မင်းတပ်မြို့တွင် ဝိဇ္ဇာသိပ္ပံတက္ကသိုလ် သို့မဟုတ် ကောလိပ်ကျောင်းတစ်ကျောင်း တည်ဆောက်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိကို မေးမြန်းသွားမည်ဖြစ်ကြောင်း၊
မင်းတပ်မြို့နယ်သည် မကွေးတိုင်းဒေသကြီးနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် တောင်ပေါ် မြို့လေး တစ်မြို့ ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီး၏ နယ်စပ်မှ တောင်ပေါ်ကို ၁၀ မိုင်ခန့် တက်လိုက် မည်ဆိုပါက ပင်လယ်ရေမျက်နှာပြင်၏ အထက် အမြင့်ပေ ၄၈၆၀ တွင် ရှိသည့် မင်းတပ်မြို့ကို ရောက်ရှိမည် ဖြစ်ကြောင်း၊ မင်းတပ်မြို့သည် မတူပီ၊ ပလက်ဝမြို့နယ်များ၏ မြေပြန့်ဒေသနှင့် အဓိက ဆက်သွယ်နိုင်သည့် ထွက်ပေါက်၊ တံခါးပေါက် မြို့လေး တစ်မြို့ လည်း ဖြစ်ကြောင်း၊ ချင်းပြည်နယ် (တောင်ဘက်) မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ပလက်ဝ လေးမြို့နယ်၏ အဓိက အချက်အခြာကျသည့် မြို့လည်းဖြစ်ကြောင်း၊
ချင်းပြည်နယ် (တောင်ပိုင်း)တွင် တက္ကသိုလ် မရှိသည့်အတွက် တိုင်းရင်းသားများသည် ပခုက္ကူမြို့ကို သွားရောက် ပညာသင်ရသည့်အတွက် လွန်စွာမှ အခက်အခဲတွေရှိပြီး ပညာ သင်ယူမှုအခွင့်အလမ်းများ နည်းပါးနေသည် ဖြစ်ကြောင်း၊ ငွေကုန်ကြေးကျများသည့် အတွက် သွားရောက်တက်နိုင်ခြင်းလည်း မရှိကြောင်း၊ တက်နိုင်တဲ့သများသည်လည်း Day ကျောင်းမတက်နိုင်ခြင်း မရှိသည့်အပြင် အဝေးသင်သာ တက်ရသည်ကို တွေ့ရှိရကြောင်း၊ ထိုကဲ့သို့ အဝေးသင် တက်သည့် နေရာတွင် Practical အလုပ်များ မလုပ်နိုင်မှုကို လျှော့ချ သည့်အနေဖြင့် များသောအားဖြင့် ဝိဇ္ဇာတွဲကိုသာ ယူသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ဝိဇ္ဇာတွဲယူသည့်အတွက် ပထမတင်ပြခဲ့သည့် ဆရာ ဆရာမ လျှောက်ထားသည့် နေရာများ တွင် များသောအားဖြင့် သိပ္ပံဘာသာတွဲ လျှောက်ထားမှု နည်းပါးသသည့်အတွက် သိပ္ပံ ဆရာ ဆရာမများ ချင်းပြည်နယ်တွင် လွန်စွာ နည်းပါးနေသည်ကို တွေ့ရှိရကြောင်း၊
မင်းတပ်တက္ကသိုလ် တည်ဆောက်မည့် မြေနေရာသည် ဧကပေါင်း ၃၂၅.၉၁ ဧက ရှိကြောင်း၊ ထို့ကြောင့် ဧက ၃၀၀ ကျော် လျာထားခြင်းသည် နောင်တစ်ချိန်တွင် Comprehensive ဆိုသည့် ဘာသာရပ် ပေါင်းစုံဖွင့်နိုင်သည့် University အဆင့်သို့ တိုးမြှင့်နိုင်စေရန် ရည်ရွယ် ပြီး မြေဧက ၃၀၀ ကျော် စီစဉ် ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း၊ မင်းတပ် တက္ကသိုလ်ကို တည်ဆောက်မည့် မြေနေရာသည် အမြင့်ပေ ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၅၂၀၀ တွင် တည်ရှိသည့် တောင်ပေါ်ဒေသတွင် တည်ရှိသည့် တက္ကသိုလ် တည်ဆောက်မည့် နေရာလေး ဖြစ်ကြောင်း၊ မင်းတပ်တက္ကသိုလ် တည်ဆောက်နိုင်ရန်အတွက် မြေအလှူရှင်၏ စာရင်းများ ရှိကြောင်း၊ မင်းတပ်တက္ကသိုလ် တည်ဆောက်နိုင်ရန်အတွက် အားလုံး ဝမ်းပန်းတသာဖြင့် ဝိုင်းဝန်း လှူဒါန်းပေးကြသည့် မြေအလှှူရှင်များ၏ စာရင်းဖြစ်ကြောင်း၊
တက္ကသိုလ် ဖြစ်မြောက်လာစေရန် အဖက်ဖက်က ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးသည့် အစိုးရ အဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများနှင့် မြေအလှူ ရှင်များ ကို မိမိအနေဖြင့် အထူးပင် ကျေးဇူးတင် ဂုဏ်ပြုမိကြောင်း၊ ချင်းပြည်နယ်၊ မင်းတပ် မြို့သို့ ရောက်ရှိလာသည့် ဒုတိယသမ္မတကြီးက တက္ကသိုလ်မြေနေရာကို လာရောက် ကြည့်ရှုပြီး လိုအပ်ချက်များကို လမ်းညွှန်မှု ပေးခဲ့ကြောင်း၊ မင်းတပ်မြို့တွင် တက္ကသိုလ် ဖွင့်ပြီဆိုပါက ချင်းပြည်နယ်တွင်ရှိသည့် မင်းတပ်-မတူပီ-ကန်ပက်လက်-ပလက်ဝ လေး မြို့နယ်အပြင် မကွေး တိုင်းဒေသကြီးတွင် ရှိသည့် ဆော၊ လောင်းရှည်၊ ကျောက်ထု၊ ထင်းလင်းစသည့် မြို့များတွင် ရှိသည့် ပြည်သူများ အကျိုးဖြစ်ထွန်းမည် ဖြစ်သည့်အတွက် တိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ပိုမိုရရှိပြီး အေးအတူပူအမျှ ခံစားတတ်သည့် ပြည်ထောင်စုစိတ်ဓာတ်များ ပေါ်ထွန်းလာနိုင်မည် ဖြစ်ကြောင်း၊ ထို့ပြင် တိုင်းရင်းသား များအနေဖြင့် တက္ကသိုလ်ဖွင့်ခွင့် ရရှိခဲ့မည်ဆိုပါက ငွေကုန်ကြေးကျ သက်သာပြီး တက္ကသိုလ် တက်ရောက်နိုင်သည့် အခွင့်အလမ်းများ ပိုမို ရရှိလာနိုင်မည် ဖြစ်ကြောင်း၊
မင်းတပ်မြို့တွင် တက္ကသိုလ် ဖွင့်လှစ်နိုင်မည်ဆိုပါက အေးချမ်းလှသည့် ရာသီဥတုနှင့်အတူ သာယာလှပသည့် တောင်ပေါ်ဒေသ၏ သဘာဝ အလှတရားများ ရှိသည့် မင်းတပ်မြို့တွင် တက္ကသိုလ် ဖွင့်လှစ်နိုင်မည်ဆိုပါက အေးချမ်းသာယာစွာဖြင့် တိုင်းရင်းသား ပြည်သူများသည် ပညာသင်ယူနိုင်မည် ဖြစ်သည့်အတွက် အထက်ပါမေးခွန်းကို မဲဆန္ဒရှင် ပြည်သူများကိုယ်စား လေးစားစွာဖြင့် မေးမြန်းပါသည်။
ယခုမေးခွန်းမေးသည့် အချိန်နှင့် လက်တွေ့ ဆောင်ရွက်ချိန်သည် အချိန်ကွာဟနေသည် ဟု မိမိ မြင်ကြောင်း၊ မနက်ပိုင်းတွင် ကိုယ်စားလှယ်တော်ကြီးကို မိမိတင်ပြသည့် အချိန်တွင် အစီအစဉ် ရှိသည်ကို သိပြီးဖြစ်ကြောင်း၊ ဆောင်ရွက်မည့် အစီအစဉ်ကို တင်ပြခဲ့သည် ရှိကြောင်း၊ မြေနေရာ လှူသည်ကို မိမိတို့က လှူသည်ကိုသာ သိကြောင်း၊ လှူသည့် အလှှူရှင် စာရင်းကို ကိုယ်စားလှယ်တော်ကြီး တင်ပြသွားသည့်အတွက် ကျေးဇူးတင်ကြောင်း၊ ၎င်း မေးခွန်းကို ဖြေကြားရမည်ဆိုပါက ပညာရေးဝန်ကြီးဌာနသည် ချင်းပြည်နယ်၊ မင်းတပ် မြိို့တွင် ဝိဇ္ဇာသိပ္ပံ ကောလိပ်တစ်ခု စတင်ဖွင့်လှစ်ရန် ဆောင်ရွက်လျက် ရှိကြောင်း၊ မြေကို ကိုယ်စားလှယ်တော်ကြီး တင်ပြသည်အတိုင်း ရရှိပြီးဖြစ်ကြောင်း၊ ဘဏ္ဍာငွေအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် နှစ်ထပ် စာသင်ဆောင် နှစ်လုံး ငွေကျပ် ၁၂၆၄.၆၄၀ သန်း၊ ဆရာ ဆရာမဆောင် နှစ်ထပ် နှစ်လုံး ကျပ်သန်းပေါင်း ၅၄၇.၂၀ သန်း၊ ခြောက်ခန်းတွဲ တစ်ထပ် ဝန်ထမ်းအိမ်ရာ နှစ်လုံး ငွေကျပ် ၂၄၀ သန်း၊ ကျောင်းသားဦးရေ ၁၀၀ ဦးဆံ့ ကျောင်းသား ကျောင်းသူ အိပ်ဆောင် နှစ်လုံး ငွေကျပ် ၁၃၁၂ သန်း၊ ရေ/မီး/မြေယာ ပြုပြင်ခြင်းအတွက် ကျပ် ၃၉၀ သန်း လျာထားဆောင်ရွက်ပြီး ဖြစ်သည့်အတွက် ချင်း ပြည်နယ်အစိုးရနှင့် ပေါင်းစပ်ဆောင်ရွက် နေပြီဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
ဦးနေလင်းအောင် (မင်းတပ် မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ယခုကဲ့သို့ နိုင်ငံတော် အစိုးရမှ မင်းတပ်မြို့တွင် တက္ကသိုလ် ဖွင့်ပြီး ဆောင်ရွက်ပေးသည့် အတွက် အထူးပင် ကျေးဇူးတင်ရှိကြောင်း၊ ပညာရေး ဝန်ကြီးဌာနကိုလည်း အထူးပင် ကျေးဇူးတင်ရှိကြောင်း၊ လာရောက်ဖြေကြားပေးသည့် ဒုတိယဝန်ကြီးကိုလည်း အထူးပင် ကျေးဇူးတင်ကြောင်း၊ မိမိသည် တစ်ဆက်တစ်စပ်တည်း မေးခွန်း မေးခွင့်ရှိသည်က ဆောက် ဖြစ်သူသာ ကျောင်းဒကာ ဆိုသကဲ့သို့ မိမိတို့ အစိုးရသစ်၏ လက်ထက်တွင် ချင်းတိုင်းရင်း သားများအတွက် မင်းတပ်မြို့၏ ကောလိပ်ကျောင်းကို ဖွင့်လှှစ်ပေးမည် ဖြစ်သည့်အတွက် မိမိတို့သည် အထူးပင် ဝမ်းသာကြောင်း၊ ထို့ကြောင့် မိမိတို့သည် အစိုးရသစ် လက်ထက်တွင် ယခုကျောင်းတွင် ဖွင့်လှစ်ပြီး ကျောင်းသူ ကျောင်းသားများ ပညာသင်ယူခွင့်ကို ပိုမိုပြီး လိုလားကြကြောင်း၊ ထို့ကြောင့် မင်းတပ်မြို့၏ ကောလိပ်ကျောင်းကို မည်သည့်အချိန်တွင် စတင်ပြီး ဖွင့်လှစ်သင်ကြားခွင့် ရရှိမည်ကို ဖြေကြားနိုင်မည်ဆိုပါက ဖြေကြားပေးရန်အတွက် မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ကိုယ်စားလှယ်တော်ကြီး၏ ဆက်စပ်မေးခွန်းကို ဖြေကြားရမည်ဆိုပါက ၎င်းတက္ကသိုလ် ဆောက်လုပ်ရေးလုပ်ငန်းများသည် စီမံကိန်းနှစ်အရ တစ်ဆင့်ချင်း ဆောင်ရွက်ရသည့် လုပ်ငန်းများ ဖြစ်ကြောင်း၊ ကိုယ်စားလှယ်တော်ကြီး ဆန္ဒပြည့်ဝစေရန် အမြန်ဆုံး ရှေးရှု ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ သို့သော် ဘဏ္ဍာငွေ ခွင့်ပြုချက်အရ ချင်းပြည်နယ် အစိုးရနှင့် ညှိနှိုင်းပြီးမှသာ ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။
