(င)-သံဖြူ ဇရပ်မြို့နယ် ထင်းရူး ကျေးရွာ ချောင်းဖျား တိမ်ကောသွားပြီးလယ်ယာမြေဧကပေါင်း၄၀၀ကျော် လုပ်ကိုင်၍မရပါသဖြင့်လင်းမသာရွာနှင့်စွပ်ပလောင် ရွာကြား ချောင်းဖျားအား ပြန်လည်တူးဖော်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၆၀)ရက်မြောက်နေ့ (၈.၆.၂၀၁၅)

ဦးသိန်းအောင် (သံဖြူဇရပ်) သံဖြူဇရပ်မြို့နယ်ရှိ ကွတ်လေကျေးရွာ၊ စွပ်ပလောင်ကျေးရွာ၊ လင်းမသာကျေးရွာအုပ်စုရှိ လယ်ယာ‌မြေ ဧက ၄၀၀ ကျော်သည် ရေကြီးနစ်မြုပ်မှုကို နှစ်စဉ်ကြုံတွေ့နေရပါကြောင်း၊  မြစ်အဆုံကို စီးဝင်နေ သည့် ထင်းရူးကျေးရွာ ချောင်းဖျားသည် တိမ်ကောနေပြီး ရေနှုတ် အားနည်းသည့်အတွက် ရေစီးဆင်းမှုသည်လည်း နှေးကွေး၍ နှစ်စဉ် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပါကြောင်း၊ လယ်သမားအချို့သည် စပါးစိုက်ပျိုးမှုကို စိတ်ဝင်စားမှု လျော့နည်းလာခြင်းနှင့် အားကောင်းမောင်းသန် ကျေးလက်မှလူငယ်လူရွယ် အများအပြားက မြန်မာ့လယ်ယာမှ လုပ်ကိုင်ရရှိမည့် ငွေထက်ပိုမို ရရှိသည့် အိမ်နီးချင်းနိုင်ငံ များတွင် ရွှေ့ပြောင်းလုပ်သားဘဝအဖြစ် ကူးပြောင်းသွားခြင်းသည် လယ်ယာကဏ္ဍ မဖွံ့ဖြိုးမှု၏ အဓိကအကြောင်းအရင်းများဖြစ်ပါကြောင်း။ လယ်ယာမြေဧက ၄၀၀ ကျော် နှစ်စဉ်ရေကြီးနစ်မြုပ်မှုကို ကြုံတွေ့ရသောကြောင့် ပျက်စီးဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်ရန်အတွက် ထင်းရူးကျေးရွာချောင်းဖျားအား ပြန်လည် တူးဖော်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန-၁၊ ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း
အဖြေ

သမ္မတရုံးဝန်ကြီးဌာန-၁၊ ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ဧပြီလ၊ မေလနှင့် ဇွန်လများတွင် တောင်ပုလု ဖြတ်ဖောက်ချောင်း ပြန်လည်တူးဖော်ခြင်း လုပ်ငန်းအတွက် ရန်ပုံငွေကျပ် (၄.၄)သန်းနှင့်  အံခဲလယ်သမားတာ ပြင်ဆင်ခြင်း လုပ်ငန်းအတွက် ရန်ပုံငွေကျပ် (၁၄.၅)သန်းတို့ကို လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ပွင့်လင်းရာသီတွင် သံဖြူဇရပ်မြို့ နယ်ရှိ တောင်ပုလုတူးမြောင်း ရေးငန်နုန်းတားရေတံခါး တည်ဆောက်ခြင်းလုပ်ငန်းအတွက် ရန်ပုံငွေကျပ် (၁၈၆.၅)သန်း၊ ကျိုက္ခမီ ဝက်သိုးချောင်း ရေငန်နုန်းတား ရေတံခါး တည်ဆောက်ခြင်း လုပ်ငန်းအတွက် ရန်ပုံငွေကျပ် (၉၉.၁)သန်း၊ မြမာလာလယ်သမားတာနှင့် ရေထုတ်ပေါက်တည် ဆောက်ခြင်းလုပ်ငန်းအတွက် ရန်ပုံငွေ ကျပ်(၆၃.၅)သန်း၊ ပငရေငန်တားတမံ အခိုင်အမာပြင် ဆင်ခြင်းနှင့် ရေထုတ် ရေတံခါး တည်ဆောက်ခြင်းလုပ်ငန်းအတွက် ရန်ပုံငွေကျပ် (၂၉၀.၉)သန်းတို့ကို ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံ ငွေဖြင့် ဆည်မြောင်းဦးစီးဌာနမှ ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သံဖြူဇရပ်မြို့နယ်၊ လင်းမသာရွာနှင့် စွပ်ပလောင်ရွာကြား ချောင်းဖျား ပြန်လည်တူးဖော်ခြင်းလုပ်ငန်းများကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာ ရန်ပုံငွေတွင် လျာထားတင်ပြ ထားခြင်းမရှိပါသဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။