(င)တောင်ဥက္ကလာပမြို့နယ်၊ ငမိုးရိပ်ချောင်း၏ ကမ်းထိန်းနံရံတစ်လျှောက်တွင် ကျူးကျော်များ ရောက်ရှိမလာစေရန်နှင့် ကမ်းနားတစ်လျှောက်တွင် ဒေသအခြေအနေနှင့် ကိုက်ညီမည့်အပင်များ စိုက်ပျိုးပေးရန် သက်ဆိုင်ရာဌာနအနေဖြင့် မည်သို့စီစဉ်ထားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ (၄.၁၁.၂၀၁၉)

တောင်ဥက္ကလာပမြို့နယ်၊ ငမိုးရိပ်ချောင်းတစ်လျှောက်တွင် ကမ်းထိန်းနံရံများတည်ဆောက် ပေးခဲ့သည့်အတွက် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနတို့ကို ပြည်သူများမှ ကျေးဇူးတင်လျက်ရှိပါကြောင်း၊        နွေရာသီတွင် ငမိုးရိပ်ချောင်းတစ်လျှောက် လမ်းလျှောက် အပန်းဖြေနိုင်မည်ဖြစ်၍ မြို့နယ်ရှိပြည်သူများသည် ပျော်ရွှင်လျက်ရှိပါကြောင်း၊ မိုးရိပ်ချောင်း တစ်လျှောက် သာယာနေသည်နှင့်အတူ ကျူးကျော်များဝင်ရောက်လာမည်ကို ပြည်သူများစိုးရိမ်လျက်ရှိပါကြောင်း၊ ငမိုးရိပ်ချောင်းတစ်လျှောက်တွင် ကျူးကျော်များ ဝင်ရောက်လာမှုကို ကာကွယ်တားဆီးရန်၊ နောင်တွင် ပြည်သူများအနေဖြင့် ငမိုးရိပ်ချောင်းတစ်လျှောက်၌ လမ်းလျှောက် အပန်း ဖြေနိုင်ရန်နှင့် စိမ်းလန်းသာယာရေးတို့အတွက် ပြုလုပ်တည်ဆောက်ပြီးသည့် ကမ်းထိန်းနံရံနှင့် သင့်လျော်သော အကွာအဝေးခန့်တွင် ဒေသအခြေအနေနှင့်ကိုက်ညီမည့်အပင်များကို စီမံချက်ချမှတ်၍ စိုက်ပျိုးပေးနိုင်ပါရန်နှင့် သက်ဆိုင်ရာဌာနအနေဖြင့် မည်သို့ စီစဉ်ထားသည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။

ဖြေကြားသူ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တောင်ဥက္ကလာပမြို့နယ်၊ ငမိုးရိပ်ချောင်း၏တည်ဆောက်ပြီးသော ကမ်းထိန်း နံရံတစ်လျှောက်ရှိ မြေနေရာ၏ မြေပိုင်ဆိုင်မှုကို မြေပြင်တွင်စိစစ်ခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဌာနပိုင်မြေနေရာဖြစ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ကြီးကြပ် ကွပ်ကဲသည့် မြေနေရာမဟုတ်သည့်အတွက် စိမ်းလန်းသာယာနိုင်ရေး အပင်များစိုက်ပျိုးရန် အစီအစဉ်မရှိပါကြောင်း ပေါင်းစပ်ဖြေကြားခဲ့ပါကြောင်း၊ အဆိုပါ ငမိုးရိပ်ချောင်း၏ကမ်းထိန်းနံရံတစ်လျှောက်ရှိ ကမ်းနားနယ်မြေသည် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေးဥပဒေအရ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေနယ်နိမိတ်တွင် ပါဝင်သော်လည်း ကမ်းနားတစ်လျှောက် စိမ်းလန်းသာယာရေးအတွက် အပင်များ စိုက်ပျိုးရန်မှာ ဦးစီးဌာန၏လုပ်ငန်းတာဝန်များတွင် ပါဝင်ခြင်းမရှိပါသဖြင့် အဆိုပါလုပ်ငန်းအတွက် ရန်ပုံငွေတင်ပြတောင်းခံရန် အခက်အခဲများရှိကြောင်း၊

တောင်ဥက္ကလာပမြို့နယ်၊ ငမိုးရိပ်ချောင်း၏ တည်ဆောက်ပြီးသော ကမ်းထိန်းနံရံတစ် လျှောက် စိမ်းလန်းသာယာလှပရေးအတွက် အပင်များစိုက်ပျိုးခြင်းကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဆောင်ရွက် ပေးနိုင်ခြင်းမရှိသော်လည်း အခြားအဖွဲ့အစည်း (သို့မဟုတ်) ရပ်မိရပ်ဖများ၏ အစီအစဉ်ဖြင့် စိုက်ပျိုးလိုသည့်အတွက် ဦးစီးဌာနသို့ ညှိနှိုင်းလာပါကစိစစ်၍ ခွင့်ပြုပေးသွားနိုင်မည်ဖြစ်ပါကြောင်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေအရ ဦးစီးဌာနမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် ကမ်းနားနယ်အတွင်း ကျူးကျော်များ မဝင်ရောက်စေရေးအတွက် ၂၀၁၉ခုနှစ် နိုင်ဝင်ဘာလမကုန်မီ သတိပေးတားမြစ်သည့်ဆိုင်းဘုတ်များကို စိုက်ထူ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

‌ဒေါက်တာစောနိုင်(တောင်ဥက္ကလာပမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိတို့ကို စည်ပင်မှစိုက်ရန် အဆင်မပြေကြောင်း၊ ကမ်းခြေတစ်လျှောက် စိမ်းလန်းသာယာရေးအတွက် မိမိတို့ လိုအပ်နေသည့်အပိုင်းများရှိကြောင်း၊ ရပ်မိရပ်ဖများ၊ ပြည်သူများ၊ ပရဟိတအဖွဲ့များ စိုက်မည်ဆိုပါကခွင့်ပြုပေးမည်ဟု ဝန်ကြီးမှ ဖြေကြားပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း၊ အခြားဝန်ကြီးဌာနများ၊ အခြားဌာနများနှင့်ညှိနှိုင်းဆောင်ရွက်ပြီး စိုက်မည်ဆိုပါက ပေအားလုံးပေါင်းသည် ၃၀၀၀၊ ၄၀၀၀၊ ၅၀၀၀ ခန့် အရှည်ဖြစ်နေသည့်အတွက် ပရဟိတအဖွဲ့များ၊ ရပ်မိရပ်ဖများ စိုက်ရန် အခက်အခဲများစွာရှိနေကြောင်း၊ ထို့ကြောင့် အခြားဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းပြီး စိုက်မည်ဆိုပါကစိုက်နိုင်သည်ဆိုသည့်အချက်ကို ဆက်စပ် မေးခွန်းအဖြစ် မေးမြန်းကြောင်း

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး

ကိုယ်စားလှယ်တော်ကြီးပြောသည့်အတိုင်း မိမိတို့ အဓိကပတ်သက်သည်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပတ်သက်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အကြံပြုချင်သည်မှာ ကိုယ်စားလှယ်တော်ကြီးနှင့် ရပ်မိရပ်ဖ၊ မြို့နယ် အုပ်ချုပ်ရေးဌာနများအနေဖြင့် မြို့နယ်စိုက်ပျိုးရေးဌာနကို ညှိနှိုင်းဆောင်ရွက်ပြီး စိုက်ပျိုးရေးဌာန ဒါမှမဟုတ် ဝန်ကြီးဌာနအချင်းချင်း ဝန်ကြီးဌာန၏သဘောထား မှတ်ချက်တောင်းမည်ဆိုပါက ကန့်ကွက်ရန် မရှိကြောင်း၊ ခွင့်ပြု ပေးနိုင်မည်ဖြစ်ကြောင်း၊ မြို့နယ်အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်ကြီးနှင့် မြို့နယ်ရပ်မိရပ်ဖများမှစ၍ တင်ပြဆောင်ရွက်မည်ဆိုပါက ဝန်ကြီးဌာနအနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။