(စ)မင်းလှမြို့နယ်၊ ရွာတော်ကျေးရွာအနောက်ဘက် ဧရာဝတီမြစ်ကမ်းပါးပေါ်ရှိ ကျောက်မှော် ဘုန်းတော်ကြီးကျောင်းနှင့် နှစ်ပေါင်း ၁၀၀ ကျော်က တည်ထားကိုးကွယ်ခဲ့သော စေတီပုထိုးများ မြစ်ရေတိုက်စားမှု အန္တရာယ်မှကင်းဝေးစေရန် ရေကာတာတစ်ခု တည်ဆောက်ပေးရန် အစီအစဉ်ရှိ/ မရှိနှင့်စပ

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ (၄.၁၁.၂၀၁၉)

သဘာဝဘေး ရင်ဆိုင်နေရသည့် နှစ်ပေါင်း ၁၀၀ ကျော်က တည်ဆောက်ခဲ့သည့် စေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းအား ရေဘေးအန္တရာယ်မှ ကာကွယ်တားဆီးပေးပါရန် အစီအစဉ်ရှိ /မရှိမေးခွန်းကို မေးမြန်းသွားမည် ဖြစ်ကြောင်း၊

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်နှင့် ဆက်စပ်နေသည့် ရွာတော်ကျေးရွာသည် မိမိတို့နှင့် တစ်ဆက်တစ်စပ်တည်းဖြစ်ကြောင်း၊ ၎င်းရွာတော်ကျေးရွာ၏ အနောက်ဘက် ဧရာဝတီ မြစ်ကမ်းပါးပေါ်တွင် ကျောက်မှော်ကျောင်းဟု ခေါ်သည့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းနှင့် နှစ်ပေါင်း ၁၀၀ ကျော်က တည်ထားကိုးကွယ်ခဲ့သည့် စေတီပုထိုးများ ရှိကြောင်း၊ ယခုအခါတွင် မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုပြီး ၎င်းစေတီပုထိုးများ၊ ကျောင်းကန်များအတွက် အလွန်စိုးရိမ်ရသည့် အခြေအနေများ ဖြစ်ပေါ်နေသည့်အတွက် ဒေသခံပြည်သူများကလည်း မိမိထံ တင်ပြလာကြကြောင်း၊ ကွင်းဆင်းလေ့လာချက်အရ လည်း စိုးရိမ်ရသည်ကို တွေ့ရှိခဲ့ရကြောင်း၊

မြစ်ကမ်းပါးထိပ်တွင် ရှိနေသည့် ကျောက်မှော်ကျောင်း စေတီနှင့် ကျောက်မှော်ကျောင်းအနီးတွင် တည်ထားကိုးကွယ်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ကျော်ခန့်က တည်ထားကိုးကွယ်ခဲ့သည့် စေတီပုထိုး ဖြစ်ကြောင်း၊ ကမ္ဗည်း‌မော်ကွန်းလည်း ရှိကြောင်း၊ လက်ရှိ မေးခွန်းကို မိမိတင်နေသည့် ကာလတွင် ရွာတော်ကျေးရွာ၏ အောက်ဘက်တွင် မင်းလှမြို့နှင့် ဆက်နေသည့် မင်းလှနှင့် ရွာတော်ကျေးရွာကို အဆက်အသွယ်ပြုသည့် လမ်းသည် ဧရာဝတီမြစ်ရေ တိုက်စားပြီး ကမ်းပါးပြိုသွားကြောင်း၊ ၎င်းကမ်းပါးပြိုခြင်းကို လွှတ်တော်ကိုယ်စားလှယ်များ၊ စည်ပင်သာယာက အင်ဂျင်နီယာများ၊ ဝန်ထမ်းများ၊ ဆောက်လုပ်ရေးဝန်ထမ်းများနှင့် မိမိတို့ ကွင်းဆင်းကြည့်ခဲ့ကြကြောင်း၊ ၎င်းကို မည်ကဲ့သို့ ပြုပြင်သင့်သည်ကို မိမိတို့အားလုံး ဝိုင်းဝန်းပြီး ကွင်းဆင်းခဲ့ကြကြောင်း၊ ထို့ကြောင့် နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိသည့် စေတီပုထိုးများအတွက် မြစ်ရေတိုက်စားမှု အန္တရာယ်မှ ကင်းဝေးစေရန် ကမ်းပြိုကာကွယ်ရေး ရေကာတာ တစ်ခု တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ သိလိုကြောင်းမေးမြန်းပါသည်။

ဖြေကြားသူ
ဒုတိယဝန်ကြီး၊ဦးကျော်မျိုး
အဖြေ

မင်းလှမြို့နယ်၊ ရွာတော်ကျေးရွာ၊ မင်းလှမြို့အထက်ဘက် ဧရာဝတီမြစ် အနောက်ဘက်ကမ်း ပဉ္စမမြစ်ကျဉ်းဝအနီး ပေ ၁၀၀ ခန့်မြင့်သည့် မြစ်ကမ်းပါးတောင်ကုန်းပေါ်တွင် တည်ရှိပြီး ၎င်းကမ်းပါး၏ အောက်ခြေသည် ကျောက်သားများဖြစ်ပြီး အပေါ်ပိုင်းတွင် ကျောက်ရောမြေနီ မြေသားများ ဖြစ်သည်ကို သိရှိရကြောင်း၊ ရွာတော်ကျေးရွာသည် ရှေးနှစ်ပေါင်းများစွာက တည်ထားခဲ့သည့် ရွာကြီး တစ်ရွာဖြစ်ကြောင်း သိရပြီး ကိုယ်စားလှယ်တော်ကြီး တင်ပြခဲ့သည့်အတိုင်း ရွာတော် ဘုန်းတော်ကြီးကျောင်းတွင် လွန်ခဲ့သည့် နှစ် ၁၀၀ ခန့်က တည်ထားခဲ့သည့် ရှေးဟောင်းစေတီ တော်ကြီးတစ်ဆူ ရှိကြောင်း၊ ၎င်းရှေးဟောင်း စေတီတော်ကြီးသည် ဧရာဝတီမြစ်ကမ်းပါးနှင့် ပေ  ၂၀ ခန့်သာ ကွာဝေးပြီး ဘုရားရင်ပြင်တွင် ကမ်းပါးနှင့် ၁၀ ပေခန့်သာ ကွာဝေးကြောင်း၊ စေတီတော်ကြီးအနီးရှိ ညောင်ပင်ကြီးသည် ကမ်းပါးနှင့် ၃ ပေခန့်သာ ကွာဝေးကြောင်း၊ ရွာတော် ရှေးဟောင်းစေတီတော်ကြီးအနီး မြစ်ကမ်းပါး ပြိုကျမှုသည် ဧရာဝတီ မြစ်ရေ တိုက်စားမှုကြောင့် မဟုတ်ဘဲ မိုးရာသီ မိုးများချိန် ရေစီးကြောင်းများကြောင့် ကမ်းပါးပဲ့ကျခြင်း များကြောင့်ဖြစ်သည်ကို လေ့လာတွေ့ရှိရကြောင်း၊

ထို့အပြင် ကိုယ်စားလှယ်ကြီး တင်ပြသွားသည့်အတိုင်း ဧရာဝတီမြစ်ကမ်းပါးတစ်လျှောက် ဖောက်လုပ်ထားသည့် မင်းလှမြို့နှင့် ရွာတော်ကျေးရွာဆက် လမ်းသည် ဧရာဝတီမြစ်ရေ တိုက်စားမှုနှင့် မိုးရာသီ မိုးရေစီးကြောင်းများကြောင့် လမ်းနှုတ်ခမ်း အလျားပေ ၃၀၀ ခန့် ပြိုကျ လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ လမ်း၏အောက်ခံသည် ကျောက်သားများ ဖြစ်သော်လည်း ဧရာဝတီ မြစ်ကျဉ်းနေရာ ဖြစ်ခြင်းကြောင့် အပေါ်ယံမြေသားများ ရေစီးပွတ်တိုက်မှု ပိုမိုခံရခြင်းကြောင့် လည်းကောင်း၊ မိုးရေများကြောင့်လည်းကောင်း ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်ရခြင်းဖြစ်သည်ကို လေ့လာ တွေ့ရှိရကြောင်း၊

ရွာတော် ရှေးဟောင်းစေတီတော်ကြီး မိုးရေတိုက်စားမှုကို ကာကွယ်ရန်နှင့် ကမ်းပါးအနီး အလေးဝန် ပိခြင်းမှ ကာကွယ်ရန်အတွက် ဘုရားအနီးရှိ ညောင်ပင်ကြီး၏ သစ်ကိုင်းများ ဖယ်ရှားပေးပြီး မိုးရေစီးကြောင်းများ မကျစေရန် ဆောင်ရွက်ပေးခြင်းတို့ဖြင့် ယာယီကာကွယ်ပေးရန် လိုအပ်မည်ဖြစ်ပြီး ရေရှည်ကာကွယ်နိုင်ရန် Bored Pile အခြေပြု ကျောက်စီမြေထိန်းနံရံ အလျားပေ ၃၅၀ ခန့် ကာကွယ် ဆောင်ရွက်ပေးသင့်သည်ကို တွေ့ရှိရကြောင်း၊ ထို့ပြင် မင်းလှ-ရွာတော် လမ်းပိုင်း ရေတိုက်စား ကမ်းပြိုမှုကိုလည်း ရေရှည်ထိန်းသိမ်းနိုင်ရန် Bored Pile အခြေပြုကျောက်စီ မြေထိန်းနံရံ အလျား ၅၀၀ ပေခန့်တည်ဆောက်၍ ကာကွယ်ဆောင်ရွက်ပေးသင့်သည်ကို တွေ့ရှိ ရကြောင်း၊

တင်ပြခဲ့သည့်အတိုင်း ကာကွယ်သည့် အစီအစဉ်များ ဆောင်ရွက်ရန်အတွက် ရွာတော်ရှေးဟောင်း စေတီတော်ကြီး မိုးရေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်းအတွက် ကုန်ကျစရိတ် ကျပ် ၂၁၅ သန်းနှင့် မင်းလှ-ရွာတော်ဆက်လမ်း မြစ်ရေတိုက်စားမှုမှ ကာကွယ်ရေးလုပ်ငန်းအတွက် ကုန်ကျစရိတ် ကျပ်သန်း ၃၁၀ အသီးသီး ခန့်မှန်းတွက်ချက်ထားသဖြင့် လုပ်ငန်းနှစ်ရပ်အတွက် စုစုပေါင်း ခန့်မှန်း ကုန်ကျစရိတ်မှာ ကျပ် ၅၂၅ သန်းဖြစ်ကြောင်း၊ ရွာတော်ရှေး ဟောင်းစေတီတော်ကြီး မိုးရေ တိုက်စားမှုနှင့် မင်းလှ-ရွာတော်ဆက်လမ်း မြစ်ရေတိုက်စားမှု ကာကွယ်ရေး လုပ်ငန်းများသည် အမှန်တကယ် ဆောင်ရွက်ပေးသင့်သည့် လုပ်ငန်းများဖြစ်သော်လည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွက်  မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေတွင် ထည့်သွင်း လျာထားခြင်း မရှိပါသဖြင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း၍ ရှင်းလင်းဖြေကြားပါသည်။

ဦးကျော်ကြီး(ခ)ဦးအုန်းခင်၊ မင်းလှမဲဆန္ဒနယ် က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဒုတိယဝန်ကြီး ဖြေကြားသွားသည်ကို မိမိအနေဖြင့် ဝမ်းသာပီတိဖြစ်ကြောင်း၊ သို့သော် ယခုနှစ် လျာထားချက်တွင် မပါသော်လည်း လုပ်သင့်သည့် အလုပ်ဖြစ်သည့်အတွက် မည်သည့်နှစ်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိချင်သည်ဖြစ်သည့်အတွက် ဆက်စပ်မေးခွန်းအဖြစ် မေးမြန်းအပ်ပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး

မိမိအနေဖြင့် တိုင်းဦးစီးဌာနကို မေးမြန်းသည့်အချိန်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေ ၂၀၁၉-၂၀၂၀ ရန်ပုံငွေတွင် ဆောင်ရွက်ရန် မိမိတို့ဌာနနှင့် သက်ဆိုင်သည့် လုပ်ငန်းများ တင်ပြသည့်နေရာတွင် မိမိတင်ပြသွားသည့် ဆောင်ရွက်သင့်သည့် လုပ်ငန်းကို တင်ပြခဲ့ကြောင်း၊ သို့သော် တိုင်းဒေသကြီး အစိုးရအဖွဲ့သည် ၎င်းတိုင်းဒေသကြီးတစ်ဝိုက်ရှိ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်သည့် နေရာတွင် ၎င်းတို့အနေဖြင့် ဦးစားပေး အစီအစဉ်ဖြင့် ဆောင်ရွက် ပေးရသည့်အတွက် ယခုလုပ်ငန်းသည် လျာထားရန်ပုံငွေထဲတွင် ပါဝင်မှုမရှိခြင်း ဖြစ်ကြောင်း၊ ကိုယ်စားလှယ်တော်ကြီးမေးသည့် မည်သည့်နှစ်တွင် ပါမည် ဆိုသည့်အချက်ကို မိမိတို့ဌာနအနေဖြင့် နှစ်စဉ် မည်သည့်တိုင်းဒေသကြီး၊ မည်သည့်ပြည်နယ်တွင်ဖြစ်ဖြစ် ဆောင်ရွက်သင့်သည့် လုပ်ငန်းများကို မိမိတို့က သက်ဆိုင်ရာတို င်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ကို အမြဲတင်ပြကြောင်း၊ ထို့ကြောင့် ဦးစားပေးအဆင့်ကို တိုင်းဒေသကြီး/ပြည်နယ်သည် ၂၀၁၃-၂၀၁၄ ခုနှစ်ကတည်းက စတင်ပြီး မီးဘေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ရန်ပုံငွေထဲမှ လျာထား သုံးစွဲရသည့်အတွက် ၎င်းတို့၏ ဦးစားပေး အစီအစဉ်ဖြင့် ဆောင်ရွက်ရခြင်း ဖြစ်သည့်အတွက် မည်သည့် နှစ်တွင် ထည့်သွင်းလျာထားပေးမည်ကို မိမိတို့ဝန်ကြီးဌာနမှ ဖြေကြားပေးနိုင်မည် မဟုတ်ကြောင်းကို ရှင်းလင်းဖြေကြားပါသည်။