(ခ)-မင်းဘူး(စကု)မြို့နယ်တွင် ဖျက်ပုံထားသော တံတားဟောင်းမှ ပစ္စည်းများလေလွင့် ဆုံးရှုံးမှု မရှိစေရေးအတွက် မင်းဘူး(စကု)မြိို့နယ်အတွင်း အမှန်တကယ်လိုအပ်နေသောနေရာများ တွင် တံတားငယ်များ တည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့(၁၆.၉.၂၀၁၉)

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့အနီးရှိ မန်းချောင်းပေါ်တွင် မူလက တစ်လမ်းသွားဘေလီတံတားတပ်ဆင်ထားပြီး ယခုအခါ နှစ်လမ်း မောင်းသံကူ ကွန်ကရစ် တံတားကို တည်ဆောက်ပြီးဖြစ်သည့်အတွက် မူလတံတားအဟောင်းမှ ပစ္စည်းများကို မင်းဘူး(စကု)မြို့နယ်၊ ဘိုတဲကြီးဝိုင်းအတွင်း စုပုံထားသည်ကို တွေ့ခဲ့ရပါကြောင်း၊

ယင်းသို့ စုပုံထားသည့် တံတားဟောင်းမှ ပစ္စည်းများ ဆွေ့မြည့်ပျက်စီးဆုံးရှုံးခြင်းမရှိမီ ပြည်သူ့ဘဏ္ဍာငွေလေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် စကုမြို့နယ်ထဲမှာပင် အမှန်တကယ် လိုအပ်နေသော နေရာများတွင် ကုန်ထုတ်လမ်းများ၊ ကျေးရွာချင်းဆက်လမ်းများနှင့် တံတား ငယ်များတည်ဆောက်ပေးမည်ဆိုပါက ဒေသခံ ပြည်သူလူထုအနေဖြင့်လည်း ဝမ်းမြောက် ကြည်နူးဖြစ်မည်ဖြစ်ပါကြောင်း၊ ဖြစ်ကြောင်းလည်း တင်ပြအပ်ပါတယ်။

မကြာမီ မင်းဘူး(စကု)မြို့နယ် ဥယျာဉ်ကျေးရွာအနီး မန်းချောင်းပေါ် တည်ဆောက် ထားသော တစ်လမ်းမောင်းဘေလီတံတားသည်လည်း မကြာခင်နှစ်လမ်းသွားအဖြစ် အဆင့် မြှင့်တင်ဖြစ်ရာ တံတားဟောင်းမှာ ဘေလီများ၊ ပျဉ်များ ပိုလာမည်ဖြစ်ပါကြောင်း၊  ထို့ကြောင့် ပြည်သူပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိခင် ပြည်သူ့ဘဏ္ဍာငွေလေလွင့်ဆုံးရှုံးမှု နည်းပါး စေရေးအတွက် ဖျက်ပုံထားသည့် တံတားဟောင်းမှ ပစ္စည်းများကို မင်းဘူး(စကု)မြို့နယ် အတွင်း အမှန်တကယ်လိုအပ်သည့် နေရာများတွင် တံတားငယ်များ ထိုးပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် တံတားဟောင်းမှ ဖျက်ပုံထားသည့် ပစ္စည်း များဆိုသည်မှာ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မန်းချောင်း ဘေလီတံတားအား သံကူကွန် ကရစ် တံတားအဖြစ် အဆင့်မြှင့်တင်တည်ဆောက်ရာတွင် တံတားဟောင်းမှဖြုတ်သိမ်း ထား သော တံတားပစ္စည်းများဖြစ်ပြီး လမ်းဦးစီးဌာန၊ မင်းဘူး(စကု)မြို့နယ် ရုံးတွင် သိမ်းဆည်း ထားခြင်းဖြစ်ပါကြောင်း၊ အဆိုပါဘေလီတံတားပစ္စည်းများအနက်မှ ဘေလီသံဘောင်များကို သံလွင်မြစ်ကူး ဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူးကျွန်း)တည်ဆောက်ရာတွင် အသုံးပြုခဲ့ ပါကြောင်း၊   ကျန်ရှိနေသည့် အစိတ်အပိုင်းများကို မကွေးတိုင်းဒေသကြီးနှင့် အခြားတိုင်း ဒေသကြီး/ ပြည်နယ်များတွင် သဘာဝ ဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော တံတား များနေရာ၌ ယာယီဘေလီ တံတားများတည်ဆောက်ရာတွင် အသုံးပြုရန်အတွက် ထိန်း သိမ်းထားခြင်းဖြစ်ပါကြောင်း၊

လွှတ်တော်ကိုယ်စားလှယ်တော်ကြီးတင်ပြသည့် ဘေလီ တံတားဆက်စပ်ပစ္စည်းများမှာ တံတား တည်ဆောက်ရန် ပြည်စုံမှုမရှိတော့ပါသဖြင့် အခြားလိုအပ်မည့် နေရာများမှာ လွှဲပြောင်း အသုံးပြု သွားမည်ဖြစ်ပြီး မင်းဘူး(စကု)မြို့နယ်အတွင်းရှိ တံတားများအတွက် လိုအပ်ပါက ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ပါသည်။

ဦးဝင်းဝင်း(မင်းဘူးမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဘေလီတံတားဆက်စပ်ပစ္စည်းများမှာ  ပြီးပြည့်စုံခြင်းမရှိသည့်အတွက် အခြားနေရာများတွင် အသုံးပြုသွားမည်ဟု ဖြေကြားခဲ့သည်ကို သိရှိရပါကြောင်း၊ ယခုပျဉ်များတွင် သုံး၍ ရနိုင်သည့် ပျဉ်များ ရှိသကဲ့သို့ ဆွေးမြည့်နေသော ပျဉ်များလည်းရှိပါကြောင်း၊ သုံး၍ ရနိုင်သည့် ပျဉ်များကို အသုံးပြုရန် သုံးနေရာခန့်ကို ပေးပြီး ဖြစ်ပါကြောင်း၊ ကျန်နေရာတွင် ပြည့်စုံခြင်း မရှိတော့သည့် သံဘောင်များကို တံတားထိုးသည့် နေရာများအတွက် ပေးပါရန်နှင့် တံတား တည်ဆောက်သည့် ကုန်ကျစရိတ်ကို ဒေသခံပြည်သူတွေက အကုန်အကျခံပေးမည် ဖြစ်ပါ ကြောင်း၊ သံဖရိန်အောက်က မျောခံရမည့် သံဖရိန်တွေကိုပေးမည်ဆိုပါကလည်း အဆင်ပြေ အောင် ဆောင်ရွက်နိုင်ပါကြောင်း ဒေသခံများမှ ပြောကြားလာသည့်အတွက် မပြည့်စုံ၍ ကျန်နေခဲ့သည့် သံဖရိန်အစိတ်အပိုင်းအချို့ကို ရယူလိုမည်ဆိုပါက မည်ကဲ့သို့တင်ပြတောင်းခံ သွားရမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း    

ယခုလက်ရှိ မြန်မာတစ်နိုင်ငံလုံးတွင် ဘေလီတံတားဆိုသည်မှာ  ယာယီတံတားများ ဖြစ် ပါကြောင်း၊ ဘေလီတံတားများနေရာတွင် သံကူကွန်ကရစ်တံတားများနှင့် အစားထိုး လိုက်သည့်အချိန်တွင် ဘေးမှာပိုထွက်လာသော ဘေလီတံတားများရှိပါကြောင်း၊ မကွေးတိုင်း ဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုအတွင်းရှိ ယာယီ ဘေလီတံတားကို RC ပြောင်းလဲပြီးပါက ဘေလီတံတားဖြုတ်သိမ်းလာသည့် တစ်ဝက် 50 Percent  ကိုသဘာဝ ဘေးဒဏ်အတွက် ထားရှိပြီး ကျန်  50 Percent ကို သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များက အသုံးပြုလိုသော ကျေးလက် လမ်း တံတားနေရာများတွင်  အသုံးပြုနိုင်ကြောင်းကို အကြောင်းပြန်ထားပြီးဖြစ်ပါကြောင်း၊ ယခု ဆက်စပ်မေးခွန်းနှင့် စပ်လျဉ်း၍ လက်ရှိရှိနေသေးသည့် ပျဉ်များ၊ စတီးဘောင်များကို အသုံးပြု လိုပါက ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။