(စ)-ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုများတွင် ဖွဲ့စည်းထားသော ကော်မတီများ၌ ပါဝင်သူ များက ပြည်သူများထံမှကောက်ယူထားသော ဘဏ္ဍာငွေများကို အလွဲသုံးစားပြုလုပ်ခြင်းနှင့် ပတ်သက်၍ တိုင်ကြားလာပါက မည်သူက တာဝန်ယူစစ်ဆေးပေးမည်နှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့(၁၉.၉.၂၀၁၉)

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုများတွင် ဖွဲ့စည်းထားသော ကော်မတီများ၌ ပါဝင်သူများက ပြည်သူများထံမှကောက်ယူထားသော ဘဏ္ဍာငွေများကို အလွဲ သုံးစားပြုလုပ်ခြင်းနှင့် ပတ်သက်၍ တိုင်ကြားလာပါက မည်သူက တာဝန်ယူစစ်ဆေးပေး၍ မည်သူက တရားစွဲဆို အရေးယူပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

 

မိမိတို့နိုင်ငံတွင် လုပ်ငန်းလိုအပ်ချက်တွေအရ ကော်မတီများဖွဲ့ကြပါကြောင်း၊ ဥပမာ-မီးလင်း ရေးကော်မတီ၊ ရေရရှိရေးကော်မတီ၊ လမ်းဖြစ်မြောက်ရေးကော်မတီ၊ ရပ်ကွက် သာယာရေး ကော်မတီ၊ ၎င်းအပြင် အိမ်ရာသာယာရေးကော်မတီကို ဖွဲ့ကြပါကြောင်း၊ ကော်မတီများ ဖွဲ့သည့်အခါမှာ များသောအားဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အသိအမှတ်ပြုပါ ကြောင်း၊ ပိုက်ဆံကောက်ပါကြောင်း၊ ပိုက်ဆံကောက်ပြီး လုပ်ငန်းများ ဆောင်ရွက်သည့်အခါ အလွဲသုံးစားမှုများ ပေါ်ပေါက်သည်ဟု ပြည်သူယုံကြည်လာပြီး များသောအားဖြင့် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနကို တိုင်ကြပါကြောင်း၊  တိုင်သည့်အခါ အလွဲသုံးစား လုပ် သည်ဟု တိုင်ပါက အဓိကအားဖြင့် စာရင်းစစ်ဆေးရန် လိုပါကြောင်း၊  သို့သော်စာရင်း စစ်ဆေးခြင်း မပြုနိုင်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကသက်ဆိုင် ရာမြို့နယ်၊ စာရင်းစစ်အဖွဲ့ကို စာရင်းသွားစစ်ပါဟု ညွှန်ကြားခွင့်မရှိသည့်အတွက် စာရင်း မစစ်နိုင်ပါ ကြောင်း၊ ထို့ကြောင့် အများပြည်သူပိုက်ဆံကို အလွဲသုံးစားလုပ်သည့်လူကို အရေးယူရန် အတွက် မည်သူကတာဝန်ခံပြီး စာရင်းစစ်ပေးမည်၊ စစ်ဆေးပေါ်ပေါက်ချက် အပေါ်တွင် အလွဲ သုံးစားပြုထားသည်ဟု တွေ့ရှိပါက တရားစွဲဆိုရမည်ဖြစ်သည့်အတွက် တရားစွဲဆိုသည့်အခါ မည်သူကတရားလိုပြုပြီး တရားစွဲဆို ပေးမည်ဆိုသည်ကို သိလိုပါကြောင်းဖြင့် မေးမြန်း ပါသည်။


 

ဖြေကြားသူ
နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးအောင်မြင်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

၎င်းမေးခွန်းနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များကို လည်းကောင်း၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို လည်းကောင်း တိုင်ကြားပါက ၎င်းတိုင်ကြားစာများ အပေါ် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ခရိုင်၊ မြို့နယ်၊ အုပ်ချုပ်ရေးမှူးများ၊ ခရိုင်မြို့နယ်အုပ်ချုပ်ရေးရုံးများကတစ်ဆင့် သက်ဆိုင်ရာတာဝန်ရှိသည့် ပုဂ္ဂိုလ်များ အားလုံး နှင့် စုစည်းပြီး အဖွဲ့ဖွဲ့စုံစမ်း စစ်ဆေးခြင်း ပြုလုပ်ပါကြောင်း၊ စုံစမ်းစစ်ဆေးသည့်အခါတွင် လည်း တိုင်ကြားခံရသည့် အချက်အလက်များနှင့် ပတ်သက်ပြီး သက်ဆိုင်သည့် တာဝန်ရှိ ပုဂ္ဂိုလ်များ ခေါင်းဆောင်ပြီး ဆောင်ရွက်ခဲ့သည့် ကိစ္စများ ရှိပါကြောင်း၊ စုံစမ်း စစ်ဆေးရေး အဖွဲ့များ ဖွဲ့စည်းပြီးသည့်အချိန်တွင် အချိန်အကန့်အသတ်ဖြင့် သတ်မှတ်ပေးပြီး မည်သည့် နေ့၊ မည်သည့်ရက်အတွင်း အစီရင်ခံစာ တွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက်များကို တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရအဖွဲ့များသို့ တင်ပြရမည်ဆိုပြီး ဆောင်ရွက်ထားခြင်းများရှိ ပါကြောင်း၊ တင်ပြသည့်အစီရင်ခံစာများအပေါ်မှာမူတည်ပြီး တိုင်းဒေသကြီး/ ပြည်နယ် စီမံခန့်ခွဲရေးကော်မတီက အစည်းအဝေးခေါ်ယူညှိနှိုင်းဆုံးဖြတ်ပြီး ညွှန်ကြားသည့် အတိုင်း အဆင့်ဆင့်တာဝန်ယူ၊ တာဝန်ခံမှုနှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်ကြားမှု ဖြစ်စဉ် များအရ တရားစွဲဆိုအရေးယူခြင်းကို နစ်နာသူကာယကံရှင်ကဖြစ်စေ၊ ရဲအရေးပိုင် သည့် အမှုဖြစ်ပါက မြန်မာ နိုင်ငံရဲတပ်ဖွဲ့ကဖြစ်စေ၊ ဥပဒေအကြံဉာဏ်များ တောင်းခံပြီး ဥပဒေ အကြံပြုချက်အတိုင်း သက်ဆိုင် ရာ ဌာနကဖြစ်စေ၊ နိုင်ငံတော်ကပြဋ္ဌာန်းထားသည့် တည်ဆဲ ဥပဒေများနှင့်အညီ ကိုင်တွယ်ကျင့်သုံးနေသည့် ဌာနဆိုင်ရာများကဖြစ်စေ၊ တရားစွဲဆို အရေးယူဆောင်ရွက်ခြင်းများကို ပြုလုပ်လျက်ရှိပါကြောင်း၊ ပြုလုပ်‌အောင်လည်း မိမိတို့ အဆင့်ဆင့်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်းဖြင့် ဖြေကြားခဲ့ပါသည်။