ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်သည် ဝေးလံပြီးလမ်းပန်းဆက်သွယ်ရေးခက်ခဲသော၊ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသော မြို့တစ်မြို့လည်းဖြစ်ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၇-၇-၁၉၇၂ ခုနှစ် ရက်စွဲပါအမိန့်အရ မြို့နယ်အဖြစ် သတ်မှတ်ဖွဲ့စည်းခွင့်ရသည့်မြို့လည်း ဖြစ်ပါကြောင်း၊ မြို့နယ်တစ်ခုလုံး ဧရိယာ ၉၅၀ စတုရန်းမိုင်ကျယ်ဝန်းပြီး တိုင်းရင်းသားလူမျိုးများ အများစုနေထိုင် ကြပါကြောင်း၊ မြို့နယ်သည် ယခင်ကလက်နက်ကိုင်အဖွဲ့အစည်းများလှုပ်ရှားမှုရှိခဲ့သောဒေသ ဖြစ်ပြီး ငြိမ်းချမ်းရေးကို အပြည့်အဝမခံစားရသောမြို့တစ်မြို့ဖြစ်ခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှုလည်း နောက် ကျကျန်ရစ်ခဲ့ရပါကြောင်း၊ ယခုအခါ မိမိတို့မြို့နယ်တွင်စတင်ပြီးအထိုက်အလျောက် ဖွံ့ဖြိုးတိုးတက် လာပြီး ဌာနဆိုင်ရာဦးစီးဌာနရုံးများလည်း တိုးချဲ့လျက်ရှိပါသဖြင့် ဝန်ထမ်းဦးရေလည်း အများအပြားတိုးတက်လာခဲ့ပါကြောင်း၊
ထို့ကြောင့် မိမိတို့မြို့နယ်ကို မြို့နယ်ဦးစီးဌာနဆိုင်ရာအသီးသီးတွင် တာဝန်ထမ်းဆောင်ရန် ပြည်မနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များတွင် ရောက်ရှိလာကြသောဝန်ထမ်းများအတွက် ယခုအခါ အများစုသည် ဝန်ထမ်းအိမ်ရာများမရရှိသည့်အတွက် ပြင်ပတွင်အိမ်ငှားစရိတ်ကြီးမြင့် စွာဖြင့် နေထိုင်နေကြရပါကြောင်း၊ ယခုအခါ မိုင်းပန်မြို့အရှေ့ရပ်ကွက်တွင်ယခင်က မိုင်းပန်မြို့ အထက်တန်းကျောင်းဟောင်းမြေနေရာသည် မြေဧရိယာ သုံးဧကခန့်ကျယ်ဝန်းပြီး မြို့မြေအဖြစ် အမည်ပေါက်ကျန်ရှိလျက်ရှိပါကြောင်း၊ ၎င်းကျောင်းဟောင်းမြေနေရာတွင် ကျောင်းဆောင်ဟောင်း မှလွဲပြီး အခြားမည်သည့်အဆောက်အဦမျှဆောက်လုပ်ခဲ့ခြင်း မရှိပါကြောင်း၊ အဆိုပါမြေနေရာတွင် နိုင်ငံ့ဝန်ထမ်းများအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊မြို့ပြနှင့်ဖွံ့ဖြိုးရေးဦးစီးဌာန၏ လေးခန်းတွဲ လေးထပ်ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးမည်ဆိုပါက ဝန်ထမ်းများ၏နေထိုင်မှုအခက်အခဲကို ကူညီဖြေရှင်းပေးရာရောက်မည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်လုပ်ငန်းဆောင်တာ များကိုလည်း ပိုမိုကြိုးစားစေတနာထားဆောင်ရွက်ကာ ဒေသအကျိုးကို ပိုမိုသယ်ပိုးဆောင်ရွက် နိုင်မည် ဖြစ်သောကြောင့် မိမိတို့ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ၂၀၁၆-၁၇၊ ၂၀၁၇-၁၈၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်များမှ အခြားမြို့နယ်များအသီးသီးတွင် နိုင်ငံ့ဝန်ထမ်းများအတွက် အိမ်ရာများ ဆောက်လုပ်ပေးခဲ့သည်ကို တွေ့ရှိရသော်လည်း မိမိတို့မြို့နယ်မပါဝင်ခဲ့ပါကြောင်း၊
သို့ဖြစ်ပါ၍ ဆောက်လုပ်ရေးဝန်ကြီးဌာနကို မေးမြန်းလိုသည်မှာ မိုင်းပန်မြို့နယ်ရှိ မြို့နယ်ဦးစီး ဌာနရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသောနိုင်ငံ့ဝန်ထမ်းများ၏ နေထိုင်မှုအခက်အခဲ ဖြစ်ပေါ်နေမှုကို ဖြေရှင်းပေးနိုင်ရန်အတွက် လေးခန်းတွဲလေးထပ်ဝန်ထမ်းအိမ်ရာနှစ်လုံးအား ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ်အတွင်းရှိ မြို့ပေါင်း ၅၅ မြို့တွင် ဌာနပေါင်းစုံဝန်ထမ်းများနေထိုင်ရေး အဆင်ပြေ စေရန်အတွက် ဝန်ထမ်းအိမ်ရာများတည်ဆောက်လျက်ရှိရာ ဝန်ထမ်းအိမ်ရာအဝန်းအဝိုင်းဖြင့် နေထိုင်နိုင်သောမြို့ပေါင်း ၁၇ မြို့ကိုသာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ သီးခြားအစီအစဉ်ဖြင့် ဌာန အလိုက်ဝန်ထမ်းအိမ်ရာများရှိနေသော်လည်း ဌာနအားလုံးမှဝန်ထမ်းများအတွက် လွှမ်းခြုံ ဆောင်ရွက်နိုင်ခြင်းမရှိသေးပါကြောင်း၊ ဝန်ထမ်း(အငှား) အိမ်ရာများ တည်ဆောက်ရာတွင်လည်း နှစ်အလိုက်ခွင့်ပြုရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောက်လုပ်လျက်ရှိပြီး ပြည်နယ်မြို့များ၊ နယ်စပ် မြို့များ၊ ခရိုင်မြို့များ၊ ဝန်ထမ်းဦးရေများသောမြို့များတွင် ဦးစားပေးဆောင်ရွက်ပြီး ရှမ်းပြည်နယ် တစ်ခုလုံးရှိ မြို့နယ်များအားလုံးကို တည်ဆောက်ပေးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုအချိန်ထိ ဝန်ထမ်း(အငှား)အိမ်ရာတည်ဆောက်ပြီး မြို့များမှာ တောင်ကြီး၊ ဟိုပုန်း၊ ပင်းတယ၊ လွိုင်လင်၊ လင်းခေး၊ ဆီဆိုင်၊ ရွာငံ၊ လားရှိုး၊ နမ့်ဆန်၊ လောက်ကိုင်၊ ဟိုပန်၊ ကျောက်မဲ၊ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်မြို့တို့တွင် ဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း၊
ဝန်ထမ်းအိမ်ရာများတည်ဆောက်ရန်အတွက် မြေနေရာအခမဲ့ရရှိရန်နှင့် လျှပ်စစ်မီး၊ ရေရရှိရေး၊ အိမ်ရာလုံခြုံရေး၊ သွားလာရေးအဆင်ပြေသည့်နေရာဖြစ်ပြီး ဝန်ထမ်းအိမ်ရာလေးခန်းတွဲ လေးထပ် သုံးလုံးတည်ဆောက်နိုင်ရန်အတွက် မြေတစ်ဧကခန့် လိုအပ်ပါကြောင်း၊ နှစ်အလိုက် ရန်ပုံငွေ ရရှိမှုအပေါ်တွင် အိမ်ရာလိုအပ်ချက်များပြားသည့် မြို့အပေါ်မူတည်၍ ဝန်ထမ်းအိမ်ရာများကို ဦးစားပေးတည်ဆောက်ပေးလျက်ရှိပြီး ရန်ပုံငွေပိုမိုရရှိပါကအိမ်ရာမရှိသေးသောမြို့များအား ပိုမို တိုးချဲ့ဆောက်လုပ်ပေးနိုင်မည် ဖြစ်ပါကြောင်း၊
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့် ဝန်ထမ်းအိမ်ရာတည်ဆောက်ရန်အတွက် မြေနေရာရရှိထားခြင်းမရှိသေး ပါသဖြင့် ဝန်ထမ်းအိမ်ရာဌာနပိုင်အမည်ပေါက် မြေနေရာရရှိရေး ပထမဦးစားပေးဆောင်ရွက်ရမည် ဖြစ်ကာ မြေနေရာရရှိပြီးမှသာ ဒုတိယအဆင့်ရန်ပုံငွေတောင်းခံခြင်းဆောင်ရွက်ရမည်ဖြစ်ပြီး ရန်ပုံ ငွေခွဲဝေရရှိမှုပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြား ပါသည်။
