(ဂ)-နေပြည်တော်ဇမ္ဗူသီရိမြို့နယ်၌ဒေသခံတောင်သူ များ၏အိမ်ဝိုင်းမြေကွက်များအစားထိုးပြန်လည်ပေး အပ်ခဲ့ခြင်းရှိပါသလားနှင့် အိုးခွဲ၊အိမ်ခွဲ၊ အိမ်ထောင် စုခွဲမဟုတ်သူအချို့မှာပေ၁၀၀ပတ်လည်မြေကွက်များ အဘယ်ကြောင့်ရရှိခဲ့ပါသနည်းနှင့်စပ်လျဉ်းသည့်မေး ခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၆၁)ရက်မြောက်နေ့ (၁၀.၆.၂၀၁၅)

ဒေါ်စန္ဒာမင်း၊ (ဇမ္ဗူသီရိ) နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်သည် ၂၀၀၄ ခုနှစ်မှစ၍  ရပ်ကွက်အဖြစ် ဖွဲ့စည်းခဲ့ရာ ပေ ၆၀ ပတ်လည် ဝိုင်းကွက်များသာ သတ်မှတ်ပြီးပြန်လည်ချထားပေးခဲ့ပါကြောင်း၊ ရွာမြေတွေကို သိမ်းဆည်းရာမှာ မူလ စတုရန်းပေ ၁၆၀ ပတ်လည်အကျယ်ရှိသည့် မြေကွက်ပိုင်ရှင်တွေကို ပေ ၆၀ ပတ်လည် တစ်ကွက်အစားထိုး ပြန်လည်ပေးအပ်ပြီးနောက် အတူနေထိုင်သည့် အိုးခွဲ၊ အိမ်ခွဲ သားသမီးများ အတွက်ကို  ဝိုင်းမြေကွက်များ အစားထိုးပေးပါ့မည်ဟု ခရက(၄) ဗိုလ်မှူးကြီးနှင့်တကွ နေပြည်တော် အိုးအိမ်မြေယာဌာနက အရာရှိများက နှုတ်ကတိပေးခဲ့ကြောင်း၊ သို့သော် အိုးခွဲ၊ အိမ်ခွဲ၊ အိမ်ထောင်စုများသည် ယနေ့တိုင် အစားထိုး မြေကွက်များ မရရှိသေးကြောင်းနှင့် ဒေသခံလည်းမဟုတ်၊ အိုးခွဲ၊ အိမ်ခွဲ၊ အိမ်ထောင်စုဝင် များလည်း မဟုတ်သည့် အနယ်နယ်အရပ်ရပ်က ပုဂ္ဂိုလ်အချို့သည် သပြေကုန်း ရပ်ကွက်၊ ရွှေကြာပင်ရပ်ကွက် များတွင် အကွက်များဖော်ပြီး အချက်ကျသည့်လမ်းမကြီးများ၏ ဘေးနေရာများနှင့် ထောင့်ကွက် နေရာများတွင် ပေ ၁၀၀ ပတ်လည် မြေကွက်ဝိုင်းများကို အသီးသီးရယူထားပြီး ဖြစ်သော ကြောင့် ကျေးရွာတွေပြောင်းရွှေ့ချိန်၊ ရပ်ကွက်အဖြစ် သတ်မှတ်ချိန်၊ ဒေသခံတောင်သူများ၏ အိုးခွဲ၊ အိမ်ခွဲ၊ အိမ်ထောင်စုတွေကို ဝိုင်းမြေကွက်တွေ အစားထိုးပြန်လည် ပေးအပ်မည်ဟု ကတိပေးခဲ့ခြင်းရှိ/မရှိနှင့် ကတိပေးခဲ့ပါက မည်သည့်အတွက်ကြောင့် တချို့သူများကို  ချန်လှပ်ထားခဲ့ပါသည်နှင့် ထိုအချိန်က ချန်လှပ်ထားခဲ့သူများကို ဝိုင်းမြေကွက်များ အစားပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိ/ မရှိ သိရှိလို ပါကြောင်း။ ထို့အပြင် ဒေသခံလည်းမဟုတ်၊ အိုးခွဲ၊ အိမ်ခွဲ၊ အိမ်ထောင်စုဝင်များလည်း မဟုတ်သည့် အချို့သူများသည် ပေ ၁၀၀ ပတ်လည်မြေကွက်များကို မည်သို့ရရှိခဲ့သည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
နေပြည်တော်ကောင်စီ၊ အဖွဲ့ဝင် ဦးဖုန်းဇော်ဟန်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

နေပြည်တော်ကောင်စီ၊ အဖွဲ့ဝင် ဦးဖုန်းဇော်ဟန် နေပြည်တော် တည်ထောင်စဉ်တွင် နေပြည်တော်တည်ဆောက်ရေး စီမံကိန်းနှင့် မလွတ်ကင်းသည့် ကျေးရွာများကို ၂၀၀၉ ခုနှစ်မှ စတင်၍ ဇမ္ဗူသီရိမြို့နယ်အတွင်းမှာရှိ မြို့ပြစီမံကိန်းအရ အသစ် ဖော်ထုတ်သော ရပ်ကွက်များသို့ ရွှေ့ပြောင်းနေရာချထားရေးအဖွဲ့က ရွှေ့ပြောင်း မည့်ကျေးရွာများအတွင်းရှိ အိမ်ပိုင်၊ ခြံပိုင်နှင့် နေထိုင်သောဒေသခံများ၏ စာရင်းကို စနစ်တကျ ကောက်ယူပြီး အစားထိုးမြေကွက်များ နေရာချထား ပေးခဲ့ပါကြောင်း၊  ကျေးရွာရွှေ့ပြောင်းရန် စာရင်း ကောက်ယူချိန်တွင် မိဘ၏ ဝိုင်းခြံမြေအတွင်း နေအိမ်ဆောက်လုပ်နေထိုင်သော အိုးခွဲ၊ အိမ်ခွဲများကို လူမှုရေးအရ ကူညီထောက်ပံ့သည့်နေဖြင့် နေထိုင်မှု အဆင်ပြေစေရန်အတွက် ဇမ္ဗူသီရိမြို့အတွင်း အသစ်ဖော်ထုတ်သောရပ်ကွက်များတွင် မြေကွက်များကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ခွင့်ပြုချက်အရ ယာယီအစီအစဉ်ဖြင့် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ရွှေ့ပြောင်းစာရင်းကောက်ယူချိန်တွင် မိဘ၏ နေအိမ်မှာအတူနေထိုင်သည့် အိုးခွဲများ၊ အခြားဒေသကိုသွားရောက်နေထိုင်လျက်ရှိရာမှ ရွှေ့ပြောင်းမည့်ကျေးရွာရှိ မိဘဆွေမျိုးများ၏ ဝိုင်းခြံ မြေအတွင်း လာရောက်နေထိုင်ဆောက်လုပ်နေထိုင်သော အိမ်ထောင်စုများကို ကျေးရွာပြောင်းရွှေ့ရေး အတွက် စာရင်းများကောက်ယူခဲ့ပါကြောင်း၊ ထို့နောက်ပိုင်းတွင် အိုးခွဲ၊ အိမ်ခွဲများ ပိုမိုတိုးပွားလာရန် တရားမဝင် ဆောင်ရွက်လာမှုများကြောင့် မြေကွက်နေရာချထားရန် စီစဉ်ဆောင်ရွက်မှုများကို ရပ်ဆိုင်း ထားခဲ့ရခြင်း ဖြစ်ပါကြောင်း။

ကျေးရွာများရွှေ့ပြောင်းရာတွင် ပြောင်းရွှေ့မည့့််ကျေးရွာများအတွင်း အိမ်ပိုင်၊ ခြံပိုင်နှင့်နေထိုင်သည့် ဒေသခံများကို အစားထိုးမြေကွက်များ ချထားပေးခဲ့သည့်အပြင် မိဘ၏ ဝိုင်းခြံမြေအတွင်း နေအိမ်ဆောက်လုပ် နေထိုင်သည့် အိုးခွဲ၊အိမ်ခွဲများကို လူမှုရေးအရ ကူညီထောက်ပံ့သည့်အနေဖြင့် နေထိုင်မှု အဆင်ပြေရန်အတွက် ဇမ္ဗူသီရိမြို့နယ်အတွင်း အသစ်ဖော်ထုတ်သည့်ရပ်ကွက်များတွင် မြေကွက်များကို နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ယာယီအစီအစဉ်ဖြင့် ခွင့်ပြုပေးခဲ့ခြင်းသာဖြစ်ပါကြောင်း၊ ကျေးရွာရွှေ့ပြောင်းရန် စာရင်းကောက်ယူစဉ်တွင် မိဘ၏နေအိမ်တွင် အတူနေထိုင်သည့် အိုးခွဲ၊ အိမ်ထောင်စုများ စာရင်းကောက်ယူပြီးသည့်အခါတွင် မိဘဆွေမျိုးများ၏ အိမ်ခြံမြေအတွင်း နေအိမ်အသစ် ဆောက်လုပ်နေထိုင်သူများ၊ အခြားမြို့နယ်၊ ကျေးရွာများမှပြန်လာပြီး နေအိမ်ဆောက်လုပ်သူများနှင့် အိမ်ထောင်ပြု အိမ်ခွဲသူများအတွက် မြေကွက်နေရာချထားပေး ခဲ့ခြင်းမရှိကြောင်း။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ကို မြို့ပြစီမံကိန်းနှင့်အညီ မြို့ပြဖွဲ့စည်း တည်ဆောက်ရာတွင် ဒေသခံများကို စုစည်းနေရာချထားမှုများအပြင် နေပြည်တော်တွင် အခြေချနေထိုင် နိုင်ရန် ညွှန်ကြားရေးမှူးချုပ်အဆင့်များကို သင့်တော်သည့်ဈေးနှုန်းများဖြင့် သတ်မှတ်သည့် ပေ ၁၀၀ ပတ်လည်မြေကွက်များ ချထားပေးခဲ့ပါကြောင်း။ ပုဂ္ဂလိကကိုလည်း မြေကွက် အမျိုးအစားအလိုက် သင့်တော် သည့်ဈေးနှုန်းများ သတ်မှတ်ပြီးရောင်းချ ပေးခဲ့ခြင်းသာ ဖြစ်ပါကြောင်းပြန်လည်ဖြေကြားပါသည်။