(က)-သံတွဲမြို့နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများအား စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီရန် အတွက် တင်ဒါအောင်မြင်သည့်ကုမ္ပဏီများအပေါ် မည်ကဲ့သို့ အထူးကြပ်မတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့(၁၆.၉.၂၀၁၉)

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ တင်ဒါအောင်မြင်သည့် ကုမ္ပဏီတချို့တွင် ကျွမ်းကျင်သည့် အင်ဂျင် နီယာများမပါဘဲ တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ကြီးကြပ်ရေးကော်မတီ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးကော်မတီ(Third Party) တို့မှလည်း ပူးပေါင်းကြီးကြပ် ဆောင်ရွက်မှုအားနည်းနေပါသည်ကို တွေ့ရပါကြောင်း၊ ၎င်းတို့ဆောင်ရွက်လျက်ရှိသည့် စာသင် ကျောင်းများ၊  လမ်းများ၊ Box Culvert များနှင့် တံတားများသည် လုပ်ငန်းဆိုင်ရာနည်းပညာနှင့် အရည်အသွေးညံ့ဖျင်းခြင်း၊ စံချိန်စံညွှန်းသတ်မှတ်ချက် မပြည့်မီခြင်းတို့ကြောင့် တင်ဒါအောင် ကုမ္ပဏီတချို့သည် စာချုပ်ပါစည်းကမ်းချက်များကို လိုက်နာခြင်းမရှိဘဲ  ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ငွေကြေးများ လေလွင့်ဆုံးရှုံးရပြီး အချိန်တိုအတွင်းမှာ လျင်မြန်စွာပျက်စီးနေတာကို တွေ့ရှိရပါကြောင်း၊

 ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုမှချပေးသည့်ကျောင်း ၁၀ ကျောင်း၏ တင်ဒါအောင်ကုမ္ပဏီကို စစ်ဆေးကြည့်သည့်အခါ  ကျောင်းများတွင် ဆောက်လုပ်ရန်အတွက် အရည်အသွေးမမီသည့်အုတ်များအသုံးပြုခြင်း၊  ဆောက်လုပ်ပြီးစကျောင်းများသည်  တစ်နှစ်အတွင်း အောက်ခံကြမ်းခင်းများ ကွဲအက်နေြခင်း၊ စာသင်ကျောင်းများ၏ မျက်နှာကျက်များ မိုးယိုပြီးပျက်စီးနေခြင်း၊ ကျောက်ပြားများကွာကျနေခြင်း၊ ဆောက်လုပ်ပြီးစကျောင်းများ၏ ကျောင်းနံရံများ အက်ကွဲ နေခြင်း၊ မိုးယိုနေသည့်အတွက် သစ်သားတန်းများ ဆွေးနေပြီး မျက်နှာကြက်များကွာကျနေသည်တို့ကို တွေ့ရှိရပါကြောင်း၊

ထို့အတူ Steel Structure များနှင့်လုပ်ထားသည့် နေရာများတွင် သံဒေါက်တိုင်များ ကွာနေပြီးဝါယာကြိုးများနှင့် တုတ်ထားသည်ကို တွေ့ရှိရပါကြောင်း၊ Type-C ဆောက်လုပ်ပြီး တစ်နှစ်ကြာသည့်အထိ သဲကျောက်များကို ပြန်မဖို့ဘဲထားသည့်အတွက် ရေဝင်ပြီး ကျောင်းသားများ သွေးလွန်တုပ်ကွေး အများဆုံးဖြစ်နေပါကြောင်း၊ ထို့ကြောင့် သံတွဲမြို့နယ်အတွင်း တည်ဆောက်ရေး လုပ်ငန်းများအား စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီရန် အတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီ များအပေါ် မည်ကဲ့သို့ အထူးကြပ်မတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ကို သိလိုပါ ကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

တည်ဆောက်ရေးလုပ်ငန်းများအား စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် တင်ဒါခေါ်ယူစဉ် လိုအပ်သည့် ဗိသုကာပုံစံ၊ ပုံထုတ်(Structure)ပုံစံ၊ ရေသန့်၊ လျှပ်စစ်ဒီဇိုင်းပုံစံများနှင့် စံချိန်စံညွှန်း (specification)အတည်ပြုပြီး ခန့်မှန်းခြေစာရင်း များနှင့် တင်ဒါစည်းကမ်းချက်များ သတ်မှတ်ရေးဆွဲ၍ ခေါ်ယူရမည့် ဖြစ်ကြောင်း၊ တင်ဒါ ရွေးချယ် သည့် နေရာတွင် Technical နည်းပညာဆိုင်ရာ အချက်အလက် များအပေါ်မှာ အမှတ်ပေး အကဲဖြတ်၍ စနစ်တကျ စိစစ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တင်ဒါစာချုပ်ချုပ်ဆိုသည့် နေရာတွင် တင်ဒါယှဉ်ပြိုင်စဉ်က လက်မှတ်ရေးထိုးတင်ပြထားသည့် တာဝန်ခံအင်ဂျင်နီယာ PE၊ RSE နှင့် Site Engineer က အမှန်တကယ်ကြီးကြပ်ဆောင်ရွက်ခြင်း၊ စံချိန်စံညွှန်းပြည့်မီသော ပစ္စည်းများအသုံးပြု၍ အင်ဂျင်နီယာလုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ခြင်း စသည့်အချက်များကို ထည့်သွင်းချုပ် ဆိုရန် လိုအပ်ပါကြောင်း၊  စာချုပ်ပါ အချက်အလက်များ အတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိပါက သက်ဆိုင်ရာကုမ္ပဏီ၏ ကြီးကြပ်အင်ဂျင်နီယာများအား အရေးယူခြင်း၊ PG လုပ်ငန်းအာမခံငွေ သိမ်းယူခြင်းနှင့် Black List စာရင်းရေးသွင်းခြင်းများဆောင်ရွက်ပြီး တည်ဆောက်ရေးလုပ်ငန်းများ အား စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီစွာ ကြပ်မတ်အကောင် အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အဆောက်အဦ၊ လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်ရာ တွင် သတ်မှတ်ဒီဇိုင်းများနှင့်အညီ စံချိန်စံညွှန်းပြည့်မီစေရန် အသုံးပြုမည့်လုပ်ငန်းခွင်သုံး ပစ္စည်း များ အရည်အသွေးပြည့်မီမှုရှိ/မရှိ သုတေသနဓာတ်ခွဲခန်းများတွင် စမ်းသပ်စစ်ဆေးခြင်း၊ တည်ဆောက်ပုံ နည်းစနစ်များမှန်ကန်မှုရှိစေရန်နှင့် အတိုင်းအတာများ မှန်ကန်မှု ရှိစေရန် သက်ဆိုင်ရာ ကွင်းအင်ဂျင်နီယာများမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်ခြင်း၊ ကွင်းဆင်းစစ်ဆေး ခြင်းများဆောင်ရွက်လျက်ရှိပါကြောင်း၊  နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့်လည်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေးခွင့်ပြုရန်ပုံငွေများဖြင့် လမ်း၊ တံတားတည်ဆောက်ရေးလုပ်ငန်းများ၊ ရေရရှိရေး လုပ်ငန်းများ၊ လျှပ်စစ်စွမ်းအင်ရရှိရေး လုပ်ငန်းများ၊ ဝန်ထမ်းအိမ်ရာဆောက်လုပ်ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သော တည်ဆောက်ရေး လုပ်ငန်းများကိုဆောင်ရွက်ရာတွင် သက်ဆိုင်ရာဒေသဖွံ့ဖြိုးမှုကြီးကြပ် ရေးရုံးများမှ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်လုပ်ငန်း စိစစ်ရေး ကော်မတီများ၊ ဒေသအာဏာပိုင် အဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များ ကွင်းဆင်း စိစစ်ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှုမရှိလျှင် ပြင်ဆင်ဆောင်ရွက်စေခြင်း၊ စံချိန်စံညွှန်း နှင့်အညီ ဆောင်ရွက်ထားရှိကြောင်း ထောက်ခံချက်များပါရှိမှသာ ရန်ပုံငွေထုတ်ပေးခြင်းများ ပြုလုပ်၍ တင်ဒါအောင်မြင်သောကုမ္ပဏီများ ကို အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊

ရခိုင်ပြည်နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးနှစ်အလိုက် တင်ဒါစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်သမ္မတရုံး၏ တင်ဒါ လမ်းညွှန်ချက်(၁/၂၀၁၇)နှင့်အညီ တင်ဒါခေါ်ယူ၍ တင်သွင်းသော ကုမ္ပဏီများအား နည်းပညာဆိုင်ရာစစ်ဆေးမှုကို ပြည်နယ်အစိုးရအဖွဲ့၊ တည်ဆောက်ရေးကြီးကြပ်မှု ကော်မတီမှ ဦးစီးစိစစ်အကဲဖြတ်ခြင်းများ ဆောင်ရွက်ပါကြောင်း၊ စာချုပ်ချုပ်ဆိုရာတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ အတည်ပြုထားသောစာချုပ်ပုံစံဖြင့် သက်ဆိုင်ရာကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်ပါကြောင်း၊ စာချုပ်ပါ စည်းမျဉ်း၊ စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်မှု မရှိခြင်း နှင့် ပျက်ကွက်ခြင်းများပေါ်ပေါက်လာပါက စာချုပ်ပါစည်းကမ်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊

 တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စံချိန်စံညွှန်းပြည့်မီစွာနှင့် အချိန်မီပြီးစီးရန် အတွက် ပြည်နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီတစ်ရပ်ဖွဲ့စည်း၍ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင်၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကျွမ်းကျင်အင်ဂျင်နီယာများဖြင့် ခရိုင်များအလိုက်(Third Party) အဖွဲ့အစည်းများ ငှားရမ်း၍စစ်ဆေးရန် တာဝန်ပေးအပ်ထားပြီး အဂတိကင်း၍ နည်းပညာပိုင်း မှန်ကန်စွာစစ်ဆေးမှု ရှိ/မရှိကို ပြည်နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီအဖွဲ့ လက်အောက်တွင် Third Party ထိန်းကျောင်းရေးအဖွဲ့ဖြင့် စနစ်တကျကြပ်မတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၎င်း အရည်အသွေးစစ်ဆေးရေးအဖွဲ့ Third Party များ၏ အဓိကတာဝန်မှာ ခန့်မှန်းခြေစာရင်းပါလုပ်ငန်းနှင့် အတိုင်းအတာ၊ အရေအတွက်မှန်ကန်မှုရှိ/မရှိ စစ်ဆေးခြင်း၊ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ အရည်အသွေး၊ နည်းပညာအဆင့်မီမှုရှိ/မရှိ စစ်ဆေးခြင်း နှင့် သတ်မှတ်အချိန်အတွင်း ပြီးစီးမှုရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ပြီး အထပ်မြင့် စာသင်ကျောင်း၊ တက္ကသိုလ်၊ ဆေးရုံကဲ့သို့အဆောက်အဦများအတွက် လုပ်ငန်းခွင်တွင် Third Party များမှရုံးထိုင်၍ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီအနေဖြင့် ခရိုင်၊ မြို့နယ်များ သို့ ကွင်းဆင်း စစ်ဆေး၍ တည်ဆောက်ရေးကုမ္ပဏီများအား အစည်းအဝေးခေါ်ယူပြီး လုပ်ငန်းအရည်အသွေးပြည့်မီ ရန်နှင့် အချိန်မီပြီးစီးစေရန် ကုမ္ပဏီတစ်ခုချင်းအလိုက် ညွှန်ကြားခြင်း၊ သတိပေးခြင်းနှင့် ကတိကဝတ် ရယူခြင်းတို့ဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။

ဦးမင်းကြည်(သံတွဲမဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်    ။

 တင်ဒါအောင်မြင်သည့်ကုမ္ပဏီများကို  ကြီးကြပ်ရေးကော်မတီ၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီ၊ Third Party တို့ကပူးပေါင်းပြီး ကြီးကြပ်ဆောင်ရွက်ခြင်းများ ရှိသော်လည်း အလွန်အားနည်းပါ ကြောင်း၊ မိမိတို့သံတွဲမြို့နယ်တွင် မတွေ့ရပါကြောင်း၊ စာချုပ်ပါစည်းကမ်းချက်များကို လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက အာမခံသိမ်းခြင်း၊ Blacklist စာရင်းထည့်ခြင်း၊ တင်ဒါစည်းကမ်းအရ ဆောင်ရွက်မည် အပြင် ဥပဒေအရ အရေးယူဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်းဖြင့် ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးကျော်လင်း

တင်ဒါအောင်သည့်ကုမ္ပဏီများသည် မြို့နယ်များတွင် ကြီးကြပ်ရေးကော်မတီ၊ မြို့နယ်စစ်ဆေးရေး ကော်မတီ၊ Third Party များရှိသော်လည်း ဆောင်ရွက်ရာတွင် အားနည်းနေသည်ကို ထောက်ပြ ထားခြင်းဖြစ်ပြီး  မည်ကဲ့သို့အရေးယူဆောင်ရွက်မည်ကို  ထပ်ဆင့်မေးခွန်း မေးမြန်းခြင်း ဖြစ်ပါ ကြောင်း၊ ၎င်းထပ်ဆင့်မေးခွန်းနှင့်ပတ်သက်၍ ပထမမူလမေးခွန်းတွင် ဖြေထားပြီးဖြစ်ပါကြောင်း၊ ၎င်းကုမ္ပဏီများနှင့်ပတ်သက်ပြီး အားနည်းချက်များ ရှိမည်ဆိုပါက သက်ဆိုင်ရာပြည်နယ်၏ တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကြီးကြပ်မှုကော်မတီအဖွဲ့မှနေပြီး ကုမ္ပဏီကို Blacklist ရေးသွင်း အရေးယူခြင်းနှင့် ကုမ္ပဏီပိုင် PG ကိုသိမ်းယူခြင်းများ ဆောင်ရွက်နိုင်သလို သက်ဆိုင်ရာ အင်ဂျင်နီယာ(RSE၊ PE)များကို သက်ဆိုင်ရာအင်ဂျင်နီယာကောင်စီ က အရေးယူနိုင်ရန် အတွက် စာပို့ပြီး ၎င်းတို့ကို ဆက်လက်အရေးယူသွားနိုင်မည့့်နည်းလမ်းများ ရှင်းပြပြီးဖြစ်ပါကြောင်း၊ ၉-၉-၂၀၁၉ ရက်နေ့တွင်ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဥပဒေကြမ်းပူးပေါင်းကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ပြင်ဆင်ချက်အပိုဒ် ၁၃ တွင် စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်ပြီး အောက်ပါအတိုင်း ပြင်ဆင် ပြဋ္ဌာန်း အတည်ပြုလိုက်ပြီး ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် မိမိတို့ ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းများနှင့် လုပ်ငန်းများအတွက်လျာထားခြင်း၊ အကောင် အထည်ဖော်ဆောင်ရွက်ခြင်း၊ စိစစ်သုံးသပ်ခြင်းများနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ မြို့နယ်အဆင့်မှစတင်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာ မဲဆန္ဒအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိပုဂ္ဂိုလ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဟု ဆုံးဖြတ်သတ်မှတ်ပေးလိုက်ပြီဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးကို စာများဖြန့်ဝေထားပြီးဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအရ သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်များ  အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရမည့်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၁၉-၂၀၂၀ ဘတ်ဂျက်တွင် လုပ်ငန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များအဆင့်ဆင့် အားလုံးကို သက်ဆိုင်ရာလွှတ်တော်အသီးသီး၏ အစီအစဉ်များအားလုံးကို ရှင်းလင်းတင်ပြပြီး ရွေးချယ်သည့်နေရာ၊ ကြီးကြပ်စိစစ်သည့် နေရာများတွင်  သေချာစွာဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ဖြင့်ဆက်စပ်မေးခွန်းအား ပြန်လည် ဖြေကြားခဲ့ပါသည်။