(ခ)-၁၆၃/၁၆၇ ပန်းဆိုးတန်းလမ်းရှိစိန်ဘရားသား အဆောက်အအုံနှင့်၁၂၂/၁၃၂(၃၆)လမ်းရှိဂိုဒေါင် တို့အားပိုင်ဆိုင်ခွင့် ပြန်လည်လွှဲပြောင်းပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၆၀)ရက်မြောက်နေ့ (၈.၆.၂၀၁၅)

ဦးစိုးဝင်း (ကျောက်တံတား) ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းရှိ စိန်ဘရားသားအဆောက်အဦကြီး၏ ဒုတိယထပ်တွင် နေထိုင်သူ ဒေါ်ကြည်ကြည်ပိုင်ဆိုင်သော စိန်ဘရားသားအဆောက်အဦနှင့် ဂိုဒေါင်ကို ၁၉၆၃ ခုနှစ်က လုပ်ငန်းများ ပြည်သူပိုင် ပြုလုပ်ရေး ဥပဒေအရ ပြည်သူပိုင်ပြု လုပ်ရာတွင် ပါဝင်သွားခဲ့ပြီး ၂၆-၂-၁၉၇၇ ခုနှစ်တွင် မူလပိုင်ရှင် ဒေါ်ကြည်ကြည်ထံသို့ စိန်ဘရားသားအဆောက်အဦနှင့် ဂိုဒေါင်၏ တရားဝင်ပိုင်ဆိုင်ခွင့်များကို နိုင်ငံတော်မှ ပုံစံ(၃) အရ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း၊ ၁၉၇၇ ခုနှစ်မှ မူလပိုင်ရှင် ဒေါ်ကြည်ကြည်မှ မြန်မာ့အာမခံလုပ်ငန်းသို့ လစဉ် ငှားရမ်းခပေးချေသည့် စနစ်ဖြင့် ငှားရမ်းခဲ့ပြီးနောက် ဆက်လက် ငှားရမ်းလိုသော ဆန္ဒမရှိသည့်အတွက် ပိုင်ရှင်ထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ရန် ၈-၁၂-၁၉၉၂ ခုနှစ်တွင် မြန်မာ့အာမခံလုပ်ငန်းသို့ တင်ပြခဲ့ရာ မြန်မာ့အာမခံလုပ်ငန်း၏ ၂၈-၁၂-၁၉၉၂ ရက်စွဲပါစာအမှတ်၊ အမခ/စီမံ ၁၀ အဆောက်အအုံ ၂၄/၉၂ ဖြင့် အာမခံလုပ်ငန်း ခုနှစ်ထပ်(ရုံးချုပ်) အဆောက်အဦကြီးပြီးစီးသည့် အချိန်တွင် အမြန်ဆုံး လွှဲပြောင်းပေးမည်ဖြစ်ကြောင်း အကြောင်းပြန်ကြားခဲ့ပါသည်။ မြန်မာ့အာမခံလုပ်ငန်းမှ စိန်ဘရားသားအဆောက်အဦ  လွှဲပြောင်းရေးကိစ္စ သက်ဆိုင်ရာသို့ တင်ပြဆောင်ရွက်နေစဉ်ကာလတွင် ပိုင်ရှင်ကွယ်လွန် သွားပါသဖြင့် အမွေအမှုကိစ္စများရှင်းလင်းပြီးမှ လွှဲပြောင်းပေးမည်ကို ပြုလုပ်ရန် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ၁၇-၇-၁၉၉၆ ရက်စွဲပါစာအမှတ်၊ ဘခ ၃/၅-၁၁၂၂/၉၆ ဖြင့် ညွှန်ကြားခဲ့ပါကြောင်း၊ ရန်ကုန်တိုင်းတရားရုံးမှ အနိုင်ရရှိ ဒေါ်‌ဆွေဆွေမြင့်မှ လက်ရောက်ပြန်လည်ရရှိရေးကို သက်ဆိုင်ရာသို့ တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုအခါ အချင်းဖြစ်အဆောက်အဦအား သက်တမ်းကာလအားဖြင့် ကြာမြင့်လာခြင်း၊ ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန်လိုအပ်လျက်ရှိရာ မိခင်ကြီး ဒေါ်ကြည်ကြည် ပိုင်ဆိုင်သော စိန်ဘရားသားအဆောက်အဦ၏ မြေညီထပ်၊ ပထမထပ်နှင့် ဂိုဒေါင်တို့အား ၂၃-၆-၂၀၀၀ ရက်စွဲပါစာချုပ်အရ လက်ထိလက်ရောက် လွှဲပြောင်းပေးအပ်ခြင်းအပေါ် မရရှိသည့်အတွက်များစွာ နစ်နာနေလျက်ရှိနေပါသဖြင့် မူလပိုင်ရှင်များအား ပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း
အဖြေ

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းအခင်းဖြစ်သည့် အဆောက်အဦနှင့် ဂိုဒေါင်မှ ကျောက်တံတားမြို့နယ် အမှတ်(၁၆၃)၊ (၁၆၇) ပန်းဆိုးတန်းရှိအဆောက်အအုံနှင့် ၃၆ လမ်း အမှတ်(၁၂၂)၊ (၁၃၂) ရှိ ဂိုဒေါင်တို့ဖြစ်ပြီး မူလက စိန်ဘရားသား ကုမ္ပဏီပိုင်ရှင်ဖြစ်ပြီး ၁၉၆၄ တွင် တော်လှန်ရေးကောင်စီ၏အမိန့်ဖြင့် ပြည်သူပိုင်သိမ်းပြီး ကုန်သွယ်ရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုအောက်တွင်ထားရှိပါကြောင်း၊ ၁၉၇၆ တွင် မြန်မာ့အာမခံလုပ်ငန်း ကုန်သွယ်ရေးမှ ငှားရမ်းပြီး သုံးစွဲပါကြောင်း၊ ၁၉၇၇ တွင် ရန်ကုန်တိုင်း ကုန်သွယ်ရေးမှ ပိုင်ရှင်ကို ပြန်လည်လွှဲပြောင်းပေးခြင်း ပုံစံ(၃)ဖြင့် ပိုင်ရှင်ကို ပြန်ပေးပါကြောင်း၊ မြန်မာ့အာမခံ ပိုင်ရှင်ထံမှဆက်ပြီး ငှားရမ်းခယူပြီး ဆက်ငှားနေပါကြောင်း၊ ၁၉၈၆ တွင် ဝန်ကြီးအဖွဲ့မှ အမိန့်တစ်ခုထုတ်ပြီး အမိန့်နှင့် ပိုင်ရှင်မှ ပေးအပ်ခြင်းကို ပယ်ဖျက်ပြီး အပြီးအပိုင်သိမ်းရန် အကြောင်းကြားပါကြောင်း၊ ယခုလို အပြီးအပိုင်သိမ်းပြီးကြောင်း စာကိုလည်းပဲ ပိုင်ရှင်ထံလိပ်မူပြီး ပို့ထားပါကြောင်း၊ ထို့ကြောင့် အရေးကြီးသည့် သက်သေခံချက်ဖြစ်သည့် အတွက်ကြောင့် ပူးတွဲပြီး တစ်ခါတည်းတင်ထားပါကြောင်း၊ ပိုင်ရှင်ဖြစ်သည့် ဒေါ်ကြည်ကြည်ကို လိပ်စာတတ် ပေးထားပြီး အပိုင်သိမ်းကြောင်းနှင့် လျော်ကြေး‌လျှောက် ထားနိုင်ကြောင်းပါ တစ်ခါတည်း တွဲရေးထားတာရှိပါသည်။

၁၉၉၂ တွင် ပိုင်ရှင်မှ ကုန်သွယ်ရေး၏ ပိုင်ရှင်ကို ပြန်လည်လွှဲပြောင်းပေးခြင်း ပုံစံ(၃)ကို တင်ပြပြီး ပြန်လည်လွှဲပြောင်းပေးရန် မြန်မာ့အာမခံသို့ လျှောက်ပါကြောင်း၊ မြန်မာ့အာမခံကလည်း ရုံးအဆောက်အအုံ ဆောက်လုပ်ဆဲဖြစ်သည့် အတွက်ကြောင့် ပြီးစီးလျှင် လွှဲပြောင်းနိုင်ရေးကို စိစစ်ဆောင်ရွက်မည်ဆိုပြီး ပြန်ကြားပါကြောင်း၊ ၁၉၉၆ တွင် ပိုင်ရှင်ကတစ်ခါ ပုံစံ(၃)ဖြင့် တင်ပြပြီး ထပ်လျှောက်ပါကြောင်း၊ မြန်မာ့အာမခံမှ ဝန်ကြီးရုံးကို တင်ပြပါကြောင်း၊ တင်ပြနေချိန်မှာပင် ပိုင်ရှင်ကွယ်လွန်သွားပါကြောင်း၊ ကွယ်လွန်သွားသည့် အခါတွင် ပိုင်ရှင်၏ အမွေခံများမှ အမွေထိန်းစာ တရားရုံးတွင် လျှောက်ထားပါကြောင်း၊ အမွေထိန်းစာရသည့် အခါတွင် အမွေထိန်းစာအရ ထပ်မံပြီးလွှဲပေးလွှာလျှောက်ပါကြောင်း၊ ၁၉၉၇ ခုနှစ်တွင် ရှေ့နေချုပ်ရုံးမှ တရား ဝင် အမွေထိန်းစာအရ အမွေဆက်ခံသူလွှဲပြောင်းပေးနိုင်သည်ဟု သဘောရသော်လည်း ပြန်လည်လွှဲ ပေးရန်သင့်/မသင့်ကို သက်ဆိုင်ရာဌာန၏ စီမံခန့်ခွဲရေး လုပ်ပိုင်ခွင့်ဖြစ်တယ်ဆိုပြီး ပြန်လည်ကြားပါကြောင်း၊

၁၉၉၈ တွင် အမွေထိန်းစာရထားသည့် အမွေဆက်ခံသူများမှ ဒုတိယဝန်ကြီးချုပ်ထံသို့ အသနားခံတင်ပြပါကြောင်း၊ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ရုံးမှ လွှဲယူပြီး ရှေ့နေချုပ်ရုံးသို့ အကြံဉာဏ်တောင်းပါကြောင်း။ ၇-၈-၂၀၀၀ တွင် ဝန်ကြီးရုံးမှ အမွေထိန်းများသို့ ပြန်လည်လွှဲပေးခြင်းကို ပယ်ဖျက်ရန်နှင့် အဆောက်အအုံကို ပြန်လည်လွှဲယူရန် အကြောင်းကြားသည့်အတွက်ကြောင့် မြန်မာ့အာမခံ အမွေဆက်ခံသူများထံမှ ပြန်လည်လွှဲပြောင်းရယူပါကြောင်း၊ ၂၄-၄-၂၀၀၁ တွင် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်ရုံးမှ ရှေ့နေချုပ်ရုံး၏ စိစစ်ချက်များအရ ရှေ့နေချုပ်ရုံးမှ ဖြစ်စဉ်အားလုံးကို အသေးစိတ်စိစစ်ထားခြင်းဖြစ်ပါကြောင်း၊ စိစစ်ပြီးမှ ၁၉၈၆ ကတည်းက အပိုင်သိမ်းထားပြီးဖြစ်သည့် အတွက်ကြောင့် ပြည်သူပိုင်အဖြစ် ဆက်လက်ထိန်းသိမ်းရန်ဆိုပြီး အကြောင်းကြားပါလာပါကြောင်း။ ၎င်းကိုလည်း အရေးကြီးသက်သေခံဖြစ်သည့်အတွက် ပူးတွဲတင်ပြထားပါသည်။ ၁၇-၇-၂၀၀၁ တွင် မြန်မာ့အာမခံထံမှ ပြည်တွင်းအခွန်သို့ လွှဲပြောင်းယူပြီး မြေညီထပ်တွင် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ရုံးဖွင့်ပြီး၊ ပထမထပ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အခွန်ဦးစီးဌာနမှူးရုံးအဖြစ် ဆောင်ရွက်နေပါကြောင်း၊ ၃၆ လမ်းရှိ ဂိုဒေါင်ကို ဗဟိုတံဆိပ်ခေါင်းအရောင်းကောင်တာအဖြစ်နှင့် ဖွင့်လှစ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၃ တွင် အမွေခံများမှ ပြည်တွင်းကုန်ကို မြေဥပစာမှဖယ်ရှားပြီး လက်ရောက်ပြန်လည်ပေးအပ်စေလိုမှု တရားမကြီးရေးစွဲပါကြောင်း၊ စွဲသည့်အတွက်ကြောင့် လက်ရှိတွင် ပြည်တွင်းအခွန်မှ အမှုရင်ဆိုင်ဆဲဖြစ်ပါကြောင်း၊

၁၉၈၆ ကတည်းကိုက အပြီးအပိုင်သိမ်းထားပြီး ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင် ကလည်း ရှေ့နေချုပ်ရုံး၏ အဆင့်ဆင့်စိစစ်ချက်များကို မူတည်ပြီး ပြည်သူပိုင်အဖြစ် ထိန်းသိမ်းရန် ၂၀၀၁ တွင် ဆုံးဖြတ်ထားတာဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၀၁ တွင် ပြည်တွင်းအခွန်၏ လက်ဝယ်တွင် ၎င်း ပစ္စည်းများရှိနေပါကြောင်း၊ စည်းကမ်းသတ်မှတ်ချက် ဥပဒေအရပြောရလျှင် စနစ်များကျော်သွားသည့် အနေအထားရှိပါကြောင်း၊ တရားမကြီးဟုစွဲထားသည့်အတွက်ကြောင့် တရားပြစ်မှုပြီးသည်အထိ မိမိတို့ စောင့်ရမည့် အနေအထားရှိသည့် အတွက်ကြောင့် ပြန်လည်လွှဲပြောင်းပေး၍မရပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးစိုးဝင်း (ကျောက်တံတား) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဝန်ကြီးကိုယ်တိုင် ၎င်းအချိန်တုန်းက ဦးဆောင်ညွှန်ကြားရေးမှူး ဘဝဖြင့်ပြန်လည်ပြီး ခုနှစ်ထပ်ပြီးရင် ပြန်လည်လွှဲပြောင်းပေးမည်ဆိုသည့် ကတိခံဝန်ချုပ်ရှိခဲ့ဖူးသည်ဟုကြားသိရပါကြောင်း၊ နောက် ဥပဒေအရ သိမ်းထားသည်ဆိုလျှင် ယခုထပ်မံပြီး ၁၉၈၆ တွင် နောင်တစ်ချိန် ထပ်မံ ပြည်သူပိုင်သိမ်းသည့် ပုံစံမျိုးဖြစ်ပေါ်နေသည်ကို တွေ့ရှိရသည့်အတွက် မည်သည့်အမိန့် ပြန်တမ်းဖြင့် သိမ်းဆည်းသည်ဆိုတာကို သိရှိလိုပါကြောင်း၊ မိမိတို့ ဥပဒေအရပြောရမည်ဆိုလျှင် အိမ်ရှင်က ဒေါ်ကြည်ကြည်ဖြစ်ပြီး အိမ်ငှားက နိုင်ငံတော်အစိုးရဖြစ်နေပါကြောင်း၊ နိုင်ငံတော်အစိုးရအနေနှင့်အိမ်ရှင်သာ တရားဝင်ဥပဒေနှင့်အညီ တောင်းရမ်းသည့်အပေါ်တွင် လိုက်နာခြင်းမရှိသည့်အတွက် ပြည်သူများ အယုံအကြည် ကင်းမဲ့ လာနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ မည်ကဲ့သို့သော အနေအထားမျိုးဖြင့် ပြန်လည်ပြီး ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း ထပ်ဆင့်မေးခွန်းမေးမြန်းပါသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း

၎င်းနှင့်ပတ်သက်၍ ဥပဒေကြောင်း အမှား/အမှန် ဆုံးဖြတ်ရမည့် အချက်များဖြစ်သွားပါကြောင်း၊ အမွေဆက်ခံသူများကလည်း တရားမကြီးမှုစွဲထားပြီးဖြစ်နေသည့်အတွက်ကြောင့် ဥပဒေပိုင်းဆိုင်ရာမှားသည်၊ မှန်သည် ဆိုသည့်ကိစ္စများကို တရားလွှတ်တော်ချုပ်မှ ဆုံးဖြတ်သွားမည်ဖြစ်သည့်အကြောင်းပြန်လည် ဖြေကြားပါသည်။