သူ လယ်သမား နှီးနှောဖလှယ်ပွဲ၊ ၁၉၆၃ ခုနှစ်တွင် ဒူးယားတောင်သူ လယ်သမားနှီးနှော ဖလှယ်ပွဲ၊ ၁၉၆၃ ခုနှစ်တွင် ပုပ္ပားတောင်သူလယ်သမား နှီးနှောဖလှယ်ပွဲ၊ ၁၉၆၄ ခုနှစ်တွင် ခပေါင်းတောင်သူလယ်သမား နှီးနှောဖလှယ်ပွဲ၊ ၁၉၆၅ ခုနှစ်ကနေ ၁၉၆၈ ခုနှစ်အထိ ကျိုက္ကဆံတောင်သူလယ်သမား နှီးနှောဖလှယ်ပွဲဟု နှီးနှောဖလှယ်ပွဲများကို ကျင်းပခဲ့ပြီး စီမံဆောင်ရွက်ခဲ့သည် အနေအထားကို မြန်မာ့လယ်ယာမြေ သမိုင်း အထောက်အထားဖြင့် တွေ့ရှိရပါကြောင်း၊ ၁၉၆၃ ခုနှစ်၊ တောင်သူ လယ်သမားနေ့ကို နှစ်စဉ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သော်လည်း ပုပ္ပား တောင်သူ လယ်သမား နှီးနှောဖလှယ်ပွဲကို တက်ရောက်လာကြသည့် တောင်သူလယ်သမားကြီးများ၊ ၎င်းကာလသည် လေ့လာတွေ့ရှိချက်အရ ဆရာစံတော်လှန်ရေးတွင် ပါဝင်ခဲ့ပြီး ကျန်ရှိခဲ့သည့် ဂဠုန်တပ်သား တောင်သူလယ်သမားကြီးများလည်း ပါဝင်တက်ရောက်ခဲ့သည့် အနေအထားမျိုး တွေ့ရကြောင်း၊ အဆိုပါ တောင်သူလယ်သမားများသည် ဇန်နဝါရီလသည် တောင်သူ လယ်သမားများ၏ လယ်ယာသီးနှံ ရိတ်သိမ်းချိန်နှင့် တိုက်ဆိုင်နေကြောင်း၊ အင်္ဂလိပ်နှစ်သစ်ကူး ကာလကို ဂုဏ်ပြုသလို ဖြစ်နေကြောင်း၊ တောင်သူလယ်သမားများအတွက် သင့်လျော် ကောင်းမွန်သည် ပွင့်လင်းရာသီဖြစ်သည့် မတ်လကာလ ပြောင်းလဲကျင်းပသင့်ကြောင်း တင်ပြ ခဲ့သည့်အတွက် ၁၉၆၄ ခုနှစ်က စတင်ပြီး မတ်လ ၂ ရက်နေ့ကို ပြောင်းလဲကျင်းပခဲ့ပြီး ၎င်းကဲ့သို့ ကျင်းပခဲ့ခြင်းသည် ယနေ့ကာလအထိ ၅၆ ကြိမ်အထိရှိခဲ့သည်ကို သုံးသပ်တွေ့ရှိရကြောင်း၊
တောင်သူလယ်သမားနေ့သည် တောင်သူလယ်သမားတစ်ဦး တစ်ယောက်ချင်းကို ဂုဏ်ပြု သတ်မှတ်သည့် နေ့ဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်းတွင် ရှိသည့် တောင်သူလယ်သမားထု တစ်ရပ်လုံးကို ဂုဏ်ပြုကျင်းပပေးခဲ့သည့် နေ့ရက်တစ်ရက်ဖြစ်သည်ကို သုံးသပ်တင်ပြအပ်ပါကြောင်း၊ နိုင်ငံတော်၏ နေ့ထူးနေ့မြတ် ထားရှိမှုသည် နိုင်ငံတော်အစိုးရအနေဖြင့် ထားရှိရမည့် နေ့ထူးနေ့မြတ် ထူးမြတ်သည့် ဂုဏ်အင်္ဂါနှင့် သမိုင်းအခြေခံ ဖြစ်ရပ်များအပေါ်တွင် အခြေပြုပြီး စိစစ်ဆောင်ရွက် ထားရှိရသည့် လုပ်ငန်းရပ်ဖြစ်ကြောင်း၊ ၎င်းနေ့ရက်ကို ပြင်ဆင်လိုပါက ၎င်းနေ့ရက်ကို အမှန်တကယ် ကိုယ်စားပြုသည့် တောင်သူလယ်သမား အများစု၏ ဆန္ဒနှင့်အညီ ဖြစ်စေရန် လိုအပ်မည် ဟု သုံးသပ်တင်ပြရပါကြောင်း၊ ထို့အတူ ပြောင်းလဲပြင်ဆင်သတ်မှတ်မည့် နေ့ရက်သည့် တောင်သူ လယ်သမားများ၏ မှီခိုအားထားရာ အသက်မွေးဝမ်းကျောင်း ပြုနေကြသည့် လယ်ယာ လုပ်ငန်းခွင်များအပေါ် ထိခိုက်မှု မရှိစေရေးအပေါ်တွင် အလေးအနက်ထား စိစစ်သုံးသပ် ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းနေ့ရက် ပြင်ဆင်ခြင်းကို အထက် ဖော်ပြပါ အချက်များနှင့်အညီ အဘက်ဘက်မှ စဉ်းစားသုံးသပ်ရမည့် အနေအထားရှိသည့်အတွက် ယင်းအပေါ်တွင် အခြေပြုပြီး နိုင်ငံတော်က စီမံဆောင်ရွက်ရန် လိုအပ်လာပါက မိမိတို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ အစီအမံနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ရှိမည် ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် ပြောင်းလဲ ပြင်ဆင်သတ်မှတ်ခြင်းကို ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်မည့် အစီအစဉ် မရှိသေးပါကြောင်း ပြန်လည် ရှင်းလင်းဖြေကြားပါသည်။
