(ခ)-မက်မန်းမြို့နယ်အတွင်းရှိ ဒေသခံ ဝ(လွယ်လ)၊ လားဟူ၊ ရှမ်းတိုင်းရင်းသားများ၏ ပညာရေး တိုးတက် ဖွံ့ဖြိုးလာစေရန် နိုင်ငံတော်မှ လူငယ်သင်တန်းကျောင်းတစ်ကျောင်း ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့(၁၈.၉.၂၀၁၉)

မက်မန်းမြို့နယ်တွင် လွယ်လ၊ လားဟူ၊ ရှမ်းတိုင်းရင်းသားများ အများစုနေထိုင်ကြပြီး တောနှင့် တောင်တန်းများထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အတွက် ဒေသခံ တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့သည် နိမ့်ကျလျက် ရှိပါကြောင်း၊ ပညာရေးကဏ္ဍတွင် မက်မန်းမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းကိုသာ အားကိုးပြီး သင်ကြားနေလျက်ရှိရာ ဒေသခံပြည်သူများသည် တောင်ယာလုပ်ငန်းဖြင့် အသက်မွေးကြ သူများဖြစ်သဖြင့် မြို့ပေါ်လာရောက်ပြီးပညာသင်ကြားနိုင်ရန် အစစအရာရာ အခက်အခဲ များရှိခြင်းကြောင့် အခြေခံပညာအဆင့်တွင် ကျောင်းထွက်ပြီးတောင်ယာလုပ်ငန်း လုပ်ကိုင် နေသူများ  များပြားလာသည်ကို တွေ့ရှိရပါကြောင်း၊ မြို့နယ်အတွင်း တိုင်းရင်းသားများ၏ ပညာရေးတိုးတက်အောင်မြင်စေရေးအတွက် မက်မန်းမြို့ပေါ်ရှိပညာဒီပ ဘုန်းတော်ကြီး ကျောင်း သာသနာပြုဆရာတော်ဘဒ္ဒန္တစန္ဒသီရိ ဟာဆိုရင်ကျေးရွာများမှ ဆင်းရဲနွမ်းပါးသည့်  ဝ၊ ရှမ်း၊ လားဟူ ကျောင်းသား ၁၀၃ ဦး၊ ကျောင်းသူ ၅၄ ဦးတို့အား ဘုန်းတော်ကြီး ကျောင်းတွင် အဆောင်များစီစဉ်၍ စားသောက်နေထိုင်ရေးတို့ကို တာဝန်ယူပညာ သင်ကြားပေးလျက်ရှိပြီး လစဉ်ဒေသခံနှင့်ဌာန ဆိုင်ရာများ၏ ပံ့ပိုးငွေများထောက်ပံ့မှုများဖြင့် ပညာသင်ကြားနေသည်ကိုလည်း တွေ့ရှိရသကဲ့သို့ အချို့ဆင်းရဲနွမ်းပါးသည့် ကျောင်းသား ၄၀ ကျော်နှင့် ကျောင်းသူ ၂၀ ကျော်တို့သည်လည်း ၂၀၀၅ ခုနှစ်တွင် တပ်မတော်မှ တည်ဆောက်ပေးထားသည့်  အဆောင်နှစ်ဆောင်တွင် နေထိုင်ပြီးပညာသင်ကြားနေရသည် ကိုလည်း တင်ပြလိုပါကြောင်း၊ ကျောင်းသူကျောင်းသား ၆၀ ကျော်တို့ကိုလည်း စစ်ဘက်၊ အရပ်ဘက် ဌာနဆိုင်ရာများ၏ လစဉ် ဆန်၊ ဆီ ပံ့ပိုးမှုများနှင့် ပညာသင်ကြားနိုင်ရေးကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ အထက်ဖော်ပြပါအခက်အခဲများကို ရေရှည်တွင် ကျောင်းသားကျောင်းသူများပြားလာနိုင်ခြင်း၊ လက်ရှိတာဝန်ယူပညာသင်ကြားပေးနေသည့် ဆရာတော်နှင့် ဌာနဆိုင်ရာများမှာ ဝန်ထုပ်ဝန်ပိုး များဖြစ်လာပါက ဆင်းရဲနွမ်းပါးသည့် ဒေသခံတိုင်းရင်းသားများ၏ ပညာရေးသည် ခက်ခဲမှုများဖြစ်ပေါ်လာနိုင်တာကိုလည်း တင်ပြလိုပါကြောင်း၊

သို့ဖြစ်ပါ၍ မက်မန်းခရိုင် မက်မန်းမြို့နယ်အတွင်း ဆင်းရဲနွမ်းပါးသည့် ဒေသခံတိုင်းရင်း သားများ၏  ပညာရေးတိုးတက်ဖွံ့ဖြိုးလာစေရန်အတွက် နိုင်ငံတော်မှ လူငယ်သင်တန်း ကျောင်းတစ်ကျောင်း ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ပါက ဆင်းရဲနွမ်းပါးသည့် ဒေသခံ တိုင်းရင်း သားများအတွက် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊

၎င်းကျောင်းဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်မည့် မြေငါးဧကကိုလည်း လျာထားပြီး ဖြစ်ခြင်းကြောင့် မက်မန်းခရိုင် မက်မန်းမြို့နယ်အတွင်းရှိ ဒေသခံ ဝ၊ လွယ်လ၊ လားဟူ၊ ရှမ်းတိုင်းရင်းသားများ၏ ပညာရေးတိုးတက်ဖွံ့ဖြိုးလာစေရန် နိုင်ငံတော်မှ လူငယ်သင်တန်း ကျောင်းတစ်ကျောင်း ဖွင့်လှစ်ပေးနိုင်ရန်အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်  ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကိုသိရှိလိုပြီး အစီအစဉ်မရှိပါကလည်း မည်သည့် အတွက်ကြောင့် မရှိသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေး ဥပဒေပါ ပညာရေးအမျိုးအစားများကို တာဝန်ယူပြီး ကျောင်းများဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန နည်းပညာနှင့်သက်မွေး ပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ် တောင်ကြီး ခရိုင်တွင် အစိုးရနည်းပညာ အထက်တန်းကျောင်း(တောင်ကြီး)၊ အစိုးရနည်းပညာ အထက် တန်းကျောင်း(ပင်းပက်)၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ)၊ အစိုးရနည်းပညာ အထက်တန်းကျောင်း(လားရှိုး)၊ အစိုးရ နည်းပညာ အထက်တန်းကျောင်း(ကျိုင်းတုံ)တို့ကို ဖွင့်လှစ်ပြီး ဒေသလိုအပ်ချက်နှင့် ကိုက်ညီသည့် သက်မွေးပညာသင်တန်းများ လေ့ကျင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆက်လက်ပြီး ရှေ့လုပ်ငန်းများအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တောင်ကြီးခရိုင် တောင်ကြီးမြို့၌  စက်မှုလက်မှုသိပ္ပံကျောင် တစ် ကျောင်း၊ လားရှိုးခရိုင် လားရှိုးမြို့၊ ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့တို့မှာ အစိုးရစက်မှုလက်မှုသိပ္ပံ နှစ်ကျောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျောက်မဲခရိုင်ကျောက်မဲမြို့တွင် အစိုးရစက်မှု လက်မှုသိပ္ပံကျောင်းတစ်ကျောင်း ထပ်မံဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ လူငယ်သင်တန်းကျောင်းများကို ရန်ကုန်တိုင်းဒေသကြီးတွင် ငါးကျောင်း၊ မန္တလေးတိုင်း ဒေသကြီးတွင် နှစ်ကျောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် တစ်ကျောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တစ်ကျောင်း၊ မွန်ပြည်နယ်တွင် တစ်ကျောင်း စသည့် ကျောင်း များကို ယခုအချိန်တွင်  လူမှုဝန်ထမ်းဝန်ကြီးဌာနမှ ဆောင်ရွက်လျက် ရှိကြောင်း၊ ဝကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအတွင်း မက်မန်းခရိုင် မက်မန်းမြို့နယ်တွင် တိုင်းရင်းသားလူငယ်များ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းကျောင်းဖွင့်လှစ်ရန် လိုအပ်သောမြေ နေရာ ၅.၀၀ ဧကရရှိရေးအတွက် ၃၁-၁-၂၀၁၉ ရက်နေ့တွင် ပြုလုပ်သည့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၁၉)ဆုံးဖြတ်ချက်အမှတ် အပိုဒ် (၅) အပိုဒ်ခွဲ (၁)(ခ) အရလိုအပ်သောမြေနေရာ ရရှိရန် လုပ်ထုံးလုပ်နည်းနှင့်အညီ ရှမ်းပြည်နယ်အစိုးရနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်း လိုအပ်သည့် မြေနေရာကို ရရှိပါက သင်တန်းကျောင်းဆောက်လုပ်နိုင်ရေးအတွက် လူငယ်သင်တန်း ကျောင်း ဆောင်ရွက်ရန် လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေ ထည့်သွင်းလျာထားဆောင်ရွက်ပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။