၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် အဆိုပြုလုပ်ငန်းစီမံကိန်း (မူကြမ်း)အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ရုံးခန်း၌ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ရပ်စောက်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနမှ တင်ပြသောအဆိုပြု လုပ်ငန်းလျာထား စာရင်းတွင် မြို့နယ်ရှိကျေးရွာများကို လွှမ်းခြုံမှု၊ မျှတမှု၊ လိုအပ်ချက်များရှိနေမှု စသည့် အားနည်းချက်များကြောင့် အမှန်တကယ်နယ်မြေချင်းထိစပ်မှု၊ ခရီးအကွာအဝေးနီးသော ကျေးရွာများ ကျန်ရှိနေသည်များအတွက် စီမံကိန်းလျာထားအဆိုပြုမှုများ ထပ်မံဖြည့်စွက်တင်ပြ ဆွေးနွေးခဲ့ပါကြောင်း၊ ဥပမာအားဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးဌာနမှလုပ်ငန်းပါရှိပြီးသော ဝန်းသိုရွာသစ်/ရွာဟောင်းနှင့်နီးသော ရေအေးရွာ၊ မြင်တောင်ကျေးရွာအုပ်စုမှ မီးလင်းပြီးသောတောရကျေးရွာနှင့် NEP စီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်နေသော မြောင်းတော်ကျေးရွာနှစ်ရွာကြားတွင်ရှိသော ဆင်သေကျေးရွာ၊ ပါမဲကျေးရွာ အုပ်စုတွင် လျှပ်စစ်မီးလင်းပြီးသောမြေနီကျေးရွာနှင့် လမ်းသာခြားသော ဆင်တောင်မားသဲကျေးရွာ၊ မားသဲကျေးရွာအုပ်စု ငါးပင်ကျေးရွာနှင့် မိုင်ဝက်ခန့်သာဝေးသော တောင်ကြီးကျေးရွာ၊ ယမ်းတွင်း ငါးကြောင်ကျေးရွာအုပ်စုအတွင်းရှိ ဘေးပတ်ဝန်းကျင်ကျေးရွာများတွင် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသော်လည်း ဘတ်ဂျက်လျာထားခြင်းမခံရသော လျှော်ကုန်းကျေးရွာ စသည့်ကျေးရွာ များအတွက် လျှပ်စစ်မီးသွယ်တန်းနိုင်ရေး၊ ဒေသ၏အမှန်တကယ်လိုအပ်ချက် ၁၁ ကေဗွီလိုင်းနှင့် အနီးဆုံး၊ ဆက်စပ်မှုအရှိဆုံး၊ အဖြစ်နိုင်ဆုံး၊ အသင့်တော်ဆုံးအခြေအနေများကို ဒေသစွဲမထားဘဲ အခြေခံကျကျဆွေးနွေး တင်ပြတောင်းခံခဲ့ပါရာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်စွဲဖြင့် ပြန်လည်ဖြန့်ဝေသောအဆိုပြုလုပ်ငန်းစီမံကိန်းများတွင် ဦးစားပေးအစီအစဉ်အလိုက် ထည့်သွင်း လျာထားဖြန့်ဝေပေးသည်ကိုလည်း တွေ့ရှိရပါကြောင်း၊
သို့သော်လည်း ၇-၇-၂၀၁၉ ရက်စွဲဖြင့် ရပ်စောက် မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးဌာနမှရရှိသော ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်အတွင်း ၂၀၁၉-၂၀ ဘဏ္ဍာရေး နှစ် ရှမ်းပြည်နယ်အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်လိုသော လုပ်ငန်းများ၏စာရင်းတွင် အမှန်တကယ် ၁၁ ကေဗွီလိုင်းနှင့်အနီးဆုံး၊ ဆောင်ရွက်ပေးရန် အသင့်ဆုံး ကျေးရွာများမပါရှိဘဲ ဆက်စပ်မှုမရှိသော ၁၁ ကေဗွီလိုင်းနှင့်ဝေးသော ကျေးရွာများသာကျော်ခွ၍ လျာထားသည်ကို တွေ့ရှိရပါကြောင်း၊ မိမိအနေဖြင့် ကျေးရွာများအားလုံးကို လျှပ်စစ်မီးလင်းစေချင်ပါကြောင်းနှင့် ယခုကဲ့သို့ လျာထားဆောင်ရွက်ပေးသည်ကိုလည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် တစ်ဆက် တစ်စပ်တည်း ဆောင်ရွက်ပေးသွားရန် သင့်ကြောင်းကို အကြံပြုတင်ပြလိုပါကြောင်း၊
သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်အစိုးရရန်ပုံငွေဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်း ကျေးရွာများ ရွေးချယ်ရာတွင် မြေပြင်တွင်တည်ရှိနေသော ပကတိအရှိတရားဆောင်ရွက်သင့်သည်များ၊ ဒေသကိုယ်စားပြုဆွေးနွေးတောင်းခံချက်များနှင့် မြို့နယ်စီမံကိန်းဦးစားပေးလျာထားချက် များကို အလေးမထားဘဲ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနမှ ကျေးရွာများကို ရွေးချင်ရာရွေး ပေးချင်ရာပေးနေခြင်းသည် ၉-၉-၂၀၁၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်တွင်အတည်ပြုခဲ့သည့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းပုဒ်မ ၁၃ နှင့်ကွဲလွဲနေမှု၊ ကိုက်ညီမှုမရှိသည့်အတွက် သက်ဆိုင်ရာဌာနများအနေဖြင့် မည်သို့သောမူဝါဒ၊ သတ်မှတ်ချက်များဖြင့် ဆောင်ရွက်နေ သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် ဓာတ်အားစနစ်မှ ကျေးလက် မီးလင်းရေးကဏ္ဍကို ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းကို ကမ္ဘာ့ဘဏ်၏ ချေးငွေရယူ ကာဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ၁၁ ကေဗွီ ဓာတ်အားလိုင်းမှ နှစ်မိုင် အတွင်းရှိကျေးရွာများကို ပထမအဆင့်ဖြင့်လည်းကောင်း၊ နှစ်မိုင်မှ ငါးမိုင်အတွင်းရှိကျေးရွာများကို ဒုတိယအဆင့်ဖြင့်လည်းကောင်း၊ ငါးမိုင် မှ ၁၀ မိုင်အတွင်းကို တတိယအဆင့်ဖြင့်လည်းကောင်း၊ ၁၀ မိုင်မှအထက်ကို စတုတ္ထအဆင့်ဖြင့်လည်းကောင်း တစ်ဆင့်ချင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊
ထိုဓာတ်အားလိုင်းအကွာအဝေးသတ်မှတ်ချက်အရ စီမံကိန်းအဆင့်ရွေးချယ်မှုများတွင် ပါဝင်ခြင်းမရှိသေးသောကျေးရွာများ ဆောလျင်စွာလျှပ်စစ်ဓာတ်အားရရှိနိုင်ရန်အတွက် လိုအပ်သော ၁၁ ကေဗွီဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ တည်ဆောက်ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရတို့က ၎င်းတို့၏ ဘတ်ဂျက်ရန်ပုံငွေဖြင့် ဘဏ္ဍာနှစ်အလိုက် လျာထားဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊
ရှမ်းပြည်နယ်အနေဖြင့် ကျေးရွာများမီးလင်းရေးအတွက် ပြည်နယ်အစိုးရဘတ်ဂျက်ဖြင့် လုပ်ငန်းများ လျာထားရာတွင် လွှတ်တော်ကတိကဝတ်လုပ်ငန်းများ၊ လွှတ်တော်ကိုယ်စားလှယ်များမှ တင်ပြ တောင်းခံသည့် လုပ်ငန်းများ၊ ကျေးရွာပြည်သူလူထုက တောင်းခံသည့်လုပ်ငန်းများ၊ ပြည်နယ်အစိုးရအဖွဲ့မှ လမ်းညွှန်မှာကြားသည့်လုပ်ငန်းများ၊ လုပ်ငန်းလိုအပ်ချက်အရ ဆောင်ရွက်ရမည့်လုပ်ငန်းများကို သက်ဆိုင်ရာမြို့နယ်လျှပ်စစ်အင်ဂျင်နီယာများက စာရင်းစတင်ပြုစုပြီး မြို့နယ်စီမံကိန်းနှင့် ခရိုင် စီမံကိန်းရေးဆွဲရေးဌာနများထံ တင်ပြရပါကြောင်း၊ ထို့နောက် အဆိုပါဌာနမှ စိစစ်ပြီး နောက်တွင် ဘဏ္ဍာငွေရရှိရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်ဘတ်ဂျက်စိစစ်ရေး လွှတ်တော်ကိုယ်စားလှယ်များက စိစစ်ခွင့်ပြုသည့်မူဝါဒအတိုင်း ရွေးချယ်ဆောင်ရွက်သည်ဟု သိရှိရပါကြောင်း၊
မေးမြန်းချက်တွင်ပါရှိသည့် ရပ်စောက်မြို့နယ်ရှိ ရေအေးကျေးရွာ၊ ဆင်တောင်ကျေးရွာ၊ တောင်ကြီးကျေးရွာ၊ လျှော်ကုန်းကျေးရွာနှင့် ဆင်သေကျေးရွာ လျှပ်စစ်ဓာတ်အားရရှိရေး လုပ်ငန်းများသည် ရပ်စောက်မြို့ပေါ် ဓာတ်အားလိုင်းများနှင့် ခွဲရုံများ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ၁၆ ခုကို ပထမဉီးစားပေးအဖြစ် လည်းကောင်း၊ ကျေးရွာများ လျှပ်စစ် ဓာတ်အားရရှိရေးလုပ်ငန်း ၃၆ ခုကို ဒုတိယဉီးစားပေးအဖြစ်လည်းကောင်း၊ ရပ်စောက်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနနှင့် မြို့နယ်စီမံကိန်းရေးဆွဲရေး ဉီးစီးဌာနတို့ထံ လျာထား တင်ပြခဲ့သည့် စုစုပေါင်းလုပ်ငန်း ၅၂ ခုတွင် ပါဝင်ခဲ့ပါကြောင်း၊
ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ပြည်နယ်စီမံကိန်းဉီးစီးဌာနထံသို့ ရှမ်းပြည်နယ် (တောင်ပိုင်း) အတွက် လျာထားတင်ပြသည့် စုစုပေါင်းလုပ်ငန်း ၈၇၀ တွင် အဆိုပါလုပ်ငန်း ၅၂ ခုလည်း ပါဝင်ခဲ့ပါကြောင်း၊ အဆိုပါလျာထားတင်ပြချက်စာရင်းကို ရှမ်းပြည်နယ်၊ ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်ရေးကော်မတီနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ရန်ပုံငွေရရှိမှုအပေါ်မှာမူတည်ကာ ထပ်မံစိစစ်ရွေးချယ်ခဲ့ပါကြောင်း၊ ထိုသို့ထပ်မံစိစစ် ရွေးချယ် ရာတွင် ရပ်စောက်မြို့နယ်အတွက် လုပ်ငန်း ၁၃ ခုအားလျာထားခွင့်ပြုခဲ့ရာ မေးမြန်းတွင် ပါဝင်သော ကျေးရွာများမှာ ဘဏ္ဍာငွေမလုံလောက်မှုကြောင့် မပါဝင်ခဲ့ဖြစ်ပါကြောင်း၊ ရှင်းလင်းတင်ပြလို သည်မှာ ကိုယ်စားလှယ်ကြီးမေးမြန်းချက်တွင် ပါဝင်သော ကျေးရွာများ လျှပ်စစ် ဓာတ်အား ရရှိရေးအတွက် ရွေးချယ်ရာတွင် ရပ်စောက်မြို့နယ်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းဌာနက ရွေးချယ် ဆုံးဖြတ်ပိုင်ခွင့်လုံးဝမရှိပါကြောင်း၊ မူဝါဒချမှတ်ပိုင်ခွင့်လုံးဝမရှိပါကြောင်း အဆိုပါ ရွေးချယ်မှုများအား ရှမ်းပြည်နယ်(အစိုးရ)နှင့် ရှမ်းပြည်နယ်(လွှတ်တော်)ကသာ မူဝါဒချမှတ်ရေးဆွဲ ခြင်းဖြစ်ပါကြောင်း၊
အဆိုပါကျေးရွာများတွင် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သည့်အတွက်ကြောင့် လျှော်ကုန်းကျေးရွာနှင့် ဆင်သေကျေးရွာတို့အတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်း စုစုပေါင်း ၁.၇ မိုင် နှင့် ၁၁/၀.၄ ကေဗွီ ၁၀၀ ကေဗွီအေထရန်စဖော်မာသုံးလုံး တည်ဆောက်ခြင်းလုပ်ငန်းများကို ဝန်ကြီးဌာနကဆောင်ရွက်နေသည့် (NEP) ပထမ အဆင့်၏ မီးလင်းပြီးကျေးရွာများအတွက် အစားထိုးကျေးရွာများစာရင်းတွင် ထည့်သွင်းလျာထားပါကြောင်းနှင့် ရေအေးကျေးရွာ၊ ဆင်တောင်ကျေးရွာ၊ တောင်ကြီးကျေးရွာတို့အတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်း စုစုပေါင်း ၅.၅ မိုင်နှင့် ၁၁/၀.၄ ကေဗွီ ၅၀ ကေဗွီအေ ထရန်စဖော်မာသုံးလုံး တည်ဆောက်ခြင်းလုပ်ငန်းများကို NEP ၏ ဒုတိယအဆင့်လုပ်ငန်းများတွင် ထည့်သွင်းလျာထား ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဦးခင်မောင်မြင့်(ရပ်စောက်မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
မိမိမေးခွန်းမေးမြန်းခဲ့စဉ်ကတည်းက မိမိမြို့နယ်၏ စီမံကိန်းအစည်းအဝေးပေါ်မှာ အခြေခံပြီး မေးမြန်းတင်ပြခဲ့ခြင်းကြောင်း၊ ထို့ကြောင့်လည်း ဌာများက တင်ပြချက်ထဲတွင် တစ်မြို့နယ်လုံးကို လွှမ်းခြုံရန် အမှန်တကယ်လိုအပ်ချက်များကို အခြေခံပြီး ဖြည့်စွက်တောင်းခံခဲ့ခြင်းဖြစ်ပါကြောင်း၊ ယင်းအပေါ် စီမံကိန်းအစည်းအဝေးများကျင်းပလျက်ရှိပြီး ဒုတိယဝန်ကြီးပြောကြားချက်တွင် မြို့နယ်က ရွေးချယ်၍ မရဘူးဟူ၍ ပြန်လည်ဖြေကြားခဲ့ကို သိရှိရပါကြောင်း၊ အမျိုးသားစီမံကိန်း ဥပဒေပုဒ်မ ၁၃ တွင် သက်ဆိုင်ရာ ဌာနနှင့် အဖွဲ့အစည်းများသည် မိမိတို့ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းနှင့် လုပ်ငန်းများအတွက် လျာထားခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ စိစစ်သုံးသပ်ခြင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ မြို့နယ်အဆင့်မှစတင်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာမဲဆန္ဒနယ်အသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်များ၊ တာဝန်ရှိပုဂ္ဂိုလ်အဖွဲ့အစည်းများနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်ရမည်၊ ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်သည့် ပုဂ္ဂိုလ်ဌာနအဖွဲ့အစည်းများကို တည်ဆဲဥပဒေ၊ နည်းဥပဒေစည်းမျဉ်း စည်းကမ်းများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်ရမည်ဟုလည်း ပါရှိပါကြော်ငး၊ ထို့ပြင် ဆက်စပ်မေးမြန်းလိုသည်မှာ မိမိတို့မြို့နယ်စီမံကိန်း၏ အစည်းအဝေးများသည် အမှန်တကယ်လိုအပ်ခြင်း ရှိ/မရှိ၊ မိမိတို့၏ စီမံကိန်းအစည်းအဝေး များတွင် တကယ်အမှန်တကယ် ပြည်သူများ၏ အကျိုးသက်ရောက်မှုရှိ/မရှိနှင့် အမှန်တကယ် ဆောင်ရွက်သင့်/မသင့်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်
ဆက်စပ်မေးခွန်းနှင့်စပ်လျဉ်း၍ ကနဉီးဖြေကြားချက်တွင်လည်း ပါရှိခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းသော ရပ်စောက်မြို့နယ်မှ ရေအေးကျေးရွာ၊ ဆင်တောင်ကျေးရွာ၊ တောင်ကြီးကျေးရွာ၊ လျှော်ကုန်း ကျေးရွာနှင့် ဆင်သေကျေးရွာအုပ်စု မီးလင်းရေးလုပ်ငန်းများကို ရပ်စောက်မြို့နယ် လျှပ်စစ်အင်ဂျင် နီယာရုံးက ဆောင်ရွက်ရန် လုပ်ငန်း စာရင်းများ ပြုစုကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာနနှင့် မြို့နယ်စီမံကိန်းရေးဆွဲရေးဉီးစီး ဌာနထံ တင်ပြခဲ့သည့် လုပ်ငန်း ၅၂ ခုတွင် ပါဝင်ခဲ့သည်ကို ဖြေကြားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆက်စပ်မေးခွန်းတွင် စီမံကိန်းရေးဆွဲရေး ဉီးစီးဌာနထံ ညှိနှိုင်းအစည်းအဝေးများတွင် ယင်းကိစ္စကို ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးက ပူးပေါင်း ဆောင်ရွက်မှု အပြည့်အဝရှိခဲ့ပါကြောင်း၊ ထိုသို့တင်ပြသည့် ကိစ္စရပ်များသည် မြို့နယ်တစ်ခုတည်းတင်မကဘဲ ရှမ်းပြည်နယ်တစ်ခုလုံးက ကိစ္စရပ်များအားလုံးကို ရှမ်းပြည်နယ်အစိုးရနှင့် ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သော ဒေသန္တရ စီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်ရေးကော်မတီထံ ရောက်ရှိသွား သည်ကိုလည်း ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါကော်မတီများ၏ စိစစ်ချက်အရသာ ကျန်ရှိခဲ့ကြောင်းလည်း ထပ်မံရှင်းလင်းတင်ပြခဲ့ပြီးဖြစ်သည့်အတွက် မူလဥပဒေတွင် ပါဝင်သည့် ကိစ္စရပ်အတိုင်း စီစဉ် ဆောင်ရွက်သွားခြင်းသာဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
