(ဂ)-ခန္တီးမြို့နှင့် ကျေးရွာအုပ်စု (၉) အုပ်စုမှ ကျေးရွာများသည် ခန္တီးရတနာ နယ်မြေအတွင်း ကျရောက် နေပါသဖြင့် ပြန်လည်စိစစ်၍ ရတနာနယ်မြေအဖြစ်မှ ပယ်ဖျက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၆.၈.၂၀၁၉)

ခန္တီးမြို့နယ်၏ အကျယ်အဝန်း ဧရိယာ  ၃၁၆၅.၄၅ စတုရန်းမိုင်ရှိပြီး ဧကပေါင်း ၂၀၂၅၈၈၈ ဧကရှိကြောင်း၊ ကျောက်စိမ်းထွက်ရှိသည့်နေရာသည် ခန္တီးမြို့မှ ၂၅ မိုင်အကွာ နန်စီဘွန် ဒေသနှင့် နတ်မွန်ဒေသဖြစ်ကြောင်း၊ ခန္တီးမြို့မှ ၄၅ မိုင်အကွာ ပတ္တာဘွန်မှော်တွင် ပယင်း ထွက်ရှိကြောင်း၊ ယခင်က ကျောက်မျက်ရတနာထွက်ရှိရာ ဧရိယာအကျယ်အဝန်းကို အတိအကျသတ်မှတ်ခဲ့ခြင်းမပြုဘဲ တူးဖော်လုပ်ကိုင်ခဲ့ကြကြောင်း၊ ၂၀၀၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက် နေ့ရက်စွဲပါ သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီးရုံး၏ အမိန့် ကြော်ငြာစာအမှတ် (၈၉/၂၀၀၁) ဖြင့် ခန္တီးမြို့ရတနာနယ်မြေကို ဧရိယာ ၁၁၆၃ စတုရန်းမိုင်၊ ဧကပေါင်း ၇၄၄၃၂၀ ဧကသတ်မှတ်ခဲ့ပါကြောင်း၊

ခန္တီးရတနာနယ်မြေအဖြစ် ခန္တီးမြို့မှ ချင်းတွင်းမြစ်အထက်ပိုင်း ၄၅ မိုင်အကွာ  တံခွန်ချောင်း အထိ ခန္တီးမြို့မှ ချင်းတွင်းမြစ်အောက်ပိုင်း ၃၆ မိုင်အကွာ ကောင်းဟိန်ရွာအထိ ခန္တီးမြို့ အရှေ့ဘက်နှင့် အရှေ့တောင်ဘက် ကချင်ပြည်နယ်နယ်စပ်အထိ ရတနာနယ်မြေ သတ်မှတ်ခဲ့ကြောင်း၊ ထိုကဲ့သို့ သတ်မှတ်လိုက်သည့်ဧရိယာတွင် ခန္တီးမြို့အပါအဝင် ပဒူးမုံး ကျေးရွာအုပ်စု၊ ဖောင်းဆိုင်ကျေးရွာအုပ်စု၊ မှန်ပင်ကျေးရွာအုပ်စု၊ အောင်မြေ ကျေးရွာအုပ်စု၊ စိန်လန်း ကျေးရွာအုပ်စု၊ ဟိန်စွန်း ကျေးရွာအုပ်စု၊ လင်းဖား ကျေးရွာအုပ်စု၊ အရှေ့ ကောက်တောင်း ကျေးရွာအုပ်စု၊ ကောင်းဟိန် ကျေးရွာအုပ်စု ကျေးရွာ ကိုးအုပ်စုနှင့် အခြားကျေးရွာ ကိုးရွာ စုစုပေါင်း ၁၈ ရွာရှိ ရွာဧရိယာနယ်နိမိတ်များ၊ ခန္တီးမြို့ ကျေး/ရွာ နယ်နိမိတ်များသည် ရတနာနယ်မြေအတွင်း ပါဝင်သွားကြောင်း၊ ရတနာနယ်မြေအတွင်း ပါဝင်နေသည့်အတွက် ဒေသခံတိုင်းရင်းသားများသည် လယ်ယာမြေဖော်ထုတ်ရာတွင် လည်းကောင်း၊ ဥယျာဉ်ခြံစိုက်ပျိုးရာတွင်လည်းကောင်း၊ နှစ်ရှည်သီးနှံပင်စိုက်ပျိုးရာတွင် လည်းကောင်း၊ ရွှေသတ္တုတူးဖော်လို၍ လျှောက်ထားခြင်းနှင့် မြို့မြေငှားဂရန်၊ ကျေးရွာ မြေငှားဂရန် လျှောက်ထားခြင်းတို့တွင် ဥပဒေနှင့်အညီ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း၊

ကျောက်ကျင်းထွက်ရှိသည့်နေရာ ရှိကြောင်း၊ ညောင်တစ်လျှောက်မှော်နှင့် လင်းဖားမှော် တို့တွင် ယနေ့အချိန်ထိ ကျောက်စိမ်းရိုင်းများ လုံးဝထွက်ရှိခြင်းမရှိသော်လည်း ကျောက်စိမ်း လုပ်ကွက်မှော်အဖြစ် သတ်မှတ်ပေးခဲ့ကြောင်း၊ ရွှေလုပ်ငန်းရှင်များက ရွှေထွက်ရှိသည့် ၎င်းနေရာကို ကျောက်စိမ်းဖော်ထုတ်လုပ်ကွက်အဖြစ် သတ်မှတ်စေပြီး ရွှေတူးဖော်ခဲ့ ကြကြောင်း၊ ယခုအခါ ၎င်းနေရာတွင် ရွှေကြောများကုန်သွားသည့်အတွက် တူးဖော် လုပ်ကိုင်ခြင်းမရှိသည်ကို တွေ့ရှိရကြောင်း၊

ခန္တီးမြို့ ဧရိယာနယ်နိမိတ်အနီး၊ ကျေးရွာများ၏ ဧရိယာနယ်နိမိတ်အနီးနှင့် ချင်းတွင်းမြစ် ကမ်းစပ်ကနေ ၅ မိုင်အတွင်းတွင် ယနေ့အချိန်ထိ ကျောက်စိမ်းရိုင်းများ၊ အခြားဓာတ်ငွေ့ ရတနာများထွက်ရှိခြင်း မရှိသည်ကို တွေ့ရှိရကြောင်း၊ ရွှေသတ္တုအနည်းငယ်သာ ထွက်ရှိကြောင်း၊ ကျောက်မျက်ရတနာများ မထွက်ရှိသည့်အတွက် ချင်းတွင်းမြစ်ကမ်းစပ်မှ ၅ မိုင်အကွာထိကို ရတနာနယ်မြေအဖြစ် သတ်မှတ်ထားခြင်းမှ ပယ်ဖျက်ပေးပြီး ခန္တီးမြို့ ဧရိယာနယ်နိမိတ်၊ ကျေးရွာများ၏ ဧရိယာနယ်နိမိတ်များ စနစ်တကျ သတ်မှတ် ပေးမည်ဆိုပါက ဒေသခံတိုင်းရင်းသား ပြည်သူများလယ်ယာမြေဖော်ထုတ်ခြင်း၊ ဥယျာဉ်ခြံ စိုက်ပျိုးခြင်းများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း၊

ရွှေသတ္တုထွက်ရှိသည့်နေရာများကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရ၏ အသေးစား လက်လုပ်လက်စား ရွှေလုပ်ကွက်များချထားပိုင်ခွင့်မှ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တရားဝင်လျှောက်ထားလုပ်ကိုင်စေနိုင်မည် ဖြစ်ပါကြောင်း၊ ထို့အပြင် မြို့မြေငှားဂရန်၊ ကျေးရွာမြေငှားဂရန်များကို ဥပဒေနှင့်အညီထုတ်ပေးနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်းရှိ ခန္တီးမြို့နှင့် ကျေးရွာအုပ်စု ကိုးအုပ်စုမှ ကျေးရွာများသည် ခန္တီးရတနာနယ်မြေအတွင်း ကျရောက်နေပါသဖြင့် ပြန်လည်စိစစ်၍ ရတနာနယ်မြေအဖြစ်မှ ပယ်ဖျက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်း ပါသည်။


ဖြေကြားသူ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ
အဖြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်းတည်ရှိသည့် မြေဧရိယာ ၇၄၄၃၂၀ ဧကကို ခန္တီးရတနာနယ်မြေအဖြစ်   ၁၈-၁၀-၂၀၀၁ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး သဘောတူညီချက်အရ ယခင်သတ္တုတွင်းဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာ အမှတ်(၈၉/၂၀၀၁) ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ ခန္တီးရတနာနယ်မြေ၏ မူလဧရိယာနှင့် ဓာတ်သတ္တုတူးဖော်ရန် ခွင့်ပြုထားခဲ့ပြီးဖြစ်သည့် ဧရိယာ ၂၀၀ ဧက နှင့် ရွှေပြည်သာ ကျေးရွာအုပ်စုအတွင်းရှိ မြကျွန်းသာ၊ ချောင်းသာ၊ လသာ၊ ရွှေပြည်သာစသည့် ကျေးရွာ လေးရွာ၏ စုစုပေါင်းမြေဧရိယာ ၉၉၁ ဧကကို (၉/၂၀၁၅) လုံခြုံရေး၊ တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ စုစုပေါင်းဧက ၁၁၉၁ ဧကကို ပယ်ဖျက်ခဲ့သည့်အတွက် လက်ရှိအကျယ်အဝန်းတွင် ၇၄၃၁၂၉ ဧက ကျန်ရှိ ကြောင်း၊

လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းသည့် မေးခွန်းတွင် ရတနာနယ်မြေအဖြစ်မှ ပယ်ဖျက် ပေးပါရန် ဖော်ပြထားသည်မှာ ခန္တီးမြို့နှင့် ကျေးရွာ အုပ်စု(၉)အုပ်စု ဖြစ်ကြောင်း၊ ခန္တီးမြို့ တွင် ပေါမိုင်း၊ မြို့မ၊ ဇီးဖြူကုန်း စသည့် ရပ်ကွက် (၃)ရပ်ကွက် ပါဝင်ပြီး ကျေးရွာ အုပ်စု(၉) အုပ်စုတွင် ရွာပေါင်း ၂၄ ရွာ ပါဝင်ကြောင်း၊ ခန္တီးမြို့တွင် မြို့စည်ပင်သာယာရေးနယ်နိမိတ် သတ်မှတ်ထားရှိပြီး ကျေးရွာအုပ်စု (၉)အုပ်စုတွင် ပါဝင်သည့် ရွာ ၂၄ ရွာ သည် ပြည်ထဲရေး အမည်ပေါက်ရွာများ ဖြစ်ကြောင်း၊ ယင်း ၂၄ ရွာအနက် ၁၉ ရွာသည် ရတနာနယ်မြေ အတွင်းကျရောက်ပြီး ကျန်ရွာငါးရွာတွင် ရတနာနယ်မြေအတွင်း ကျရောက်မှုမရှိကြောင်း၊ ရတနာနယ်မြေအတွင်း ကျရောက်သည့် ၁၉ ရွာအနက် နားနောက်ရွာတွင် လူနေအိမ်များ မရှိသည်ကို စိစစ်သိရှိရပြီး ဖောင်းဆိုင်ရွာ၊ မှန်ပင်ရွာ၊ ပဒူးမုံးရွာ၊ လင်းဖားရွာ၊ အရှေ့ ကောက်တောင်းရွာနှင့် ကောင်းဟိန်ရွာများအနီးတွင် ကျောက်မျက်ရတနာ လုပ်ကွက်များ ကို လုပ်ကိုင်ခွင့်ချထားပေးခဲ့ခြင်း ရှိကြောင်း၊ လက်ရှိတွင် ၎င်းလုပ်ကွက်များသည် သက် တမ်းကုန် လစ်လပ်လုပ်ကွက်များဖြစ်ပြီး ကျန်ကျေးရွာများအနီးတွင် ကျောက်မျက်ရတနာ လုပ်ကွက်ချထားပေးခြင်း မရှိကြောင်း၊

ခန္တီးမြို့သည် မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်သတ်မှတ်ထားရှိပြီး ဖြစ်သည့်အတွက် လည်းကောင်း၊ ကျေးရွာအုပ်စု(၉)အုပ်စုတွင် ရတနာနယ်မြေအတွင်း ကျရောက်သည် ၎င်း ၁၉ ရွာသည် ပြည်ထဲရေးအမည်ပေါက်ရွာများဖြစ်သည့်အတွက် ၎င်း မြို့/ရွာများကို ရတနာ နယ်မြေအဖြစ်မှ ပယ်ဖျက်ပေးသင့်သည်ကို စိစစ်တွေ့ရှိရကြောင်း၊ သို့ရာတွင် နားနောက် ကျေးရွာသည် ပြည်ထဲရေးအမည်ပေါက်ရွာဖြစ်သော်လည်း လူအများနေထိုင်မှုမရှိသည့် အတွက် ပြည်ထဲရေးအမည်ပေါက်ရွာအဖြစ်မှ ပယ်ဖျက်ပြီး ရတနာနယ်မြေအတွင်းသာ ဆက်လက်ထည့်သွင်းထားရှိသင့်သည်ကို စိစစ်တွေ့ရှိရကြောင်း၊ ၃၀-၁-၂၀၁၉ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည့် မြန်မာ့ကျောက်မျက်ရတနာဥပဒေပုဒ်မ ၅ တွင် ရတနာနယ်မြေအဖြစ်မှ ပယ်ဖျက်ခြင်းနှင့်ပတ်သက်ပြီး ဖော်ပြထားသည်ကို တွေ့ရှိရကြောင်း၊ ရတနာနယ်မြေအတွင်း ကျရောက်နေသည့် ခန္တီးမြို့နှင့် ရွာ ၁၈ ရွာတို့ကို ရတနာနယ်မြေအဖြစ်မှ ပယ်ဖျက်မည် ဆိုပါက သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့သည် မြန်မာ့ကျောက်မျက်ရတနာဥပဒေ ပုဒ်မ ၅ နှင့်အညီ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရယူခြင်းတို့ကို ဆက်လက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊

ထို့အပြင် ခန္တီးရတနာနယ်မြေနှင့် ထပ်နေသည့် ထမံသီဘေးမဲ့တော ဧရိယာ ၄၅၄၄၀ ဧက၊ ဟူးကောင်းချိုင့်ဝှမ်း (တိုးချဲ့) တိရစ္ဆာန်ဘေးမဲ့တော ဧရိယာ ၁၈၁၂၈၀ ဧက စုစုပေါင်း မြေဧရိယာ ၂၂၆၇၂၀ ဧကကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တောရိုင်းတိရစ္ဆာန်များ မျိုးတုံးပျောက်ကွယ်မှုမရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရေးတို့အတွက် ရတနာနယ်မြေ အဖြစ်မှ ပယ်ဖျက်နိုင်ရေးနှင့် ခန္တီးရတနာနယ်မြေအတွင်း ကျရောက်နေသည့် ခန္တီးမြို့နှင့် ကျေးရွာအုပ်စု၊ ကျေးရွာများကို ကျောက်မျက်ရတနာ ထွက်ရှိခြင်း ရှိ/မရှိ သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများက ကိုယ်စားလှယ်များစုဖွဲ့၍ ကွင်းဆင်းစစ်ဆေးပြီး ဧရိယာများ သတ်မှတ်ပြီး ပယ်ဖျက်သင့်ပါကြောင်းနှင့် ခန္တီးမြို့ဧရိယာ၊ ထမံသီဘေးမဲ့တော ဧရိယာ၊  ခန္တီးရတနာနယ်မြေ ဧရိယာနှင့် ဟူးကောင်းချိုင့်ဝှမ်း ဘေးမဲ့တော ဧရိယာများသည် နေရာများထပ်နေပြီး ရှုပ်ထွေးမှုများ ရှိနေသည့်အတွက် မြေအသုံးချမှုဆိုင်ရာ ကိစ္စရပ်များ စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဆက်စပ်ဝန်ကြီးဌာနများက ကိုယ်စား လှယ်များ ပါဝင်သည့်အဖွဲ့နှင့် ကွင်းဆင်းစိစစ်ပြီး တိတိကျကျနယ်မြေသတ်မှတ် ပေးနိုင်ရေးအတွက် ညှိနှိုင်းပေးပါရန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တင်ပြချက်အပေါ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၉-၅-၂၀၁၉ ရက်စွဲပါ သဘောထားပြန်ကြားပေးရန် အကြောင်းကြားခဲ့သည့် စာရှိကြောင်း၊ အဆိုပါ အကြောင်းကြားစာအပေါ်တွင် ဝန်ကြီးဌာန အနေဖြင့် ကန့်ကွက်ရန်မရှိကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ ၂၀-၆-၂၀၁၉ ရက်စွဲပါစာဖြင့် ပြန်လည်တင်ပြထားပြီးဖြစ်ကြောင်း၊

ထို့ကြောင့် ခန္တီးရတနာနယ်မြေနှင့် ထပ်နေသည့် ဘေးမဲ့တောဧရိယာများကို နယ်နိမိတ် တိတိကျကျ သတ်မှတ်နိုင်ရေးနှင့် ရတနာနယ်မြေအတွင်း ကျရောက်နေသည့် ခန္တီးမြို့နှင့် ကျေးရွာအုပ်စု၊ ကျေးရွာများကို ခန္တီးရတနာနယ်မြေမှ ပယ်ဖျက်နိုင်ရေးအတွက် ဆက်စပ် ဌာနများမှ ဝန်ထမ်းများပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ကို ၂၉-၇-၂၀၁၉ ရက်စွဲပါ ရုံးအမိန့်စာ အမှတ်(၁၆၂/၂၁၉)နှင့် ဖွဲ့စည်းပြီး ကွင်းဆင်းစိစစ်ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားပါသည်။