(ခ)-SIM Card မှတ်ပုံတင်ခြင်းကို နိုင်ငံသားမှတ်ပုံတင်မူရင်းဖြင်‌့လည်းကောင်း၊ Biometric စနစ်ဖြင်‌့သော် လည်းကောင်း မှတ်ပုံတင်ခြင်းပြုလုပ်မည်‌့ အစီအစဉ်ကိုသိလိုခြင်းနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၆.၈.၂၀၁၉)

 

SIM Card များကို မှတ်ပုံတင်သည့်အခါ မှတ်ပုံတင်မိတ္တူများဖြင့် SIM Card အမြောက်အမြားကို မှတ်ပုံတင်နေခြင်း၊ နံပါတ်များကိုရှေ့၊ နောက်လွဲပြီး မှတ်ပုံတင်ထားခြင်း၊ SIM Card များကို အလကားပေးဝေခြင်း၊ အဆမတန်လျှော့ရောင်းခြင်းတို့ဖြင့် တည်ဆဲဥပဒေကိုချိုးဖောက်နေသည့် အတွက် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ SIM Card များကိုမှတ်ပုံတင်သည့်အခါ စနစ်တကျ မူရင်း အတိုင်းမတင်သည့်အတွက် Reject ဖြစ်ခြင်းများစွာ ရှိပါကြောင်း၊ Rejection ဖြစ်ရသည့် အကြောင်းအရင်း အများဆုံး ၆၇ ရာခိုင်နှုန်းသည် နိုင်ငံသားကဒ်တစ်ခုတည်းဖြင့် SIM Card အ‌မြောက်အမြားကို   မှတ်ပုံတင်ထားသည့်အတွက် ဖြစ်ပါကြောင်း၊ လက်ရှိ ၂၀၁၆ ခုနှစ် ကတည်း က SIM Card များကို မှတ်ပုံတင်ရန်အတွက် ညွှန်ကြားထားသော်လည်း မှတ်ပုံတင်မိတ္တူများဖြင့် သို့မဟုတ် မသမာသည့်နည်းများဖြင့် ရှေ့၊ နောက်များလွဲပြီး တင်လာသည့်အခါမျိုးတွင် တကယ် Approved ဖြစ်သည်က ၁၁ ရာခိုင်နှုန်းခန့်သာရှိပါကြောင်း၊ ကျန်သည့် ၈၉ ရာခိုင်နှုန်းကလည်း ဈေးကွက်ထဲတွင် အသုံးပြုခွင်‌့ရနေခြင်း ဖြစ်ပါကြောင်း၊ မိမိ၏မှတ်ပုံတင်နံပါတ်ဖြင့် အခြား တစ်ယောက်က တစ်လွဲသုံးမည်ဆိုပါက တရားဥပဒေစိုးမိုးရေးအတွက် အလွန်အန္တရာယ်များသော အခြေအနေ ဖြစ်ပါကြောင်း၊

ဆက်သွယ်ရေးဥပဒေ၏ အခန်း(၁၁) တွင် ပြိုင်ဆိုင်မှုကိုဆန့်ကျင်သည့် လုပ်ဆောင်ချက်များကို တားမြစ်ခြင်း အခန်းတွင် ပုဒ်မ ၃၅၊ ၃၆ တို့တွင် လုပ်ငန်းလိုင်စင်ရရှိထားသူသည် ဆက်သွယ်ရေး ဈေးကွက်အတွင်း လွတ်လပ်စွာပြိုင်ဆိုင်မှုသဘောသဘာဝကို ပျက်ပြားစေသည်‌့ မည်သည်‌့ လုပ် ဆောင်ချက်ကိုမျှ ပြုလုပ်ခြင်းမပြုရဆိုပြီး တားမြစ်ထားသော်လည်း ဈေးကွက်ထဲတွင် SIM Card သုံးကဒ်ကို ၁၀၀၀ ဖြင့် 1 MB အလကားပေးပြီး ရောင်းနေခြင်းများက ၎င်းဥပဒေများကို ပြောင်လှောင်နေသည်ဟု ခံစားရပါကြောင်း၊ SIM Card များကို ဈေးကွက်ထဲတွင် ပေါပေါသီသီ ဝယ်၍ရနေခြင်းများသည် တရားဥပဒေစိုးမိုးရေးကိုပါ ထိခိုက်လာပါကြောင်း၊ တရားဝင်မှတ်ပုံတင် ထားသော SIM Card များမဟုတ်ဘဲ SIM Card အသုံးပြုပြီး တယ်လီဖုန်းဖြင်‌့ ခြိမ်းခြောက်ခြင်း၊ အနိုင်ကျင်‌့ခြင်း၊ ငွေညှစ်ခြင်း၊ လိမ်လည်ခြင်းတို့ လူမှုရေးပြဿနာများ ရနိုင်ပါကြောင်း၊ နိုင်ငံတော် လုံခြုံရေးထိအောင်၊ အကြမ်းဖက်မှုများအထိအောင် ဖြစ်ပေါ်လာနိုင်ပါကြောင်း၊ အမုန်းစကား ဖြန့်ဝေခြင်းများ၊ မိုဘိုင်းဖုန်းမှတစ်ဆင်‌့ ငွေပေးချေရာတွင် မသမာမှုပြုလုပ်ရန်အတွက် လွယ်ကူ လာခြင်းများ၊ လူမှုကွန်ရက်ပေါ်တွင် Cyber Bullying ပြုလုပ်ခံရခြင်း၊ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်ပေါ်သည့်အခါ အစိုးရလှုပ်ရှားမှုလှုံ့ဆော်ရေးသားမှုများကို ထောက်လှမ်းခြေရာခံသည့် အခါမှာ အခက်အခဲများစွာဖြစ်ပေါ်မည် ဖြစ်ပါကြောင်း၊

သို့သော် နိုင်ငံသားများ၏ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကိုအကာအကွယ်ပေးရေးဥပဒေ များလည်း ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ ဥပဒေများအတိုင်း Privacy ချိုးဖောက်မှုမရှိအောင် ကာကွယ်ပေးရမည် ဖြစ်ပါကြောင်း၊ အခန်း(၄) တားမြစ်ချက်တွင် ပုဒ်မ ၈(ခ) တွင် နိုင်ငံသား တစ်ဦး၏ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကိုအနှောင်‌့အယှက်ဖြစ်စေသော လူ့ဂုဏ်သိက္ခာ ကိုထိခိုက်စေသော နောက်ယောင်ခံခြင်း၊ စုံထောက်ခြင်း၊ စုံစမ်းခြင်းမပြုရဟူ၍ ဥပဒေဖြင့် ခိုင်ခိုင်မာမာပြဋ္ဌာန်းထားပြီး ဖြစ်ပါကြောင်း၊ သို့သော် ဖိနပ်နှင့်မတော်၍ ဖနောင်‌့ဖြတ်လိုက်သည့် စီမံခန့်ခွဲမှုမျိုးမဖြစ်ရန် အထူးမေတ္တာရပ်ခံအပ်လိုပါကြောင်း၊ ဝယ်ယူထားပြီးသား SIM Card များကို ပယ်ဖျက်ရာတွင် အသုံးပြုနေသောပြည်သူများ အဆင်ပြေရေးကို အလေးထားဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ Mobile Router များကဲ့သို့ဖြစ်ပါကြောင်း၊ SIM Card များကို အင်တာနက် အသုံးပြုခြင်းများ၊ GPS များ၊ CCTV များကဲ့သို့သော  အင်တာနက်အခြေခံထားသော IOT ပစ္စည်းများမှာ Mobile SIM Card များဖြင့်ချိတ်ဆက်ပြီး အသုံးပြုနေသူများ၊ SIM Card များစွာဝယ်ယူထားပြီး ဖြစ်နေပါကလည်း မည်သည့်နံပါတ်များကိုပယ်ဖျက်မည်နည်းဆိုပြီးမှန်မှန် ကန်ကန်အသုံးပြုနေသော ဝယ်ယူသုံးစွဲသူပြည်သူများနှင့် အရောင်းဆိုင်များကို ထိခိုက်မှု အနည်းဆုံးဖြစ်ရန်အတွက် ဖြေရှင်းပေးရန်လိုအပ်မည်ဖြစ်ပါကြောင်း၊

နိုင်ငံတကာတွင် ဖုန်းဝယ်ပါက မှတ်ပုံတင်ခဲ့ရသော်လည်း မြန်မာနိုင်ငံတွင် မှတ်ပုံမတင်ဘဲ လက်ကိုင်ဖုန်းများကို အလွယ်တကူဝယ်ယူအသုံးပြုခွင်‌့ရခဲ့ပါကြောင်း၊ SIM Card မျိုးစုံကို လွယ်လွယ်ကူကူ၊ ပေါပေါများများအသုံးပြုလာသော၊ အင်တာနက်များအသုံးပြုခွင်‌့ရလာသည့်အခါ စီးပွားရေး၊ လူမှုရေး၊ ပညာရေးတွင် ကောင်းစွာအကျိုးဖြစ်ထွန်းခဲ့ပါကြောင်း၊ သို့သော် ဘေးထွက် ဆိုးကျိုးများအနေဖြင့် ပုဂ္ဂိုလ်ရေးနှောင်‌့ယှက်ခြင်းမှစပြီး ကြီးမားသောရာဇဝတ်မှုမျိုးများ ကျူးလွန် နိုင်ရန်အတွက် အလွယ်တကူဖြစ်လာသည့်အခါ ၎င်း SIM Card များကို မှတ်ပုံတင်ထားခြင်းမရှိ ပါက ထိန်းချုပ်ရန်ခက်ခဲမည် ဖြစ်ပါကြောင်း၊ ယခုအခါ နိုင်ငံတော်အစိုးရအနေဖြင့်လည်း e-Government အကောင်အထည်ဖော်ရန် Data Center များ တည်ဆောက်ရန်၊ EIT စနစ်များအကောင်အထည်ဖော်နေပြီ ဖြစ်သည့်အတွက် အဆိုပါ SIM Card များ မှတ်ပုံတင် သည့်အခါတွင်လည်း မှတ်ပုံတင်မူရင်းဖြင်‌့သော်လည်းကောင်း၊ Biometric နည်းဖြင်‌့သော် လည်းကောင်း  စနစ်တကျမှတ်ပုံတင်သော၊ ဆောင်ရွက်ထားသည့်အခြေအနေများ သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးနှင်‌့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး
အဖြေ

ပို့ဆောင်ရေးနှင်‌့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဆက်သွယ်ရေးဈေးကွက်ယှဉ်ပြိုင်မှု စတင်သည့်အချိန် ၂၀၁၄ ခုနှစ်ကတည်းက SIM Card များကို မှတ်ပုံတင်ပြုလုပ်ပြီး ရောင်းချနိုင်ရေးအတွက် ဆောင်ရွက်စေခဲ့သော်လည်း SIM Card အများစုသည် အချက်အလက်ပြည်‌့စုံစွာဖြင်‌့ စနစ်တကျမှတ်ပုံတင်ထားမှုမရှိကြောင်း စိစစ် တွေ့ရှိခဲ့ရပါကြောင်း၊

သို့ဖြစ်ပါ၍ ၂၀၁၆ ခုနှစ် သြဂုတ်လကစတင်ပြီး SIM Card မှတ်ပုံတင်ခြင်းကို သတ်မှတ်ထားသော မှတ်ပုံတင် ID မိတ္တူတို့ဖြင့် အချက်အလက်များဖြည့်စွက်ပြီး ၃၁-၃-၂၀၁၇ ရက်နေ့ နောက်ဆုံး ထားပြီး မဖြစ်မနေပြုလုပ်ရန်လိုအပ်ပါကြောင်း၊ စနစ်တကျမှတ်ပုံတင်သုံးစွဲခြင်းမရှိသော SIM Card များကို ယာယီပိတ်သိမ်းသွားမည်ဖြစ်ကြောင်းကို အများပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှ‌ိ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းကြေညာခြင်း၊ ရုပ်မြင်သံကြား အစီအစဉ်များတွင် တိုက်တွန်းနှိုးဆော်အသိပေးခြင်း၊ ပို့ဆောင်ရေးနှင်‌့ ဆက်သွယ်ရေးဝန်ကြီး ဌာန၏ အင်တာနက်စာမျက်နှာမှတစ်ဆင်‌့ အသိပေးခြင်း၊ သက်ဆိုင်ရာအော်ပရေတာများက မိုဘိုင်းတယ်လီဖုန်းအသုံးပြုသူများကို Short Message Service (SMS) ဖြင်‌့အသိပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ၃၁-၃-၂၀၁၇ ရက်နေ့အထိ စနစ်တကျမှတ်ပုံတင်ထားခြင်းမရှိခဲ့သော SIM Card စုစုပေါင်း ၈.၆၈ သန်းခန့်ကို ယာယီပိတ်သိမ်းခဲ့ပါကြောင်း၊ ယာယီပိတ်သိမ်းထားသော အဆိုပါ SIM Card များကို ဆက်လက်ပြီးမှတ်ပုံတင်ရန်အတွက် နောက်ထပ်(၃)လခွင်‌့ပြုခဲ့ရာ သတ်မှတ်ကာလကုန်ဆုံးသော  ၁-၇-၂၀၁၇ ရက်နေ့အထိ စနစ်တကျမှတ်ပုံတင်ထားခြင်းမရှိသည့် SIM Card စုစုပေါင်း ၆.၆ သန်းကို  အပြီးပိတ်သိမ်းခဲ့ပါကြောင်း၊

SIM Card မှတ်ပုံတင်ခြင်းကို လွယ်ကူလျင်မြန်စွာဆောင်ရွက်နိုင်ရေးအတွက် Mobile Application များမှသော်လည်းကောင်း၊ Website များမှသော်လည်းကောင်း၊ လက်လီအရောင်းဆိုင်များ၊ ဆက်သွယ်ရေးရုံးများ၊ ဘဏ်များ၊ အများပြည်သူများနှင်‌့ဆိုင်သော ဈေးများတွင်ဆောင်ရွက်ခဲ့ရာ အချက်အလက်ပြည့်စုံသော်လည်း နိုင်ငံသားစိစစ်ရေးကဒ်တစ်ခု (သို့) ID တစ်ခုဖြင်‌့ SIM Card များစွာကို မှတ်ပုံတင်ဆောင်ရွက်ခဲ့မှုများရှိခဲ့ကြောင်း စိစစ်တွေ့ရှိခဲ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ SIM Card ရောင်းချမှုများနှင့်စပ်လျဉ်းပြီး ID တစ်ခုဖြင့် အော်ပရေတာတစ်ဦးထံမှ အများဆုံး SIM Card နှစ်ခုသာဝယ်ယူမှတ်ပုံတင်နိုင်ရေးအတွက် အသိပေးနှိုးဆော်ချက်အား နိုင်ငံပိုင်သတင်းစာများတွင်        ၂၃-၃-၂၀၁၉ ရက်နေ့တွင် အသိပေးဖော်ပြခဲ့ပြီး ၁-၄-၂၀၁၉ ရက်နေ့နောက်ပိုင်းတွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတကာတွင်လည်း  ID တစ်ခုဖြင့် မှတ်ပုံတင် နိုင်သော SIM Card အရေအတွက်ကို သတ်မှတ်ထားရှိချက်များရှိကြောင်းလည်း လေ့လာသိရှိ ခဲ့ရပါကြောင်း၊

လက်ရှိအခြေအနေတွင် မှတ်ပုံတင်ထားသော တယ်လီဖုန်းသုံးစွဲသူများ၏အချက်အလက်များကို သက်ဆိုင်ရာအော်ပရေတာအလိုက် သီးခြားစီသိမ်းဆည်းထားရှိပါကြောင်း၊ သီးခြားစီမှတ်ပုံတင် ထားသည့်အတွက် ID တစ်ခုဖြင့် SIM Card စုစုပေါင်း မည်မျှထိ မှတ်ပုံတင်ထားခြင်းရှိ/မရှိကို စိစစ်ရန်ခက်ခဲခြင်း၊ ID မှန်ကန်မှုရှိ/မရှိစိစစ်ရန် ခက်ခဲခြင်းတို့ကြောင်‌့ Biometric အချက်အလက် များကိုအသုံးပြုပြီး Verification လုပ်နိုင်ပြီး မိုဘိုင်းအော်ပရေတာများအားလုံး၏ သုံးစွဲသူ အချက်အလက်များကို တစ်စုတစ်စုတည်းသိမ်းဆည်းထားနိုင်သော Common Data Base စနစ်တစ်ခုတည်ဆောက်ရန် လိုအပ်လာပါကြောင်း၊ သို့ပါ၍ အဆိုပါ စနစ်တည်ဆောက်နိုင်ရေး အတွက် ပို့ဆောင်ရေးနှင်‌့ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူးကဦး‌ဆောင်ပြီး မိုဘိုင်းအော်ပရေတာ၏ ကိုယ်စားလှယ်များက အဖွဲ့ဝင်အဖြစ် ပါဝင်သော Joint Working Group ကို ၃-၅-၂၀၁၉ ရက်နေ့တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ Common Data Base စနစ်တည်ဆောက်ရာတွင် တင်ဒါခေါ်ယူနိုင်ရေးအတွက် Request for Proposal  ပြုစုရေးဆွဲဆောင်ရွက်လျက် ရှိပါကြောင်း၊ SIM Card မှတ်ပုံတင်ခြင်းကို Biometric အပါအဝင် သတ်မှတ်ထားသောအချက်အလက်များဖြင်‌့  စတင်ဆောင်ရွက်နိုင်ရန် Common Data Base စနစ်ကို ၂၀၂၀ ခုနှစ် ဇွန်လမကုန်မီ ပြီးစီးအောင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ Common Data Base စနစ်ဖြင်‌့ SIM Card အသစ်ဝယ်ယူသူများကို မှတ်ပုံတင်ခြင်းစတင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုလက်ရှိသုံးစွဲနေသော မှတ်ပုံတင်ထားသည့် SIM Card အားလုံးကိုလည်း အချိန်ကာလတစ်ခုသတ်မှတ်ပြီး Biometric စနစ်ဖြင့် ပြန်လည်မှတ်ပုံတင်ခြင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အဆိုပါ Common Data Base စနစ်ကို တည်ဆောက်ပြီး SIM Card များကို Biometric ဖြင့် အချက်အလက်မှန်ကန်စွာ မှတ်ပုံတင် ထားခြင်းအားဖြင်‌့ မိုဘိုင်းဖုန်းအသုံးပြုသူများသည် Mobile Banking၊ Mobile Money၊ Mobile Payment၊ Online Shopping အစရှိသော Online ဝန်ဆောင်မှုများကို လုံခြုံစိတ်ချစွာ အသုံးပြုလာနိုင်မည်ဖြစ်ပြီး အများပြည်သူလုံခြုံရေးကိုလည်း ထိရောက်စွာအကာအကွယ် ပေးနိုင် မည်ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း ဖြေကြား ပါသည်။

ဒေါ်အေးမြမြမျိုး(ကျောက်တန်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပိတ်သိမ်းခဲ့သည်က ၈.၆၈ သန်းနှင့် အပြီးပိတ်သိမ်းသည်က ၆.၆ သန်းဟုပြောပါကြောင်း၊ လတ်တလောအခြေအနေသည် မိမိတို့ကိုင်ထားသော မှတ်ပုံတင်နံပါတ်ဖြင့် အခြားသူတစ် ယောက်က တစ်လွဲလုပ်သည့်အခါတွင် များစွာစိုးရိမ်စရာရှိပါကြောင်း၊ အချိန်ယူပြီးလုပ်ရမည်ကို နားလည်သော်လည်း ထိုကဲ့သို့မဖြစ်ရန် ကာကွယ်ပေးရန်လိုအပ်ပါကြောင်း၊ ၆၆ သန်းကို အပြီးပိတ်သိမ်းခဲ့သည်ဟုပြောပါကြောင်း၊ တကယ်တမ်းတွင် ပေါပေါသီသီအလကားရ၍ပဲဖြစ်ဖြစ်၊ ပရိုမိုးရှင်းများရ၍ပဲဖြစ်ဖြစ်ဝယ်ပြီး လက်ထဲတွင်ကဒ်များကိုင်ထား၊ ဈေးပေါပေါဖြင့်ဝယ်ယူထား သည့် ကဒ်များကပိတ်သိမ်းလိုက်သည့်အခါ  မိမိတို့စားသုံးသူသာနစ်နာရပါကြောင်း၊ ပိတ်သိမ်း လိုက်သည့် SIM Card များက ဈေးကွက်တွင်ရှိနေပါကြောင်း၊ အော်ပရေတာများက ဆက်လက်ပြီးရောင်းချသည့်အခါ အော်ပရေတာသာအကျိုးအမြတ်ရပြီး စားသုံးသူအနေဖြင့် အန္တရာယ်လည်း ဖြစ်စေ၊ နစ်နာမှုလည်းဖြစ်စေပါကြောင်း၊ ထိုကဲ့သို့သောကိစ္စမျိုးများအတွက် ဝန်ကြီးဌာနအနေဖြင့် လတ်တလောမည်ကဲ့သို့စီစဉ်မည်ကို သိလိုပါကြောင်း၊ Biometric နည်းများဖြင့် စနစ်တကျလုပ်သည့်အခါ ပြည်သူမထိခိုက်ရန်နှင့် နစ်နာမှုအနည်းဆုံးနည်းဖြင့် လုပ်ရ မည်ဖြစ်သည့်အတွက် အချိန်ယူရန်လိုအပ်သည်ကိုလည်း နားလည်သော်လည်း အဆိုပါကိစ္စမျိုး များကိုလတ်တလောဖြေရှင်းရန် လိုအပ်သည်ဟုယူဆသည့်အတွက် မည်ကဲ့သို့ဖြေရှင်းထားသည် ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ပို့ဆောင်ရေးနှင်‌့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး

သက်ဆိုင်ရာအော်ပရေတာများကို SIM Card များမှတ်ပုံတင်ရန်အတွက် လိုအပ်သော အချက်အလက်များဖြင့် ဥပမာ နာမည်အပြည့်အစုံပါရမည်၊ လိပ်စာအပြည့်အစုံပါရမည်၊ ID နံပါတ်ပါရမည်၊ ID ဆိုရာတွင် နိုင်ငံသားကတ်ပြား၊ Passport၊ ယာဉ်မောင်းလိုင်စင်၊ တက္ကသိုလ် ကျောင်းသားကတ်ပြားစသည်များ ပါပါကြောင်း၊ မွေးရက်၊ မွေးနေ့၊ မွေးဌာနေပါ ပါကြောင်း၊ ကျား/မခွဲပြီး မှတ်ပုံတင်ခိုင်းပါကြောင်း၊ သို့သော် တကယ်ပြဿနာဖြစ်နေသည်က လက်လီ အရောင်းဆိုင်၊ တစ်ဆင်‌့ရောင်းသည့်ဆိုင်များလည်းရှိပါကြောင်း၊ အဆိုပါဆိုင်များတွင် မှတ်ပုံတင် မူရင်းပြမည်၊ မိတ္တူပါမည်၊ မှတ်ပုံတင်လုပ်မည် တရားဝင်မိမိနာမည်နှင့်မှတ်ပုံတင်က ကဒ်တစ် ကဒ်သာဝယ်ယူသေ်ာလည်း သက်ဆိုင်ရာဆိုင်က အကြောင်းကြောင်းကြောင်‌့ မသမာမှုလုပ်ပြီး မိမိမှတ်ပုံတင်မိတ္တူကို အများကြီးပွားပြီး အများကြီး Copy လုပ်လိုက်ပါကြောင်း၊ Register လုပ်ပြီးသားဆိုပြီး ကျန်သည့်လူကိုရောင်းပါက  မိမိနာမည်နှင့် ဖြစ်သွားခြင်းများရှိပါကြောင်း၊ ၎င်းတို့ကိုတွေ့တိုင်း အရေးယူနေပါကြောင်း၊ Biometric စနစ်မဖြစ်မချင်း အလွန်ထိန်းသိမ်း ရခက်ပါကြောင်း၊ Check လုပ်ပြီး အရေးယူခြင်းများရှိမည် ဖြစ်ပါကြောင်း၊  အလကားပေးပြီး ပြိုင်ဆိုင်မှုကိုဆန့်ကျင်သော Competition Laws နှင့် ငြိနေသည့်ကိစ္စများ ရှိပါကြောင်း၊ Facebook ၊ Website များတွင်လည်း သိပြီးသားဖြစ်ပါကြောင်း၊ အလကားပေးခွင်‌့မရှိပါကြောင်း၊ ဥပဒေ ကလည်း တန်ဖိုးရှိသည်ကို အလကားပေးခွင်‌့မရှိပါကြောင်း၊ သေချာစစ်ဆေးပါကြောင်း၊ ဥပဒေအရ စနစ်တကျ ၎င်းတို့ကိုရှင်းလင်းခွင်‌့ပေးပါကြောင်း၊ သက်ဆိုင်ရာအော်ပရေတာများက ကိုယ်တိုင် မည်သို့မျှငြင်း၍မရပါကြောင်း၊ လက်လီရောင်းသည့်ဆိုင်က သီးခြားရောင်းခြင်း၊ ၎င်းတို့သဘောဖြင့် ၎င်းတို့ရောင်းခြင်းကို ၎င်းတို့တာဝန်မယူသည်က တစ်ပိုင်းဖြစ်သော်လည်း Brand Shortcut အတွက် သေချာစိစစ်ပါကြောင်း၊ ၎င်းတို့ကိုဖြေရှင်းခွင်‌့ပေးပါကြောင်း၊ နောက်ဆုံး သန်း ၃၀၀ ဒဏ်ရိုက်ပါကြောင်း၊ လိုင်စင်ပါပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ပါက ပြီးခဲ့သည့်နှစ်ဝင်ငွေ၏ ၅ ရာခိုင်နှုန်းအထိ အများဆုံးဒဏ်ရိုက်နိုင်သည့်အတွက် ဖြစ်ပါကြောင်း၊ အမှန်တကယ် အားလုံးကို စနစ်တကျဖြင့် လုံလုံခြုံခြုံနိုင်ငံတော်လုံခြုံရေးအတွက်၊ သုံးစွဲသူလုံခြုံရေးအတွက်ပါ Biometric စနစ်ပြီးမှသာ တကယ်စိတ်ချရမည်ဖြစ်ပါကြောင်း၊ ယခုအချိန်လည်း မှတ်ပုံတင်မူရင်းဖြင့် မည်သို့ သွားလုပ်လုပ် သက်ဆိုင်ရာကို လမ်းဘေးဆိုင်များက မှတ်ပုံတင်ပေးမည် သို့သော် မိမိတင်ပြသလို အမျိုးမျိုးလုပ်နိုင်သည့်အတွက် ထိန်းသိမ်းရခက်ပါကြောင်း၊ မိမိတို့ကလည်း စစ်ဆေးအရေးယူခြင်း များသာ လုပ်နိုင်ပါကြောင်း၊ Biometric စနစ်ကို လာမည့် ဇွန်လမတိုင်မီပြီးအောင်လုပ်မည် ဖြစ်ပါကြောင်း၊ အတတ်နိုင်ဆုံး စောစောပြီးအောင်လုပ်မည် ဖြစ်ပါကြောင်း၊ ကျန်သည့်လက်ရှိဖုန်း အပါအဝင် လူအားလုံးကိုပါ Biometric ဖြင့် လုပ်ရန်ဖြစ်ပါကြောင်း၊ ပညာပေးပြီး သက်ဆိုင်ရာ ပြည်သူလူထုအားလုံး လက်ရှိသုံးနေသည်က SIM Card သန်း ၆၀ ကျော် ရှိပါကြောင်း၊ လူအားလုံးဖြင့် Biometric စနစ်လုပ်ရန်အတွက် ပြည်သူလူထုကို ပညာပေးပြီး အမြန်ဆုံး လုပ်ကိုင်မည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။