အောင်ပန်း- ပင်းတယ- ရပ်စောက်လမ်းပေါ်ရှိ ရပ်စောက်ကောင်းဖို့်လမ်းအပိုင်း တံတားအမှတ် (၂/၄၆) ဝါးပြားချောင်းကူးရေပုပ်သိုးတံတားသည် အလျား ၂၅ ပေ၊ တံတားအကျယ် ၁၄ ပေရှိ သော အောက်ခြေကျောက်စီသံကူကွန်ကရစ် တံတားဖြစ်ပါကြောင်း၊ ၎င်းလမ်းပေါ်၌ ရပ်စောက် မြို့နယ်၏ ရာသီသီးနှံထွက်ကုန်ပစ္စည်းများထွက်ရှိချိန်တွင် ကုန်တင်ယာဉ်များ၊ ခရီးသည်တင် ယာဉ်များအပါအဝင် ယာဉ်အစီး ၇၅၀ ကျော် အထိ ဖြတ်သန်းလျက်ရှိပြီး တစ်ရက်လျှင် ယာဉ် အစီးရေ ပျမ်းမျှ ၆၅၀ ဝန်းကျင်ဖြတ်သန်းလျက်ရှိသည်ဟု ဌာနမှတ်တမ်းများအရ ကြားသိရ ပါကြောင်း၊ သို့သော်လည်း ဝါးပြားချောင်းကူးရေပုပ်သိုးတံတားသည် အတက်/ အဆင်း အကွေ့ အကောက်ရှိနေခြင်း၊ လမ်းတံတားကျဉ်းမြောင်းခြင်း၊ တံတားဖောင်ဒေးရှင်းအောက်ခံအထိ ရေစီး ကြောင်းဖြစ်နေခြင်းတို့ကြောင့် အန္တရာယ်ရှိနေပြီး တံတားလမ်းကျဉ်းသောကြောင့် ကားနှင့် ဆိုင်ကယ်ရှောင်ရာတွင် ဆိုင်ကယ်များတံတားအောက်သို့ ပြုတ်ကျခြင်း၊ ကုန်တင်ယာဉ်ကြီးများ ပြုတ်ကျ၍ တံတားပေါင်ချိတ်မိခြင်း၊ လမ်းဘေးသို့ကျခြင်းစသည့် ယာဉ်များမတော်တဆ ဖြစ်နေမှုများ မကြာခဏဖြစ်ပေါ်လျက် ရှိပါကြောင်း၊
ထို့ကြောင့် အောင်ပန်း- ပင်းတယ- ရပ်စောက်လမ်းပေါ်ရှိ မိုင်တိုင်အမှတ် (၄၅/၄)မှ (၄၅/၅) အကြား တံတားအမှတ် (၂/၄၆) ဝါးပြားချောင်းကူးရေပုပ်သိုးတံတားကို မော်တော်ယာဉ်များ၊ ပြည်သူများအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန်အတွက် အတက်/အဆင်း အကွေ့အကောက် များကို လျော့နည်းသွားအောင် လမ်းကြောင်းဖြောင့်ပြီး တံတားအသစ်တည်ဆောက်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ အောင်ပန်း- ပင်းတယ- ရပ်စောက်လမ်းပေါ်ရှိ ရပ်စောက် မြို့နယ် ရပ်စောက်ကောင်းဖို့ လမ်းအပိုင်း ဝါးပြားချောင်းကူးရေပုပ်သိုး တံတားအမှတ် (၂/၄၆) ကို လမ်းပန်းဆက်သွယ်ရေးကဏ္ဍလိုအပ်ချက်များအရ လည်းကောင်း၊ ပြည်သူများ အန္တရာယ်ကင်းရှင်း စွာ သွားလာနိုင်စေရေးတို့အတွက် လမ်းအကွေ့အကောက်များကို လျော့နည်းသွားအောင် လမ်း ကြောင်းဖြောင့်၍ တံတားအသစ်တည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်း ပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်အတွင်းရှိ အောင်ပန်း-ပင်းတယ-ရပ်စောက်လမ်း မိုင်တိုင် အမှတ် (၄၅/၄) မှ (၄၅/၅) အတွင်းရှိ တံတားအမှတ် (၂/၄၆) ဝါးပြားချောင်းကူး ရေပုပ် သိုးတံတားသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနက တာဝန်ယူဆောင်ရွက်နေသည့် တံတားဖြစ်ပါကြောင်း၊ အဆိုပါတံတား၏ လက်ရှိအခြေအနေသည် အရှည် ၂၅ ပေ၊ အကျယ် ၁၄ ပေ၊ ကျောက်စီကမ်းကပ်ခုံ၊ သံဘောင်ယက်မ၊ သံကူကွန်ကရစ်ကြမ်းခင်း တံတားအမျိုးအစားဖြစ်ပြီး တံတားပေါ်တွင် ယာဉ်များဖြတ်သန်းသွားလာရန် တံတားကျဉ်းမြောင်းမှုကြောင့် အသွား/အပြန် တစ်စီးချင်းသာ ဖြတ်သန်းသွားလာနိုင်ပါကြေင်း၊ ၎င်းတံတားကို ၁၉၉၃ ခုနှစ်တွင် တည်ဆောက်ခဲ့ ခြင်းဖြစ်ပါသဖြင့် ယခုအချိန်တွင် တံတားသက်တမ်းမှာ ၂၆ နှစ်ကျော် ကြာမြင့်ပြီဖြစ်သည့်အတွက် ယာဉ်သွားလာမှုအခြေအနေအရ သံကူကွန်ကရစ်တံတား အသစ်တစ်စင်းတည်ဆောက်ရန် လိုအပ်လာပြီဖြစ်ပါကြောင်း၊
ဝါးပြားချောင်းကူးရေပုပ်သိုးတံတား၏ မြေပြင်အခြေအနေကို တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ ၁၂ နှင့် သက်ဆိုင်ရာအင်ဂျင်နီယာများ ကွင်းဆင်းစစ်ဆေးခဲ့ရာ တံတားအဝင်/အထွက်လမ်းတွင် အတက်/အဆင်း Gradient များပြီး တံတားနေရာများတွင် ချိုင့်ဝှမ်းထဲကျရောက်နေခြင်း၊ လက်ရှိ တံတားရေဝပ်ဧရိယာသည် လုံလောက်မှုမရှိခြင်း၊ ချောင်းကမ်းပါးစောက်နက်ခြင်းနှင့် ကမ်းကပ် ခုံများ ရေတိုက်စားမှုများ ဖြစ်ပေါ်နေခြင်းနှင့် လမ်းကွေ့အပိုင်းတွင် တည်ရှိနေခြင်းတို့ကြောင့် ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန် လမ်းနှင့်တံတား Alignment အသစ်တစ်ခု ရှာဖွေပြီး အရှည် ၄၀ ပေ၊ အကျယ် ၃၄ ပေ သံကူကွန်ကရစ် တံတားအသစ်နှင့် ချဉ်းကပ်လမ်းတို့ကို တည်ဆောက်ပေးရမည်ဖြစ်ပါကြောင်း၊
၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေတွင် လျာထားတင်ပြ တောင်းခံထားပြီးလည်းဖြစ်သည့်အတွက် ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
