မြစ်ချောင်းများနှင့် ဆက်စပ်လျက်ရှိသည့်ဒေသများတွင် နှစ်စဉ်မြေနုကျွန်းခွဲဝေရေးဆိုင်ရာ ကိစ္စရပ်များ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ မင်းဘူး(စကု)မြို့နယ်တွင်လည်း ဆားပွတ်ချောင်း၊ မန်းချောင်းနှင့် ဧရာဝတီမြစ်တို့ဖြတ်သန်းစီးဆင်းလျက်ရှိသည့်အတွက် ရေကျချိန်ရောက် တိုင်း နှစ်စဉ်မြေနုကျွန်း လုပ်ကိုင်ခွင့် ခွဲဝေချထားရေးဆိုင်ရာကိစ္စရပ်များ ပေါ်ပေါက်လျက် ရှိပါကြောင်း၊ အချို့ကျေးရွာ များတွင် အဆင်ပြေစွာခွဲဝေနိုင်မှုရှိသော်လည်း မင်းဘူး(စကု) မြို့နယ်တွင် ဥယျာဉ်ဇင်အုပ်စု၊ ဓားမနိုင်ကျေးရွာနှင့် စကု အမှတ်(၁)ကျောင်းရွာရပ်တို့၏ အငြင်းပွားမှု၊ ရွာသာကျေးရွာနှင့် လက်ပံတပင်ကျေးရွာတို့၏ နယ်မြေ အငြင်းပွားမှု၊ ပေါက်ကုန်းကျေးရွာနှင့် ကြာကန်ကျေးရွာတို့၏မြေနုကျွန်းလုပ်ကိုင်ခွင့်နယ်မြေ အငြင်းပွားမှု တို့သည် ဥပဒေနှင့်အညီ စိုက်ပျိုးချိန်အမီသတ်မှတ် ပေးနိုင်ခြင်း မရှိခြင်းသည်မှာ လေးနှစ် ကြာပြီဖြစ်သည်ကို သိရှိရပါကြောင်း၊
လယ်ယာမြေနည်းဥပဒေ၊ အခန်း(၁၂)တွင် မြေနုကျွန်းလုပ်ကိုင် ခွင့်ချထားခြင်းနှင့် ပတ်သက် ပြီး ပုဒ်မ ၁၀၃ မှ ပုဒ်မ ၁၁၂ ထိ အသေးစိတ်ပြဋ္ဌာန်းပြီး ဖြစ်သည့်အတွက် အဆိုပါ ပြဋ္ဌာန်း ချက်တွေအတိုင်းသာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နည်းဥပဒေ ပုဒ်မ ၁၀၄ တွင် မြေနု ကျွန်းမြေလုပ်ကိုင်ခွင့်ကို တစ်နှစ်တစ်ရာသီအတွက်သာ ချထားရမည် ဖြစ်ပြီး နှစ်စဉ် နွေထယ်ရေးအမီ၊ ကျွန်းရေမလွှမ်းမိုးမီကတည်းကပြင် ကြိုတင်စီမံထားရမည်ဟု ပြဋ္ဌာန်းပါ ရှိပြီးဖြစ်ပါကြောင်း၊ သို့သော်လည်း လက်တွေ့တွင် ဥပဒေပါပြဋ္ဌာန်းထားသည့် အတိုင်း ကြိုတင်စီမံထားခြင်း မရှိသည့်အတွက် ဒေသခံတောင်သူသည် မသင့်မမြတ်ဖြစ်မှုများ၊ အခက်အခဲများနှင့် ကြုံတွေ့နေရဆဲဖြစ်ပါကြောင်း၊ ယင်းသို့ ပြဿနာများဖြစ်ပေါ်ခြင်း မရှိ စေရန် ဥပဒေ၊ နည်းဥပဒေ များနှင့် အညီ ဖြေရှင်းဆောင်ပေးရန်လိုပါကြောင်း၊
ထို့ကြောင့် ဒေသခံတောင်သူတွေ စိတ်ချမ်းမြေ့စွာ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် နိုင်ငံ အဝန်းတွင် ဖြစ်ထွန်းနေသည့် မြေနုကျွန်းများကို ဥပဒေ၊ နည်းဥပဒေနှင့် အညီ အမြန်ဆုံး ခွဲဝေချထားနိုင်ရေးအတွက် မည်ကဲ့သို့စီမံဆောင်ရွက်နေပါကြောင်းနှင့် မင်းဘူး(စကု)မြို့နယ် အတွင်း ဖြစ်ပေါ် နေသော မြေနုကျွန်းခွဲဝေချထားရေးကိစ္စများကို စိုက်ပျိုးချိန်အမီချထား နိုင်ရေးအတွက် မည်ကဲ့သို့ စီမံဆောင်ရွက်ပေးသွားမည်ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
နိုင်ငံအတွင်း မြစ်ကြောင်းများတွင်ဖြစ်ထွန်းလာနေသည့် မြေနုကျွန်းမြေများနှင့်စပ်လျဉ်းပြီး တည်ဆဲ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ အခန်း(၁၂) နည်းဥပဒေ ၁၀၅၊ ၁၀၆ တို့နှင့်အညီ မြေယာများကို စီမံခန့်ခွဲချထားပေးလျက်ရှိကြောင်း၊ မင်းဘူးမြို့နယ်အတွင်း ယခုနှစ်တွင် ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ကျေးရွာအုပ်စု ၁၁ အုပ်စု၌ မြေနုကျွန်း ဧရိယာ ၂၀၂၈.၈၇ ဧက ပေါ်ထွန်းခဲ့ပါကြောင်း၊ အဆိုပါ မြေနုကျွန်းမြေများတွင် ရွာသာ ကျေးရွာအုပ်စုက ရွာသာကျေးရွာနှင့် လက်ပံတောကျေးရွာအုပ်စုက လက်ပံတပင်ကျေးရွာ တို့ကြား ပေါ်ထွန်းခဲ့သော မြေနုကျွန်းမြေများ ရွာသာကျေးရွာအတွက် ၁၃၉.၆ ဧက၊ လက်ပံ တပင်ကျေးရွာက ၄၅၃.၇ ဧက သည် နှစ်စဉ်လုပ်ကိုင်လျက်ရသော်လည်း ဧရိယာ ၁၀၉.၈ ဧကနှင့် ပတ်သက်၍လည်း နှစ်စဉ် အငြင်းပွားလျက်ရှိသည့် အခြေအနေဖြစ်ပါကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် နှစ်ဖက်ကျေးရွာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တို့က မြေပြင် အရောက်ကွင်းဆင်းဆောင်ရွက်ခဲ့သည် ကိုလည်း သိရှိရပါကြောင်း၊
ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များအပေါ် အခြေခံသုံးသပ်ပြီး မင်းဘူးမြို့နယ် လယ်ယာ မြေစီမံခန့်ခွဲရေးအဖွဲ့က ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးကတစ်ဆင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဆက်လက်တင်ပြပြီး စီမံခန့်ခွဲဆောင်ရွက်ခဲ့သည့် အခြေအနေ ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့်၂၀၁၉ ခုနှစ်၊ ဧပြီလကုန်တွင် ရွာသာ ကျေးရွာအုပ်စုကို ၇၉ ဧကနှင့် လက်ပံတောကျေးရွာကို ၃၂.၈၆ ဧကခွဲဝေပေးခဲ့ပြီး အဆိုပါခွဲဝေပေးခဲ့သည့် ဧရိယာများကို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်က ၂၀၁၉ ခုနှစ်၊ မေလ ၁၆ ရက်နေ့တွင် ကွင်းဆင်းပြီး သက်ဆိုင်ရာကျေးရွာများရှိ တောင်သူလယ် သမားတွေကို ပြသပေးရာတွင်လည်း လက်ခံသဘောတူခဲ့သည့် အနေအထားရှိပါကြောင်း၊ ရွာသာကျေးရွာအုပ်စုနှင့် လက်ပံတောကျေးရွာအုပ်စုတို့ကြား ပေါ်ထွန်းလျက်ရှိသည့် မြေနုကျွန်းများနှင့်ပတ်သက်ပြီး ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့တွင် မင်းဘူးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ နှစ်ဖက် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့်အတူ မြေပြင်ကွင်းဆင်းပြီး တိုင်းတာခဲ့ကြပါကြောင်း၊ ယင်း တိုင်းတာမှုမြေပုံများကိုရေးဆွဲပြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်အနေဖြင့် ဥပဒေနှင့် အညီ စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေဖြစ်ဖြစ်ပါကြောင်း၊
ကြာကန်ကျေးရွာအုပ်စုအတွင်းရှိ ကြာကန်ကျေးရွာနှင့် ပေါက်ရင်းကုန်း ကျေးရွာတို့သည် ကျေးရွာအုပ်စုတစ်အုပ်စုအတွင်းရှိကြသည့် ရွာများဖြစ်ကြပြီး မြေနုကျွန်းအငြင်းပွား သည့်နေရာများကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ တွင် မြေပြင်ကွင်းဆောင်ရွက်ခဲ့ကြပြီးနောက် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့သို့ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေအတိုင်း လိုက်နာဆောင်ရွက်သွားရန် ကြီးကြပ်ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါမြေနုကျွန်းများနှင့်ပတ်သက်ပြီး ပေါ်ထွန်း မြေ ၁၀၇.၆ ဧကအနက် စိုက်ပျိုးနိုင်သည့် မြေ ၈၆.၅၈ ဧက ရှိရာ ကြာကန်ကျေးရွာကို ၄၀.၁၁ ဧက၊ ပေါက်ရင်းကုန်းကျေးရွာကို ၄၆.၄၇ ဧက အသီးသီးခွဲဝေချထားပေးခဲ့ပါကြောင်း၊
မင်းဘူးဒေသအတွင်း အလားတူ မန်းချောင်းဝဲ/ယာတစ်လျှောက်ရှိ ကျေးရွာအုပ်စုပေါင်း ၁၆ အုပ်စုတွင်လည်း မြေနုကျွန်းပေါ်ထွန်းသည့်ဧရိယာသည် ၆၅၉ ဧက ခန့်ရှိသည့်အတွက် သက်ဆိုင်ရာမြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် နည်းဥပဒေ ၁၀၅ ပေါ် အခြေခံပြီး နည်းဥပဒေ ၁၀၆ အရ လုပ်ကိုင်ခွင့်ချထားပေးရန် စီမံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ မြေနုကျွန်းဧရိယာအတွင်း ဥယျာဉ်ဇင်ကျေးရွာအုပ်စုနှင့် စကု အမှတ်(၁)ရပ်ကွက်ကြားရှိ ဧရိယာ ၁၃.၁၂ ဧကခန့်သည် အငြင်းပွားမှုရှိခြင်းကြောင့် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့က ယခင်နှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ပြီး ဥပဒေနှင့်အညီ ဥယျာဉ်ဇင်ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က စကုအမှတ်(၁)ရပ်ကွက်ကို လုပ်ကိုင်ခွင့်များ ချထားပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော မြို့နယ် လယ်ယာမြေစီမံခန့်ခွဲ ရေးအဖွဲ့ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ မြေနုကျွန်းပေါ်ထွက်လာမှု အခြေအနေကို တိုင်းတာတင်ပြရန် ဥယျာဉ်ဇင်ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့ကိုလည်း အကြောင်းကြားထားရှိပြီးဖြစ်ပါကြောင်း၊
ထို့ကြောင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်း ပေါ်ထွန်းလျက်ရှိသည့် မြေနုကျွန်းများနှင့်စပ်လျဉ်းပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ဥပဒေ၊ နည်းဥပဒေ နှင့်အညီ စီမံခန့်ခွဲလျက် အငြင်းပွားမှုများကိုလည်း လယ်ယာမြေဥပဒေ၊ နည်းဥပဒေနှင့်အညီ အဆင့်ဆင့် ဖြေရှင်း ဆောင်ရွက်ပြီးဖြစ်ပါကြောင်းနှင့် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ထပ်မံပေါ်ထွန်း လာမည့် မြေနုကျွန်းများကိုလည်း စိုက်ပျိုးချိန်အမီချထားနိုင်ရေး စီမံဆောင်ရွက်သွားမည့် အခြေအနေကို တင်ပြအပ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဦးဝင်းဝင်း(မင်းဘူးမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
နည်းဥပဒေ ၁၀၆ နှင့် အညီ ဆောင်ရွက်နေကြောင်း ဖြေကြားခဲ့သော်လည်း လက်ရှိမြေပြင် တွင် ညတုန်းကတိုင်းထိအောင် မိမိထံ လှမ်းပြီးတော့ တိုင်ကြားဆဲဖြစ်ပါကြောင်း၊ လက်ပံ တပင်ကျေးရွာနှင့် ရွာသာကျေးရွာများတွင် ပြီးခဲ့သည့် ၁၀ လပိုင်း ၂၅ ရက်နေ့က ကွင်းဆင်းထားသည်ကိုလည်း သိရှိရပါကြောင်း၊ သို့သော် တင်ပြထားသည့် အခင်းဖြစ်နေရာ သုံးနေရာလုံးတွင် ကွင်းဆင်းပြီး တိကျခိုင်မာသည့် ဆုံးဖြတ်ချက်ချမပေးနိုင်သည့်အတွက် ပြဿနာများက နှစ်စဉ်တိုင်ကြားနေရသည်မှာ လေးနှစ်ကျော်သွားပြီ ဖြစ်ပါကြောင်း၊
ထို့ကြောင့် ယခုနှစ်တွင် စိုက်ပျိုးချိန် ဖြစ်နေပြီဖြစ်သည့်အတွက် အမြန်ဆုံးပွင့်လင်း မြင်သာစွာနှင့် ချပြပြီးမည်သည့်ကျေးရွာက မည်သည့်နေရာထိအောင် မြေနုကျွန်းများကို လုပ်ကိုင်ခွင့်ရသည်ကို ပွင့်ပွင့်လင်းလင်း ချပြပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်း ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
မြေနုကျွန်းခွဲဝေချထားရေးသည် အင်မတန်မှ သိမ်မွေ့သည့် လုပ်ငန်းကိစ္စရပ်ဖြစ်ပါကြောင်း၊ မိမိတို့ မြေနုကျွန်းတွေကို ခွဲဝေချထားရာတွင် ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်အဆင့်နှစ်ဆင့် ရှိပါကြောင်း၊ (၁)အချက် မြေနုကျွန်းများကို စီမံခန့်ခွဲနိုင်မှုအတွက် အုပ်ချုပ်မှုနယ်နိမိတ်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်နှင့် ကျေးရွာများက တိုင်းတာ ဆောင်ရွက်ရခြင်း၊ (၂)အချက် တိုင်းတာရရှိသည့် နယ်နိမိတ်နှင့် ပတ်သက်ပြီး မိမိနယ်နိမိတ် အတွင်းပါဝင်သည့် မြေနှင့်ပတ်သက်ပြီး ခွဲဝေချထားခြင်း၊ တချို့မြေနုကျွန်းမြေများသည် မိမိတို့ အုပ်ချုပ်သည့် နယ်နိမိတ်အတွင်း မပါဝင်သော်လည်း မြေနုကျွန်းနှင့် အနီးစပ်ဆုံး ကျေးရွာများကို ခွဲဝေချထားရသည့် အနေအထားမျိုးလည်း ရှိပါကြောင်း၊ အဓိကအနေဖြင့် မြေနုကျွန်းပေါ် ရယူပိုင်လိုသော အခြေအနေပေါ် အရင်းခံပြီး ညှိမရသည့်ကိစ္စရပ်များ ဖြစ်သည့်အတွက် မိမိတင်ပြသလို အင်မတန်မှ သိမ်မွေ့သောကိစ္စရပ်ဖြစ်ပါကြောင်း၊ အဓိက အနေဖြင့် ယခုအချိန်တွင် ကျေးရွာအုပ်စုပေါင်း အားလုံး ၅၅၀ အုပ်စုတွင် မြေနုကျွန်းပေါင်းက ၈၀၀ ရှိပါကြောင်းနှင့် လေ့လာကြည့်မည်ဆိုပါက မြေနုကျွန်းနှင့် ပတ်သက်ပြီး စီမံခန့်ခွဲ ရာတွင် အားလုံး ၉၀ ရာခိုင်နှုန်းခန့်သည် ညှိနှိုင်းပြေလည်ပြီး ၄၀ ရာခိုင်နှုန်းသည် အခက်အခဲ များရှိပါကြောင်းနှင့် လုံးဝကိုမပြေလည်နိုင်သည့်အခြေအနေက ၄ ရာခိုင်နှုန်း ရှိပါကြောင်း၊
ကြိုတင်အစီအမံ တွေချမှတ်ပြီး ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက် ရန်လည်း လိုအပ်ပါကြောင်း၊ အလျဉ်းသင့်၍တင်ပြရမည်ဆိုပါက လွှတ်တော်ကို လယ်ယာ မြေဥပဒေပြဋ္ဌာန်းနိုင်ရန် တင်ပြရာတွင် မြေနုကျွန်းဆိုင်ရာကိစ္စရပ်ကိုလည်း အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်များတွင် အကြေအလည်ဆွေးနွေးကြသည့် အခြေအနေ ဖြစ်ပါကြောင်း၊ ဥပဒေ အမြန်ထွက်ပေါ်လာမည်ဆိုလျှင် အမှားကင်းစွာနှင့် အမှားနည်းစွာ စီမံခန့်ခွဲ ဆောင်ရွက်သွားနိုင်မည့် အခြေအနေ ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး အဆိုပြုသကဲ့သို့ စိုက်ပျိုးရာသီအချိန်မီ မြေနုကျွန်းများကို ချထားစီမံခန့်ခွဲနိုင်ရန် သက်ဆိုင် ရာ တိုင်းဒေသကြီးကိုလည်း မိမိတို့အနေနှင့် ညှိနှိုင်းအကြောင်းကြားဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
