(စ)-ကျောက်ဖြူမြို့နယ်၊ ပင်လယ်နား ကျေးရွာရှိ ကွင်းအမှတ် (၆၆၀)ကြွင်းချိန် အနောက်၊ ဦးပိုင် အမှတ်(၂၇၃)ရှိ ၁.၉၀ ဧက မြေပေါ်တွင် တိရစ္ဆာန် အစားအစာ ထုတ်လုပ်ရန် စက်ရုံတစ်ခု တည်ဆောက်နေသည်ကို တွေ့ရှိရာအဆိုပါစက်ရုံနှင့်စပ်လျဉ်း၍သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
ယနေ့ မိမိမေးမြန်းမည့် မေးခွန်းသည် ဝန်ကြီးဌာန တော်တော်များများနှင့် ပတ်သက် နေကြောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထောင်စု အစိုးရအဖွဲ့စသည့် ဝန်ကြီး ဌာနများနှင့် သက်ဆိုင်ကြောင်း၊ မိမိတို့ ကျောက်ဖြူမြို့နယ်၊ ကင်းမြောက် ကျေးရွာအုပ်စု၊ ပင်လယ်နား ကျေးရွာအနီးတွင် တရုတ်လူမျိုး မစ္စတာ လျူချီ ဆိုသည့် လူသည် တိရစ္ဆာန် အစားအစား စက်ရုံတစ်ခု တည်ဆောက်နေကြောင်း၊ မိမိမေးသည့် မေးခွန်းတွင် အပိုင်း ငါးပိုင်း ပါဝင်ကြောင်း၊ မစ္စတာ လျူချီ တည်ဆောက်ထားသည့် စက်ရုံကို ကင်းမြစ်ကမ်းခြေမှ မျက်နှာစာမြင်ကွင်းမှ မြင်ရသည့် အနေအထား ဖြစ်ကြောင်း၊ စက်ရုံ ရှေ့မျက်နှာစာရှိ ဒီရေတောများကို ခုတ်ထွင်ရှင်းလင်းပြီး စက်ရုံအတွက် အသုံးပြုထားကြောင်းနှင့် စက်ရုံသုံး ဆိပ်ခံတံတား နှစ်စင်း တည်ဆောက်ထားကြောင်း၊။ ကင်းမြစ်အတွင်းက ကြည့်မည်ဆိုပါက စက်ရုံတွင်သုံးမည့် ကျောက်မီးသွေး ပုံကြီးတစ်ခုကို တွေ့ရကြောင်း၊ စက်ရုံ တည်ဆောက် ထားသည့် နေရာကို ကောင်းကင် ဓာတ်ပုံ၊ ကင်းမြစ် ကမ်းခြေမြောက်ဘက်တွင် ရှိသည့် စက်ရုံတည်ရှိသည့် နေရာနှင့် ကင်းမြစ် စီးဝင်နေသည့် ဘင်္ဂလား ပင်လယ်အော်နှင့် ကင်းမြစ် ကမ်းခြေအနေအထားတို့အတွက် ပုံများ ရှိကြောင်း၊ ကင်းမြစ်၏ အနောက်ဘက်ခြမ်းသည် ကျောက်ဖြူ မြို့နယ်ဖြစ်ပြီး ကင်းမြစ်၏ တောင်ဘက်ခြမ်းသည် ရမ်းဗြဲဲမြို့နယ်ဘက်ခြမ်း ဖြစ်ကြောင်း၊ စက်ရုံ တည်ဆောက်ထားသည့် နေရာနှင့် ဒေသခံများ ရှိနေသည့် ကျေးရွာများ ဆက်စပ်နေကြောင်း၊ စက်ရုံ တည်ဆောက်ထားသည့် နေရာသည် ရေလုပ်သားများသည် ကင်းမြစ်ဝမှ ထွက်ပြီး ဘင်္ဂလားပင်လယ်တွင် ငါးဖမ်းကြကြောင်း၊ ၎င်းကရသည့် ကုန်ကြမ်း များကို အသုံးပြုပြီး ၎င်းစက်ရုံတွင် တိရစ္ဆာန် အစားအစား ထုတ်လုပ်မည် ဖြစ်ကြောင်း၊ စက်ရုံမှ ရလာသည့် ရှိသည့်အတွက် အလုပ်အကိုင် အခွင့်အရေးများ ရလာနိုင်သည်ဟု အကောင်းမြင်၍ ရနိုင်သော်လည်း ၎င်းစက်ရုံသည် ကျေးရွာနှင့် တစ်ဆက်တစ်စပ်တည်း တည်ဆောက်ထားသည့်အတွက် ၎င်းစက်ရုံနှင့်ပတ်သက်သည့် ဆိုးကျိုး သက်ရောက်မှု များလည်း ရှိလာနိုင်ကြောင်း၊
စက်ရုံတည်ဆောက်ခြင်းသည် ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်ကြောင်း၊ စက်ရုံ သူဌေးသည် ဒေသခံများ၏ အကျိုးကို အလကား လာလုပ်ပေးခြင်း မဟုတ်ကြောင်း၊ ၎င်း၏ အကျိုးစီးပွား အတွက် လာလုပ်နေခြင်း ဖြစ်ကြောင်း၊ ဒေသခံများသည် မြေရောင်းသည့်အချိန်တွင် အချင်းချင်းရောင်းပါက ရနိုင်သည့် ဈေးနှုန်းထက်ပိုပြီး အကျိုးအမြတ် ရနိုင်သည် မည်ဖြစ်ကြောင်း၊စက်ရုံ ပေါ်လာသည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရလာမည်ဟု မျှော်လင့်နိုင်ပါကြောင်း၊ သို့သော် ကျောက်မီးသွေး လောင်စာကြောင့် ထိခိုက်မှုများ၊ စက်ရုံက စွန့်ပစ်ပစ္စည်းများကြောင့် ဖြစ်ပေါ်လာသည့် အန္တရာယ်များ၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးပါက စက်ရုံရှေ့တွင် ဒီရေတောများကို ခုတ်ထွင် ရှင်းလင်းပြီး အသုံးပြုထားသည့် ကိစ္စ အပါအဝင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ပျက်စီးဆုံးရှုံးမှုများကြောင့် ဒေသခံ ပြည်သူများ၏ ထိခိုက် နစ်နာမှုများကို ၎င်းတို့သည် သတိထားနိုင်ကြမည် မဟုတ်ကြောင်း၊ သတိထားနိုင်သည့် အရည်အချင်းများလည်း ၎င်းတို့တွင် မရှိကြကြောင်း၊ ကျေးလက်နေ တောသူတောင်သား များ ဖြစ်ကြကြောင်း၊ ထို့ကြောင့် တာဝန်ရှိသည့် စီမံခန့်ခွဲရေး လုပ်ပိုင်ခွင့်ရှိသည့် ပုဂ္ဂိုလ်၊ ဌာနအသီးသီးက ၎င်းအန္တရာယ်များကို ကာကွယ်ပေးကြရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောက်ဖြူမြို့နယ်၊ ပင်လယ်နား ကျေးရွာရှိ ကွင်းအမှတ် (၆၆၀)ကြွင်းချိန် အနောက်၊ ဦးပိုင် အမှတ်(၂၇၃)ရှိ ၁.၉၀ ဧက မြေပေါ်တွင် တိရစ္ဆာန် အစားအစာ ထုတ်လုပ်ရန် စက်ရုံတစ်ခု တည်ဆောက်နေသည်ကို တွေ့ရှိရာ အဆိုပါစက်ရုံနှင့်စပ်လျဉ်း၍ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီး ဦးဘရှိန်၏ မေးခွန်းသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအပိုင်း၊ မြေယာ စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအပိုင်း၊ တစ်ဖက်မှ လုပ်ငန်း လုပ်ကိုင်ခွင့် ဆောင်ရွက်ပေးနိုင်ရန်အတွက် စီမံသည့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနအပိုင်း၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအပိုင်း၊ အလားတူ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအပိုင်းနှင့် ပြည်နယ် အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုအပိုင်းများ အသီးသီး ဆက်စပ် ပါဝင်နေသည့် အနေအထား ဖြစ်ကြောင်း၊ ၎င်းနှင့်စပ်လျဉ်းပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ အားလုံး၏ သဘောထား ပြုမှုဖြေကြားချက်နှင့်အတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပေါင်းစပ် ဖြေကြားပေးမည် ြဖစ်ကြောင်း၊
မေးခွန်း(က)ဖြစ်သည့် ကျောက်ဖြူမြို့နယ်၊ ကင်းမြောက် ကျေးရွာအုပ်စု၊ ပင်လယ်နား ကျေးရွာ၊ ကွင်းအမှတ်(၆၆၀) ကြွင်းချိိန်အနောက်၊ ဦးပိုင်အမှတ်(၂၇၃)ရှိ မြေ ၁.၉၀ ဧက ပေါ်တွင် တရုတ်လူမျိုး မစ္စတာ လျူချီဆိုသူသည် တိရစ္ဆာန် အစားအစာ ထုတ်လုပ်မည့် စက်ရုံတစ်ခု တည်ဆောက်နေသည်ကို တွေ့ရှိသည့်အချိန်တွင် မည်သည့်ဌာနများက မည်ကဲ့ သို့ စစ်ဆေးပြီး မည်သည့်ဝန်ကြီးဌာနက တာဝန်ခံ ခွင့်ပြုထားကြောင်း မေးမြန်းထားမှု ဖြစ်ကြောင်း၊ ၎င်းမေးခွန်းအပေါ် ဦးစွာဖြေကြားမည် ဖြစ်ကြောင်း၊ လွှတ်တော် ကိုယ်စား လှယ်တော်ကြီး၏ မေးမြန်းသည့် မြေနေရာသည် ဦးစံရွှေမောင်ဆိုသည့် အမည်ဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့် လက််မှတ်ပုံစံ(၇) ထုတ်ပေးထားသည့် လယ်မြေ ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ၎င်းလယ်မြေကို အဆိုပါ ဦးစံရွှေမောင်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းတွင် ရှိသည့် ဦးမြတ်သူတို့မှ နှစ်ဦးသဘောတူ ငါးအမှုန့်ကြိတ် စက်ရုံနှင့် ရေခဲစက်ရုံအ သုံးပြုရန်အတွက် လယ်ယာမြေ အခြားနည်း အသုံးပြုခွင့် လျှောက်ထား ခဲ့ကြောင်း၊ ရခိုင်ပြည်နယ် လယ်ယာမြေ စီမံခန့်ခွွဲမှုအဖွဲ့၏ ၂-၄-၂၀၁၈ ရက်စွဲပါစာဖြင့် ထောက်ခံတင်ပြခဲ့သည့် အပေါ်တွင် မိမိတို့ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ (၁၃/၂၀၁၈) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်အရ ၂၀၁၈ ခုနှစ်၊ ဇူလိုင် ၃၀ ရက်နေ့တွင် အခြားနည်း အသုံးပြုခွင့် ခွင့်ပြုမိန့် ပေးခဲ့ကြောင်း၊
အဆိုပါ လယ်ယာမြေ အခြားနည်း အသုံးပြုခွင့်ရထားသည့် မြေဧရိယာ ၁.၉ ဧကကို ငါးအမှုန့် ကြိတ်စက်နှင့် ရေခဲစက်ရုံ ဆောက်လုပ် အသုံးပြုထားမှုအပေါ်တွင် စက်မှု/စီးပွား မြေငှားဂရန် ထပ်မံ လျှောက်ထားသည်ကို တွေ့ရကြောင်း၊ ကျောက်ဖြူခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အမှုတွဲ ဖွင့်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိသည်ကို သိရှိရကြောင်း၊ မေးခွန်းပါ တရုတ်လူမျိုး မစ္စတာလျူချီဆိုသူသည် စက်ရုံပိုင်ရှင် မဟုတ်ဘဲနှင့် အဆိုပါ စက်ရုံအတွက် လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ ကိစ္စများ ဆောင်ရွက်ပေးရန် အချိန်ပိုင်း ငှားရမ်းထားသည့် ပညာရှင်တစ်ဦး ဖြစ်ကြောင်း သိရှိ ဖြေကြားပါသည်။
မေးခွန်း(ခ)ကို ဆက်လက်ဖြေကြားမည် ဖြစ်ကြောင်း၊ မေးခွန်း(ခ)ဖြစ်သည့် အဆိုပါ စက်ရုံ ဆောက်လုပ်ရာတွင် ကင်းမြစ် ကမ်းခြေတွင် ရှိသည့် ဒီရေတော သစ်ပင်များကို ခုတ်ထွင် ရှင်းလင်းပြီး မြေဖို့ခြင်း၊ မြေထိန်းနံရံပြုလုပ်ခြင်း။ ထိုကဲ့သို့ ပြုလုပ်အသုံးပြုနေသည့် အတွက် မြစ်ကမ်းခြေ သဘာဝပတ်ဝန်းကျင် ပျက်စီးသွားရာမှ ထိုကဲ့သို့ အသုံးပြုနိုင်ရန် မည်သည့် ဝန်ကြီးဌာနက မည်သည့် ဥပဒေနှင့်အညီ ခွင့်ပြုပေးထားကြောင်း မေးမြန်းချက် ဖြစ်ကြောင်း၊ မေးမြန်းချက်ကို ဆက်လက်ရှင်းလင်း ဖြေကြားပေးမည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရ အဖွဲ့၏ ဖြေကြားချက်အရ ကင်းမြစ်ကမ်းခြေရှိ မြေဖို့ခြင်းနှင့် မြေထိန်းနံရံ ပြုလုပ်နေသည့် မြေနေရာသည် ဦးမြတ်သူအမည်ဖြင့် လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် ရရှိထားသည့် မြေ ၁.၉ ဧကတွင် မပါဝင်ဘဲ ယင်းနှင့် ဆက်စပ်လျက်ရှိသည့် မြေကွက်အမှတ်(၂၂၃၆)၊ မြေလွတ်၊ မြေရိုင်း ဧရိယာ ၀.၄၂ ဧကရှိ မြေနေရာ ဖြစ်ကြောင်း၊ ၎င်းမြေပေါ်တွင် ရေတိုက် စားမှုကြောင့် အရေးပေါ် လိုအပ်ချက််အရ ကျောက်တန်းစီ မြေဖို့ပြီး အလျား ပေ ၂၀၀၊ အနံ ပေ ၁၀၀ နှင့် ထု ၈ လက်မ ကွန်ကရစ်ခင်း ထားသည်ကို သိရှိရကြောင်း၊ ပေ ၅၀ x ၁၅ ပေ သစ်သားဆိပ်ခံတံတား နှစ်စင်းကို ခွင့်ပြုချက် မရှိ တည်ဆောက်ခဲ့သည့် အပေါ်တွင် ဆက်လက်ဆောင်ရွက်ခြင်း မပြုရန် ကျောက်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနသည် ၂၃-၇-၂၀၁၈ ရက်နေ့တွင် တရားဝင်စာဖြင့် ကင်းမြောက် ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးမှ တစ်ဆင့် ဟန့်တား ဆောက်ရွက်ခဲ့ကြောင်းကိုလည်း သိရှိရကြောင်း၊
အဆိုပါ ကျောက်တန်းစီ မြေဖို့ပြီး မြေထိန်းနံရံ ပြုလုပ်ထားသည့် မြေလွတ်၊ မြေရိုင်းဧက ၀.၄၂ ဧက ကို အမှုန့်ကြိတ်စက်နှင့် ရေခဲစက်ရုံ အဆောက်အဦ ဆောက်လုပ်အသုံးပြုရန် အခြားနည်းသုံးစွဲခွင့် ရရှိရေးကို ဦးမြတ်သူဆိုသူ၏ ဇနီးဖြစ်သည့် ဒေါ်ယုယုမှ ၃-၂-၂၀၁၉ ရက်နေ့တွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီကို လျှောက်ထားခဲ့ကြောင်း၊ လုပ်ထုံးလုပ်နည်းအရ ရခိုင်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးအဖွဲ့သည် လုပ်ငန်းစာတွဲ ဖွင့်လှစ်စိစစ် ဆောင်ရွက်လျက် ရှိကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ဖြေကြားချက်အရ ကမ်းထိန်း နံရံနှင့် ဆိပ်ခံတံတား တည်ဆောက်ထားခြင်းကို သက်ဆိုင်ရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသို့ တစ်စုံတစ်ရာ ညှိနှိုင်းလာမှု မရှိသည့်အတွက် ၎င်းဌာနအနေဖြင့် မသိရှိသည့် လုပ်ငန်းဖြစ်ကြောင်းနှင့် အဆိုပါ တည်ဆောက်နေမှုကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေး ဥပဒေနှင့်အညီ ဖြစ်စေရန် စိစစ်ဆောင် ရွက်သွားနိုင်ရေး ရခိုင်ပြည်နယ်၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးကို ညွှန်ကြားထား ပြီးဖြစ်ကြောင်း၊
ဆက်လက်ပြီး မေးခွန်း(ဂ)ဖြစ်သည့် အဆိုပါစက်ရုံတွင် တိရစ္ဆာန် အစားအစာ ထုတ်လုပ် စက်ရုံဆိုသည့် အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ F.D.A မှ တစ်စုံတစ်ရာ စိစစ်ခွင့်ပြုထားမှု ရှိပါသလား ဆိုသည့် မေးမြန်းချက်အပေါ် ဆက်လက် ဖြေကြားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကင်းမြောက် ကျေးရွာအုပ်စု၊ ပင်လယ်နားကျေးရွာတွင်ရှိသည့် တိရစ္ဆာန် အစားအစာ ထုတ်လုပ်သည့် စက်ရုံနှင့်ပတ် သက်ပြီး ရခိုင်ပြယ်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် လည်း ကောင်း၊ နေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် လည်း ကောင်း၊ မှတ်ပုံတင်ရန် လာရောက်လျှောက်ထားခြင်း မရှိသည်ကို တွေ့ရှိရကြောင်း၊ သက်ဆိုင်ရာ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနသို့လည်း ဆက်သွယ် ဆောင်ရွက်ထားမှု မရှိသေးသည်ကို စိစစ် သိရှိရပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဖြေကြားချက်အရ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသည် ဘေးအန္တရာယ် ကင်းရှင်းသည့် အစားအသောက်၊ ဆေးဝါး၊ အလှကုန်နှင့် ဆေးပစ္စည်းများကို ယုံကြည်စွာ သုံးစွဲနိုင်ရေးတွက် စနစ်တကျ ကြီးကြပ်ကွပ်ကဲဆောင်ရွက် ပေးလျက်ရှိသည့် ဌာနဖြစ်သည့် အတွက် တိရစ္ဆာန် အစားအစာ ထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ သက်ဆိုင်မှု မရှိပါကြောင်း၊
ဆက်လက်ပြီး မေးခွန်း(ဃ)ဖြစ်သည့် ၎င်းစက်ရုံသည် ကျောက်မီးသွေး လောင်စာ သုံးမည်ဟု သိရသည့်အတွက် မည်သည့်ဝန်ကြီးဌာနက မည်သည့်အစီအစဉ်များဖြင့် ခွင့်ပြုထားနည်း ဆိုသည့် မေးမြန်းချက်အပေါ် ဆက်လက်ဖြေကြားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၏ ဖြေကြားချက်အရ လက်ရှိအခြေအနေတွင် စက်ရုံအဆောက်အဦသည် ရာနှုန်းပြည့် ပြီးစီးပြီး ဖြစ်ကြောင်း၊ စက်တပ်ဆင်ရေးလုပ်ငန်းများသည် ၉၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ် ကြောင်း၊ စက်ရုံစမ်းသပ်လည်ပတ်မှု ဆောင်ရွက်ပြီးစီးပြီး သက်ဆိုင်ရာဌာနများ၏ ခွင့်ပြု ချက်၊ ထောက်ခံချက်၊ လိုင်စင် ရရှိပြီးမှသာ ပုဂ္ဂလိက စက်မှုလုပ်ငန်းကြီးကြပ်အဖွဲ့၏ သဘော ထား ရယူပြီး ပုဂ္ဂလိက စက်မှုမှတ်ပုံတင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းကို သိရှိရ ကြောင်း၊ လက်ရှိအချိန်တွင် စက်ရုံကောင်းစွာ မလည်ပတ်နိုင်သေးသည့်အတွက် စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနသည် ၎င်းစက်ရုံကို ပုဂ္ဂလိက စက်မှုမှတ်ပုံတင် ဆောင်ရွက်ထားခြင်း မရှိသေးသည်ကို စိစစ်သိရှိဖြေကြားပါကြောင်း၊
လွှတ်တော် ကိုယ်စားလှယ်ကြီး၏ မေးခွန်း(င)ဖြစ်သည့် အဆိုပါစက်ရုံကို တရားဝင် တည်ဆောက်ခွင့် ရမည်ဆိုပါက ဒေသခံများအတွက် မည်ကဲ့သို့ အလုပ်အကိုင် အခွင့်အလမ်း နှင့် ဖွံ့ဖြိုးမှုများ အကျိုးပြု နိုင်ပါမည်နည်း ဆိုသည့် မေးခွန်းအပေါ် ဖြေကြားမည်ဖြစ်ကြောင်း၊ ကျောက်ဖြူမြို့နယ်၊ ကင်းမြောက် ကျေးရွာအုပ်စု၊ ပင်လယ်နားကျေးရွာတွင် ဆောက်လုပ် လျက်ရှိသည့် တိရစ္ဆာန် အစားအစာ ထုတ်မည့် စက်ရုံကို သက်ဆိုင်ရာက တရားဝင် လည်ပတ်ခွင့်နှင့် ကုန်ထုတ်လုပ်ခွင့် ရမည်ဆိုပါက ဒေသအတွင်း မွေးမြူရေး လုပ်ငန်းများ၏ အစားအစာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း၊ ဒေသခံများ၏ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးကို အထိုက်အလျောက် အကျိုးပြုနိုင်မည့် အခြေအနေ ဖြစ်ကြောင်း ပြန်လည် ဖြေကြားပါသည်။
ဦးဘရှိန် (ကျောက်ဖြူ မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
မိမိမေးခွန်းတွင် အပိုင်း ငါးပိုင်း ပါကြောင်း၊ ငါးပိုင်းတွင် သုံးပိုင်းခန့်သည် တရားမဝင်သည့် အဆင့်တွင် ရှိနေသည့်အတွက် ၎င်းတရားမဝင်သည့် လုပ်ငန်းများကို ထိုကဲ့သို့ လုပ်ခွင့်မရစေရန် တရားဝင် ခွင့်ပြုချက်များ ရပြီးမှ လုပ်ကိုင်ခွင့် ရစေရန်၊ အကုန်လုံး တရားဝင် ခွင့်ပြုချက်များရပြီးမှ လုပ်ခွင့်ပေးရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိလိုပါ ကြောင်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
လုပ်ငန်းကို တရားဝင် ခွင့်ပြုချက် ရရှိမှသာ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အရင်းခံကျသည့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ ဆက်စပ်နေသည့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ အလားတူ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ၎င်းဝန်ကြီးဌာနများကို ဆက်သွယ် အသိပေးပြီးမှ ၎င်းတို့၏ အနေအထားများကို ပြန်လည်ဖြေကြားပေးနိုင်ရေးကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရလာသည့် အဖြေကို လွှတ်တော်ကိုယ်စားလှယ်ကြီးထံ ပြန်လည်ပေးပို့ ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။
