မိမိတို့မြို့နယ်တွင် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့နှင့် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်း ခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဟု ကော်မတီနှစ်ခု ရှိကြောင်း၊ ၎င်းကော်မတီများကို ပြည်သူများက တိုင်ကြားလာသည့်အချိန်တွင် တိုင်ကြားစာများအပေါ်တွင် ၎င်းအဖွဲ့စုံ၊ ဝန်ကြီး ဌာနအစုံဖွဲ့ထားသည့် အဖွဲ့များမှ ၎င်းပြဿနာများကို ဖြေရှင်းရပြီဆိုပါက မြေကြီးနှင့် မြေပုံ မှန်ကန်မှုအပေါ်မူတည်ပြီး ဥပဒေ၊ အမိန့်ကြော်ငြာစာများအရကို ဖြေရှင်းကြရခြင်းဖြစ်ကြောင်း၊ ၎င်းမြေကြီးနှင့်ပတ်သက်သည့် မြေရာဇဝင်နှင့် ပတ်သက်သည်များ၊ မြေကြီးမြေပုံနှင့်ပတ်သက်ပြီး အထောက်အထားများ တောင်းသည့်အချိန်သည် အချိန်အကြာအမြင့်ဆုံးအချိန် ဖြစ်ကြောင်း၊ ထိုကိစ္စကို လေ့လာဆန်းစစ်နိုင်ရန်အတွက် မြန်မာနိုင်ငံမြေစာရင်းလက်စွဲ ဥပဒေကို လေ့လာကြည့်ကြောင်း၊
မြန်မာနိုင်ငံ မြေစာရင်းလက်စွဲဥပဒေ ပုဒ်မ ၅၂၀ တွင် မြေပုံဆိုသည်မှာ မြေပုံစာရင်းများ၏ အညွှန်းဖြစ်ပြီး မြေတည်နေရာ၊ အရပ်၊ အတိုင်းအတာနှင့် နယ်နိမိတ်များကို ဖော်ပြသည့် မှတ်တမ်းဖြစ်ကြောင်း၊ အခွန်မြေတိုင်းစာရေးတိုင်းသည် မိမိအုပ်စုအတွင်းတွင် ရှိနေသည့် မြေမျက်နှာသွင်ပြင်ပြောင်းလဲသွားသည်များအားလုံးကို အခွန်စည်းကြပ်သည် ဖြစ်သည်ကို ထိခိုက် သည်ဖြစ်စေ၊ မထိခိုက်သည်ဖြစ်စေ ကွင်းမြေပုံများအပေါ်တွင် ပြင်ဆင်မှတ်သားကြောင်း၊ အခွန်မြေတိုင်းစာရေးသည် မြေတိုင်းတာခြင်းပြောင်းလဲချက်များကို မှတ်သားနိုင်ရန်အတွက် မှင်နီဖြင့် မှတ်သားပြီးသည့်အချိန်တွင် ၎င်းမြေပုံများကို ဆိုင်ရာနှစ်များအတွင်း ပြောင်းလဲခြင်း များကို စာရင်းနှင့်အတူ ခရိုင် လယ်/ဝန်ရုံးကို နှစ်စဉ် ဇူလိုင်လ ၁ ရက်နေ့ထက် နောက်မကျစေဘဲ ပေးပို့ရမည်ဟု ဖော်ပြထားကြောင်း၊ မြေတိုင်းစာရေးသည် နှစ်စဉ်ကွင်းဆင်းသည့်အချိန်တွင် ကွင်းမြေပုံအသီးသီးအပေါ်တွင် ကမ္ပည်းပြင်ခြင်းနှင့် အခွန်စည်းကြပ်ရန် တိုင်းတာခြင်းများကို မြေပုံနှင့် မှတ်ပုံတင်စာရင်း(၁-ခ)ကို အမြဲတမ်း ပြည့်စုံမှန်ကန်အောင် ပြုလုပ်ရမည်ဟု ဖော်ပြထား ကြောင်း၊ မြေတိုင်းစာရေး၏ အမြဲတမ်းမှန်ကန်ဖြစ်စေရန်လုပ်ရမည် ပုံမှန်လုပ်ရိုးလုပ်စဉ် ဖြစကြောင်း၊ ၎င်းနှင့်ပတ်သက်ပြီး ခရိုင်ဝန်သည် ခရိုင်မြေစာရင်းဌာန လုပ်ငန်းများအတွက် အဓိက အားဖြင့် တာဝန်ရှိသူဖြစ်သည်ဟု တိတိကျကျဖော်ပြထားကြောင်း၊ သို့သော် ပေးလိုသည့် အမိန့်များကို ခရိုင်လယ်/ဝန်မှတစ်ဆင့် ပေးရမည်ဟု ဖော်ပြထားကြောင်း၊ ခရိုင်လယ်/ဝန်သည် ခရိုင်မြေစာရင်းဌာနကို ခရိုင်ဝန်၏ကြီးကြပ်အုပ်ချုပ်မှုကိုနာခံပြီး စီမံခန့်ခွဲရမည်ဟု ဖော်ပြထား ကြောင်း၊ ခရိုင်ဝန်၏အမိန့်အတိုင်း လိုက်နာဆောင်ရွက်ရန် နှင့် ခရိုင်မြေစာရင်းဌာန လုပ်ငန်းများကို ဤမြေစာရင်းလက်စွဲဥပဒေ၌ပြဋ္ဌာန်းထားသည့် နည်းလမ်းအတိုင်း လိုက်နာဆောင်ရွက်နိုင်ရန်၊ ကြည့်ရှုနိုင်ရန်အတွက် ခရိုင်ဝန်တွင် တာဝန်ရှိသည် ဟု ဖော်ပြထားကြောင်း၊ လယ်/ဝန်၏ အဓိက လုပ်ပိုင်ခွင့်များတွင် နယ်ခြားမှတ်တိုင်များစိုက်ထူခွင့်၊ ပြုပြင်ခွင့်နှင့် မည်သည့်မြေပေါ်တွင်မဆို ဝင်ရောက်တိုင်းတာရသည်ဖြစ်ကြောင်း၊ ၎င်း၏လုပ်ပိုင်ခွင့်ကို လွှဲပြောင်းပေးခွင့် ရှိကြောင်း၊ လယ်ယာမြေများအပြင် နောက်ဆုံး ကျေးရွာအုပ်စုနယ်နိမိတ်များကို ဆုံးဖြတ်သည့်နေရာများတွင် ကျေးရွာအုပ်စုအတွင်း ကွင်းများကို ခွဲစိတ်ခြင်းနှင့် မြေတိုင်းတာခြင်းသည် မြေတိုင်းတာမှု သီးသန့်သာဖြစ်ကြောင်း၊ နယ်နိမိတ်များကို ဆုံးဖြတ်သတ်မှတ်သည့်အချိန်တွင် အုပ်ချုပ်ရေးနှင့် သက်ဆိုင်သည် ဖြစ်ကြောင်း၊
တင်ပြခဲ့သည့် ကော်မတီနှစ်ရပ်သည် မိမိတို့၏လုပ်ငန်းကို လုပ်ဆောင်ရန်အတွက် မြေစာရင်း မြေပုံနှင့် မြေရာဇဝင်ကို ယူသည့်နေရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ရသည့်အတွက်ကြောင့် ယခုပြဿနာများကို ဖြေရှင်းသည့်နေရာတွင် များစွာအနှောင့်အယှက် ဖြစ်စေကြောင်း၊ ထို့ကြောင့် မိမိတို့မှ မြေစာရင်း မှန်ကန်စေရန်အတွက်ကို လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့နှင့် စာရင်းအင်း ဦးစီးဌာနတို့မှ မည်ကဲ့သို့ဆောင်ရွက်သည်ကို သိရှိနေရန် လိုပါကြောင်း၊ ၎င်းအခက်အခဲများသည် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် မြေစာရင်းဌာနက ဥပဒေပါတာဝန်နှင့် လုပ်ပိုင်ခွင့်များကို အကောင်အထည်ဖော်မှုအားနည်းနေခြင်း သို့မဟုတ် ဝန်ထမ်းမလုံလောက်မှု မရှိခြင်း သို့မဟုတ် ရှိသည့်ဝန်ထမ်းကိုရှိသင့်သည့် အရည်အချင်းပြည့်မီစေရန် အလုပ်မလုပ်ပေးနိုင်ခြင်း သို့မဟုတ် ဝန်ထမ်းမှ မကြိုးစားခြင်း၊ လိုအပ်သည့်ဘတ်ဂျက်ကို လျာထားသုံးစွဲမှုမရှိခြင်း သို့မဟုတ် နည်းပညာကျွမ်းကျင်သည့် ဦးဆောင်သူမရှိခြင်း ထို့ကဲ့သို့မဟုတ်ပါက နည်းပညာရွေးချယ်မှု အပိုင်းတွင် ဆုံးဖြတ်ချက်မချနိုင်ခြင်း သို့မဟုတ် ပြုပြင်ပြောင်းလဲချင်သည့် Political Well ပျောက်ဆုံးနေခြင်း စသည်တို့သည် မိမိတို့အတွက်အမြဲတမ်းမေးခွန်းဖြစ်နေသည့်အတွက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေဖြင့် မြေကြီးမြေပုံမှန်ကန်ရေးအတွက် မည်ကဲ့သို့ စီမံခန့်ခွဲ အကောင်အထည်ဖော်ဆောင်ရွက်နေသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာန (ယခင် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန) မှ အဓိကအားဖြင့် နိုင်ငံ၏ လယ်ယာစိုက်ပျိုးမြေများ မြေကြီး မြေပုံမှန်ကန်စေရန် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ကွင်းပေါင်း ၉၃၇၀၀ ကျော်၊ ဧရိယာအားဖြင့် ဧရိယာဧက သန်း ၅၀.၅၇ ကျော်ကို ကွင်းဖွဲ့ပြီး ကွက်စိတ်မြေပုံများ ထုတ်ပေးထားပြီး ဖြစ်ကြောင်း၊ ၎င်းကွတ်စိတ် မြေပုံများသည် ဦးပိုင် တစ်ခုချင်းအလိုက် စိုက်ပျိုးလုပ်ကိုင်သည့် ဧရိယာများကို မှတ်တမ်းတင် စာရင်းကောက်ယူပြုစုမှု ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှုစာရင်းနှင့် မြေအသုံးချမှု စာရင်းများ မှန်ကန်စွာ စာရင်းကောက်ယူပြုစုနိုင်ရန်အတွက် ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်သည့်အချိန်တွင် မြန်မာနိုင်ငံမြေစာရင်း လက်စွဲဥပဒေအခန်း(၁၉) မြေတိုင်းတာခြင်း ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်မှု ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသည့် မိမိမြေပုံ မှန်ကန်ရေးသည် အဓိက အရေးပါသည် ဖြစ်သည့်အတွက် လက်ရှိဆောင်ရွက်ရသည့် လုပ်ငန်းရပ်များအတွက်ကို အခြေခံကျသည့် လုပ်ငန်းစဉ်ကြီးဖြစ်သည့်အချက်သည် မမှားကြောင်း၊ မိမိတို့ မြေတိုင်းတာခြင်း ဆောင်ရွက်သည့်အချိန်တွင် အခြေခံသဘောတရားမတူညီသည့် လုံးဝန်း သည့် ကမ္ဘာ့မြေမျက်နှာပြင်ကို ညီညာပြန့်ပြူးသည့်စက္ကူပြင်ပေါ်တွင် ဖော်ပြနိုင်ရန် နည်းလမ်း အမျိုးမျိုးဖြင့် တိုင်းတာတွက်ချက်ရေးဆွဲခြင်း ဖြစ်ကြောင်း၊ မြေတိုင်းတာပုံထုတ်ပြီးသည့် မြေပုံများသည် လူများ၏ ပြုပြင်ပြောင်းလဲမှုများ၊ သဘာဝအကြောင်းတရားများ၊ ဒေသဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းလုပ်ငန်းများနှင့် စိုက်ပျိုးမြေဧရိယာ တိုးချဲ့လုပ်ကိုင်မှုများအတွက် လက်ရှိ မြေပြင်အခြေအနေသည် အစဉ်ပြောင်းလဲမှု ရှိကြောင်း၊ ထို့ကြောင့် အစဉ်အမြဲ မှန်ကန်နိုင်ရေး အတွက်တိုင်းတာမှုကို ဆောင်ရွက်ရမည့်အနေအထား ဖြစ်ကြောင်း၊ မြေပြင်အခြေအနေနှင့် မြေပုံ အစဉ်အမြဲ ကိုက်ညီနေမှုဆိုသည့်အချက်သည် လွယ်ကူမှုမရှိနိုင်သော်လည်း မြေပြင်အခြေအနေ နှင့် မြေပုံတွင် ဖော်ပြထားမှုများ ကွဲလွဲချက်မရှိစေရန် မြေကြီးမြေပုံ ကိုက်ညီမှန်ကန်စေရန် မိမိတို့ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသည် နှစ်စဉ်မြေတိုင်း စီမံချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊
လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းတို့သည် မြေကြီး၊ မြေပုံမှန်ကန်ရေး လုပ်ငန်းများကို ဆောင်ရွက်ရန် မိမိတို့ဌာနတွင် ခွဲဝေရရှိသည့် ဘဏ္ဍာရန်ပုံငွေ၊ လက်ရှိဝန်ထမ်း ခန့်ထားမှု အခြေအနေအပေါ်တွင်အမှီပြုပြီး ဌာန၏သုံးစွဲနိုင်သည့် ပစ္စည်းကိရိယာအင်အား တန်ဆာပလာ များနှင့် ဆောင်ရွက်နေရမှု အခြေအနေ ဖြစ်ကြောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ ကွင်းပေါင်း ၂၈၀၀၀ ကျော်ကို မြေတိုင်းတာ ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ လက်ရှိ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ကွင်းပေါင်း ၅၀၀၀ ကျော်ကို နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် တိုင်းတာဆောင်ရွက်လျက်ရှိကြောင်း
မြေကြီး မြေပုံမှန်ကန်မှုရှိစေရန် ဆောင်ရွက်သည့်အချိန်တွင် ယခင်သမားရိုးကျ မြေတိုင်းတာခြင်းနှင့် မြေပုံရေးဆွဲခြင်း စနစ်အနေဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် လူအင်အား အသုံးပြုရမှု ရှိကြောင်း၊ မြေပုံရေးဆွဲ ထုတ်လုပ်ရန်အတွက် အချိန်ကာလများ ရယူရကြောင်း၊ တိုင်းတာရရှိသည့် မြေပုံများသည် စက္ကူမြေပုံများ ဖြစ်သည့်အတွက် မြေပြင်ပြောင်းလဲမှု အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ မှတ်တမ်းတင်နိုင်စေရန် အကန့်အသတ်များ ရှိနေသည့်အတွက် တိကျမှန်ကန်မှု အားနည်းခြင်းစသည့် အခြေအနေမျိုးများ ရှိခဲ့ကြောင်း၊ ၎င်းအားနည်းချက်များကို ကျော်လွှားပြီး မိမိတို့ နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် e-government လုပ်ငန်းနှင့် One Map Myanmar စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဆက်စပ်ပြီး အသုံးပြု ဆောင်ရွက်နိုင်စေရန် စီမံလုပ်ကိုင်လျက်ရှိကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်သည့်အချိန်တွင် ၂၀၁၃-၂၀၁၄ ခုနှစ်မှစပြီး ခေတ်မီမြေတိုင်း ပစ္စည်းကိရိယာများ အသုံးပြု မြေတိုင်းတာမှုနှင့် မြေပုံရေးဆွဲခြင်းဆိုင်ရာ နည်းစနစ်များနှင့် UTM စနစ်သုံး ဒီဂျစ်တယ်မြေပုံများ တိုင်းတာ ထုတ်လုပ်မှုကို နှစ်စဉ်ရန်ပုံငွေ ခွင့်ပြုချက်အရ အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အချိန်တိုအတွင်းတွင် မှန်ကန်တိကျသည့် ဒီဂျစ်တယ်မြေပုံကို ရရှိစေရန်အတွက် Remote Sensing and GIS နည်းပညာဖြင့် အသုံးပြုပြီ ဂြိုလ်တုဓာတ်ပုံများ ရယူအသုံးပြုပြီး မြေပုံထုတ်လုပ်ခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း၊
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြေကြီးမြေပုံ မှန်ကန်ရေး ဆောင်ရွက်နိုင်စေရန်အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသည့်အတိုင်း လိုအပ်ချက်အရ မိမိတို့တွင် ဝန်ထမ်းအင်အား၊ ခေတ်မီမြေတိုင်းကိရိယာနှင့် ဆက်စပ်ပစ္စည်းများ၊ ဘဏ္ဍာရန်ပုံငွေများစွာ ကျခံသုံးစွဲရမှုနှင့် အချိန်ကာလ လိုအပ်ချက်များ ရှိနေသည့် အနေအထားတွင် ရှိသည့် လက်ရှိ ဝန်ထမ်းအင်းအားဖြင့် ခွင့်ပြုရန်ပုံငွေများ အကောင်းဆုံးဖြစ်စေရန် ကြိုးပမ်း ဆောင်ရွက် လျက် ရှိကြောင်း၊
လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနဖြင့် လက်ရှိအသုံးပြုလျက်ရှိသည့် ကွင်းမြေပုံ များ မြေကြီးနှင့် မြေပုံအစဉ်အမြဲ မှန်ကန်မှုရှိပါက နိုင်ငံတော်၏ မြေယာဆိုင်ရာ မူဝါဒများ ချမှတ်သည့်အချိန်၊ လယ်ယာကဏ္ဍဖွံ့ဖြိုးမှုဆိုင်ရာ စီမံကိန်းများ အကောင် အထည်ဖော် ဆောင်ရွက်သည့်အချိန်၊ ဖြစ်ပေါ်လာသည့် အခြေအနေ အခက်အခဲများကို ဖြေရှင်းပေးသည့် အချိန်တွင် မြေအသုံးချမှုဆိုင်ရာ စာရင်းအင်းနှင့် စိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ စာရင်းအင်း အချက်အလက်များသည် တိကျမှန်ကန်မည်ဖြစ်သည့် အခြေအနေ ဖြစ်ကြောင်း၊ ထို့ကြောင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနဖြင့် မြေကြီးမြေပုံနှင့် မြေစာရင်းမှန်ကန်စေရန်၊ ဝန်ထမ်းအင်အား၊ ရန်ပုံငွေရရှိမှုအပေါ် အခြေခံပြီး နှစ်စဉ် စီမံချက်များကို အထူးကြိုးစား ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအချိန်တွင် ဌာန၏ ဝန်ထမ်းအင်အား ဖွဲ့စည်းပုံ တိုးမြှင့်ခွင့်ပြုချက်ကို နိုင်ငံတော်အစိုးရက ခွင့်ပြုထားပြီးဖြစ်သည့်အတွက် မိမိတို့တွင် ရှိသည့် ဝန်ထမ်းအင်အားများကို အပြည့်အဝ ခန့်ထားနိုင်ပြီး ရန်ပုံငေ ွခွဲဝေရရှိမှုအပေါ် မူတည်ပြီး လုပ်ငန်းများကို ယခုထက် ပိုမိုလျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးတင်ကိုကိုဦး(ခ) ဦးအတွတ် (ဘီးလင်း မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
One Map Myanmar နှင့် Digital Map ကို သေသေချာချာ လုပ်နေသည့်အကြောင်း၊ ဝန်ထမ်းများလည်း ထပ်မံဖြည့်စွက်ထားသည်ဟု ပြောသည့်အတွက် ၎င်းဝန်ထမ်းများနှင့် ပတ်သက်ပြီး One Map Myanmar နှင့် ချိတ်ဆက်ပြီး အသုံးပြုနိုင်စေရန် နည်းပညာနှင့် ပတ်သက်ပြီး ပြင်ဆင်မှုများ မည်ကဲ့သို့လုပ်ဆောင်ထားသည်ကို ဆက်စပ်မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးလှကျော်
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်တွင် သင်တန်းကျောင်းဖွင့်လှစ်ထားကြောင်း၊ ဝန်ထမ်း များတွင် ခွင့်ပြုအင်အားနှင့်အညီ အသုတ်လိုက်၊ အသုတ်လိုက် မိမိတို့ ခန့်ထားပြီး၊ တစ်ပြိုင်တည်း သင်တန်းကို အခြေခံသင်တန်းမှစပြီး တိုက်ကြီးတွင်ရှိသည့် ဗဟိုမြေစာရင်း လေ့ကျင့် သင်တန်းကျောင်းတွင် သင်တန်းပေးလျက် ရှိကြောင်း၊ ထိုမှတစ်ဆင့် အဆင့်မြင့်သည့် ဝန်ထမ်း များကို အဆင့်မြင့်ပညာရပ်များ၊ အဆင့်မြင့်ပညာရပ်တွင် Remote Sensing and GIS နည်းပညာကို ထိတွေ့ဆက်စပ်ပြီး သုံးစွဲနိုင်သည့် အခြေအနေမျိုးရရှိစေရန်အတွက် စွမ်းရည်မြှင့်တင်သည့် သင်တန်းများကို ဖွင့်လှစ်ပေးလျက် ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
