ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင် ဟူ၍ မဏ္ဍိုင်ကြီးသုံးခုဖြင့် အပြန်အလှန်ထိန်းညှိဆောင်ရွက်နေကြပါကြောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်၏ အဓိကအခြေခံအကျ ဆုံးအုတ်မြစ်မှာ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ ဖြစ်ပါကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကောင်းမွန်မှ သာ တရားဥပဒေစိုးမိုးမှုရှိမည်ဖြစ်ပြီး ၎င်းရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုသည်ဖွံ့ဖြိုးတိုးတက်ပြီး အေးချမ်း သာယာဝပြောလာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ပြဋ္ဌာန်းထားခဲ့ခြင်းဖြစ်ပါကြောင်း၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၉ တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာကကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးအား ခန့်အပ်တာဝန်ပေး ဆောင်ရွက်စေရမည်ဟု ပြဋ္ဌာန်းထားသည့်အလျောက် ယင်းသို့ခန့်အပ်တာဝန်ပေးပြီး ရပ်ကွက်သို့မဟုတ် ကျေးရွာ အုပ်စု၏ အုပ်ချုပ်ရေးလုပ်ငန်းများကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အလို့ငှာ ပြည်ထောင်စု လွှတ်တော်က ၎င်းဥပဒေကိုပြဋ္ဌာန်းလိုက်ခြင်းဖြစ်ပါကြောင်း၊ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ ကို ၂၄.၂.၂၀၁၂ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၁) ဖြင့် စတင်ပြဋ္ဌာန်းထားခဲ့ပါကြောင်း၊ စတင်ပြဋ္ဌာန်းသည့် ၂၀၁၂ ခုနှစ်တွင် ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ လစဉ်ချီးမြှင့် ထောက်ပံ့ငွေ ၇၀၀၀၀ ကျပ်နှင့် ရုံးသုံးစရိတ် ၅၀၀၀၀ ကျပ်ကိုပါ တစ်ပါတည်းထည့်သွင်းပေးခဲ့ပါကြောင်း၊ ထို့အပြင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို ၂၀.၆.၂၀၁၆ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၃) ဖြင့် ဒုတိယအကြိမ်ပြင်ဆင်ပြဋ္ဌာန်းခဲ့သော်လည်း အုပ်ချုပ်ရေးမှူး၏ လစဉ်ချီးမြှင့်ထောက်ပံ့ငွေနှင့် အသုံးစရိတ်ကို မပြင်ဆင်ခဲ့ပါကြောင်း၊
ယခုအစိုးရလက်ထက် ၂.၁၂.၂၀၁၆ ရက်နေ့တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယ အကြိမ် ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါသော်လည်း စရိတ်နှင့်ချီးမြှင့်ငွေသည် နဂိုအတိုင်းသာရှိနေဆဲဖြစ်ပါကြောင်း၊ ယခု လက်ရှိ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် ဒီမိုကရေစီနည်းကျ တစ်အိမ်တစ်မဲ စနစ်ဖြင့် ရွေးချယ်ထားခဲ့ခြင်းဖြစ်ပါကြောင်း၊ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ဥပဒေများတွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူး များက အုပ်ချုပ်ရေးမှူးကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဥပမာအနေဖြင့် ပြောရမည်ဆိုပါက ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု နိုင်ငံ့ဝန်ထမ်းစာရေးတစ်ယောက်၏လစာသည် ၁၈၀၀၀၀ ကျပ်ဖြစ်နေသည့်အချိန်တွင် ပြည်သူတင်သော ပြည်သူ့ဝန်ထမ်းအုပ်ချုပ်ရေးမှူးတစ်ယောက်၏ ချီးမြှင့်ငွေသည် ၇၀၀၀၀ ကျပ်သာ ဖြစ်နေပါကြောင်း၊ အုပ်ချုပ်ရေး မဏ္ဍိုင်၏ အခြေခံအကျဆုံးဖြစ်သော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ချီးမြှင့်ထောက်ပံ့ငွေ သည် စာရေးတစ်ဦး၏လစာနှင့် နှိုင်းယှဉ်ပါက နှစ်ဆကျော်ကွာခြားနေပါကြောင်း၊ ၂၀၁၂ ခုနှစ်မှ ယနေ့ ၂၀၁၉ ခုနှစ် အထိ ခုနစ်နှစ်တာကာလတွင် ချီးမြှင့်ငွေမှ ယခင်အတိုင်းရှိနေဆဲဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံ၏ငွေကြေးလည်ပတ် စီးဆင်းမှုများသည် တစ်နေ့ထက်တစ်နေ့မတူညီသောကြောင့် ခေတ်ကာလနှင့်လျော်ညီအောင် ချီးမြှင့်သင့်ပါ ကြောင်း၊ ထို့မှသာ ၎င်း၏ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကို အဂတိတရားကင်းရှင်းစွာဖြင့် ပြည်သူများ၏ အကျိုးကို စေတနာအပြည့်အဝနှင့် လုပ်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ခေတ်စကားဖြင့်ပြောရပါက အူမတောင့်မှ သီလစောင့်နိုင်မည် ဖြစ်ပါကြောင်း၊ တချို့သောမြို့နယ်နှင့် ဝေးလံခေါင်သီသောဒေသမှ အုပ်ချုပ်ရေးမှူးများသည် တစ်လလျှင် အနည်းဆုံးမြို့နယ်အစည်းအဝေးနှစ်ကြိမ်တက်ရုံဖြင့် ၎င်းတို့၏ချီးမြှင့်ငွေကုန်သွားပါကြောင်း၊ အခြေ မခိုင်ဘဲ သံတိုင်အိမ်ဆောက်ပါက ပြိုလဲနိုင်သလို ဖောင်ဒေးရှင်းမကောင်းပါကလည်း ၎င်းအဆောက်အဦကို ကြာရှည်သုံးစွဲ၍ရမည် မဟုတ်ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုတစ်ဝန်းလုံးရှိ အုပ်ချုပ်ရေးအခြေခံဖြစ်သော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ကိုယ်စား ပြည်ထောင်စုတစ်ဝန်းလုံးရှိ ရပ်ကွက် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများအား ခေတ်ကာလနှင့် လျော်ညီသော စရိတ်၊ ချီးမြှင့်ငွေတိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ယနေ့အချိန်အထိ ရပ်ကွက်/ ကျေးရွာအုပ်စုပေါင်း ၁၇၀၃၀ ရှိပြီး လက်ရှိအချိန်အထိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၁၆၁၆၅ ဦး ခန့်ထားပြီးဖြစ်ပါကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးတစ်ဦးကို ချီးမြှင့်ထောက်ပံ့ငွေ လစဉ် ၇၀၀၀၀ ကျပ်ဖြင့် ချီးမြှင့်ဆောင်ရွက်ပေးလျက်ရှိပြီး တစ်လကုန်ကျငွေ ကို တွက်ချက်ပါက ကျပ် ၁၁၉၂.၁ သန်း ကုန်ကျမည်ဖြစ်ပြီး တစ်နှစ်လျှင် ကျပ် ၁၄၃၀၅.၂၀ သန်း ကုန်ကျမည်ဖြစ်ပါ ကြောင်း၊ ရုံးအသုံးစရိတ်ကို ရုံးတစ်ရုံးလျှင် တစ်လ ၅၀၀၀၀ ကျပ်ဖြင့် ထုတ်ပေးလျက်ရှိပြီး တစ်လကုန်ကျငွေ တွက်ချက်ပါက ကျပ် ၈၅၁.၅ သန်းဖြင့် တစ်နှစ်လျှင် ကျပ် ၁၀၂၀၈ သန်း ကုန်ကျမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ချီးမြှင့်ထောက်ပံံ့ငွေနှင့် ရုံးအသုံးစရိတ် စုစုပေါင်းနှစ်ရပ်ပေါင်းပါက တစ်လလျှင် စုစုပေါင်း ကျပ် ၂၀၄၃.၆၀ သန်း ကုန်ကျမည်ဖြစ်ပြီး တစ်နှစ်လျှင် ကျပ်သန်းပေါင်း ၂၄၅၂၃.၂ သန်းကုန်ကျမည်ဖြစ်ပါကြောင်း၊ ရပ်ကွက်/ ကျေးရွာ အုပ်စု ရုံးတစ်ရုံးအနေဖြင့် အုပ်ချုပ်ရေးမှူးတစ်ဦးအတွက် ချီးမြှင့်ထောက်ပံံံ့ငွေနှင့်ရုံးအသုံးစရိတ် နှစ်ရပ်ပေါင်း တစ်လ လျှင် ၁၂၀၀၀၀ ကျပ်ဖြင့်ပေးအပ်လျက်ရှိသဖြင့် တစ်နှစ်ကုန်ကျငွေမှာ ၁.၄၄ သန်းဖြစ်ပါကြောင်း၊
ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ လစဉ်ချီးမြှင့်ထောက်ပံ့ငွေနှင့်စပ်လျဉ်းပြီး ၂၀၁၂ ခုနှစ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအခန်း (၁၂) ချီးမြှင့်ထောက်ပံ့ငွေ ပုဒ်မ ၂၈ တွင် ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် အောက်ပါ ချီးမြှင့်ထောက်ပံ့ ငွေများကို သတ်မှတ်ပေးရမည်-
(က) လစဉ်ချီးမြှင့်ထောက်ပံ့ငွေ၊
(ခ) သက်တမ်းကာလအပြည့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ပါက တစ်လုံးတစ်ခဲတည်းချီးမြှင့်ငွေ ဟူ၍ ပြဋ္ဌာန်းထားပါကြောင်း၊
ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား လစဉ်ထောင်ပံ့ငွေချီးမြှင့်ပေးနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်အရ ချီးမြှင့်ထောက်ပံ့ငွေအား ၇၀၀၀၀ ကျပ်သတ်မှတ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၏ ငွေစာရင်းအမှတ် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အား လစဉ်ချီးမြှင့်ထောက်ပံ့ငွေပေးလျက်ရှိပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ လစဉ်ချီးမြှင့်ထောက်ပံ့ငွေကို နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေအခြေအနေ၊ ခေတ်ကာလ အခြေအနေ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းသဘောသဘာဝအခြေအနေ၊ နယ်မြေဒေသန္တရ အခြေအနေအရပ်ရပ်တို့အား ထည့်သွင်းစဉ်းစားပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံတော်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးမူဝါဒနှင့်အညီ သတ်မှတ်ခွင့်ပြုပေးအပ်ခဲ့ခြင်းဖြစ်ပါကြောင်းနှင့် လတ်တလော အခြေအနေတွင် တိုးမြှင့်သတ်မှတ်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားပါသည်။
