ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းကျေးရွာရှိ အခြေခံအထက်တန်းကျောင်းခွဲသည် ဖွင့်လှစ်ခဲ့သည်မှာ နှစ်ပေါင်း ၁၇ နှစ်ခန့် ကြာမြင့်နေပြီဖြစ်သည့်အတွက် တက္ကသိုလ်ဝင်တန်းစာစစ်ဌာနလည်းရှိ၍ အနီး ပတ်ဝန်းကျင်ကျေးရွာများမှ ကျောင်းသူ/သားများ အားကိုးအားထားပြုနေကြရသည့် ကျောင်းလည်းဖြစ်သည့်အတွက် အစိုးရအထက်တန်းကျောင်းအဖြစ် လည်းကောင်း၊ ဂန့်ဂေါမြို့နယ် ဟံသာဝတီကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်းခွဲကိုလည်း အခြေခံအထက်တန်းကျောင်းအဖြစ်လည်းကောင်း၊ ဂန့်ဂေါမြို့နယ်ရှိ လာဘို့ကျေးရွာ၊ မောက်လင်းကျေးရွာနှင့် နှမ်းခါးကျေးရွာတို့ရှိ အလယ်တန်းကျောင်းခွဲများကိုလည်း အခြေခံပညာ အလယ်တန်းကျောင်းများအဖြစ်လည်းကောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးစေလိုပါကြောင်း။
ဘော်ပြင်းကျေးရွာရှိ မူလတန်းလွန်ကျောင်းအား အလယ်တန်းကျောင်းခွဲအဖြစ် အဆင့်တိုးမြှင့်ခွင့်ရရှိရန်နှင့် ဂန့်ဂေါမြို့နယ်ရှိ တောင်ခင်ရန်းကျေးရွာနှင့် ဟံသာဝတီကျေးရွာတို့ရှိ အထက်တန်းကျောင်း ခွဲများအား အခြေခံပညာ အထက်တန်းကျောင်း အဖြစ်လည်းကောင်း၊ လာဘို့ကျေးရွာ၊ မောက်လင်းကျေးရွာနှင့် နှမ်းခါးကျေးရွာတို့ရှိ အခြေခံပညာ အလယ်တန်းကျောင်းခွဲများကို အခြေခံပညာအလယ် တန်းကျောင်းများအဖြစ်လည်းကောင်း၊ ဘော်ပြင်းကျေးရွာရှိ မူလတန်းလွန်ကျောင်းအား အခြေခံပညာအလယ်တန်းကျောင်းခွဲအဖြစ်လည်းကောင်း ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွင်း အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် စုစုပေါင်းအထက်တန်းအဆင့်သင် ကျောင်းသား ၁၄၀ ဦး၊ လာဘို့ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် စုစုပေါင်း အလယ်တန်း အဆင့်သင် ကျောင်းသား ၂၂၆ ဦး၊ မောက်လင်း အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် စုစုပေါင်းအလယ်တန်းအဆင့်သင် ကျောင်းသား ၁၁၆ ဦး၊ ဘော်ပြင်း အခြေခံမူလတန်း လွန်ကျောင်းတွင် စုစုပေါင်းအလယ်တန်းအဆင့် သင် ကျောင်းသား ၂၈ ဦး ရှိပါကြောင်း၊ မူလတန်းအဆင့်တွင် မူလတန်းအဆင့်သင်ကျောင်းသား ၅၅ ဦး၊ အလယ်တန်းအဆင့်တွင် အလယ်တန်းအဆင့်သင် ကျောင်းသား ၂၄၀ ဦး၊ အထက်တန်းအဆင့်တွင် အထက်တန်းအဆင့်သင် ကျောင်းသား ၂၀၀ ဦး ရှိရမည်ဖြစ်သောကြောင့် သက်ဆိုင်ရာကျောင်းအဆင့်သို့ တိုးမြှင့်ပေးရန်အတွက် သတ်မှတ်မူဘောင်နှင့် ကိုက်ညီမှု မရှိသည့်အတွက်၏ ၂၀၁၅-၁၆ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့်ပေးနိုင်ခြင်းမရှိပါကြောင်း၊ နှမ်းခါးအခြေခံပညာ အလယ်တန်း ကျောင်းခွဲတွင် စုစုပေါင်း အလယ်တန်းအဆင့်သင် ကျောင်းသား ၂၈၉ ဦးရှိသည့်အတွက် ၂၀၁၅-၁၆ ပညာသင်နှစ်အတွင်း အဆင့်တိုးမြှင့်ပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် တောင်ခင်ရန်း အခြေခံပညာ အထက်တန်းကျောင်းခွဲအား အခြေခံပညာအထက် တန်းကျောင်းအဖြစ် ၃၁-၅-၂၀၁၅ ရက်နေ့တွင် အဆင့်တိုးမြှင့်ပေးပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်။
