စစ်တွေမြို့သည် ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲ နောက်ပိုင်းတွင် ဗြိတိသျှနယ်ချဲ့အင်္ဂလိပ်များ တည်သည့်မြို့ဖြစ်ပါကြောင်း၊ ထို့ကြောင့် အနောက်ဘက်နယ်ခြားတွင် ပြဿနာဖြစ်ပြီး အရှေ့ အိန္ဒိယကုမ္ပဏီက တပ်များသည် မြန်မာနိုင်ငံကိုဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ ၁၈၂၄ ခုနှစ်တွင်စစ်နိုင်သော ဗမာပဒေသရာဇ်မင်းများ အုပ်စိုးသော ရခိုင်များသည် အင်္ဂလိပ်နယ်ချဲ့လက်ထဲကို ရောက်သွားပါကြောင်း၊ စစ်တွေပေါ်လာပါကြောင်း၊ ထို့ကြောင့် အင်္ဂလိပ်ခေတ်တစ်လျှောက်လုံးတွင် တစ်စုံတရာဖွံ့ဖြိုးတိုးတက်ခဲ့ပါကြောင်း၊ လွတ်လပ် ရေးမရခင်ထိ စစ်တွေတွင်ရုပ်ရှင်ရုံတစ်ရုံရှိပါကြောင်း၊
နောက်လွတ်လပ်ရေးရပြီး ဖဆပလအစိုးရလက်ထက်တွင် ရုပ်ရှင်ရုံသုံးရုံရှိပါကြောင်း၊ စစ်တွေတွင် မိမိတို့ ရခိုင်ဗုဒ္ဓဘာသာ၊ မူဆလင်၊ ဟိန္ဒူ၊ ကက်သလစ်၊ Buddhist ၊ တရုတ်များရှိသည့် အတွက်ကြောင့် ဖဆပလအစိုးရလက်ထက်ရုပ်ရှင်လေးရုံတွင် မြန်မာကားပြသသော ရုပ်ရှင်ရုံနှစ်ရုံ၊ ဟိန္ဒူစတန် ဘာသာဖြင့်ပြသသော ကုလားကားဟုခေါ်သော ဟိန္ဒူကားများပြသသည့် ရုပ်ရှင်ရုံ တစ်ရုံ၊ အင်္ဂလိပ်ရုပ်ရှင်ရုံတစ်ရုံ စုစုပေါင်းလေးရုံရှိခဲ့ပါကြောင်း၊ ယခုတော့ ကံဆိုးစွာဖြင့် မိမိတို့ စစ်တွေမြို့တွင် ပြည်နယ်မြို့တော်ကြီးတစ်ခုတွင် ရုပ်ရှင်ရုံတစ်ရုံမျှမရှိတော့ပါကြောင်း၊ ရခိုင် တစ်ပြည်လုံးတွင်လည်း ရုပ်ရှင်ရုံတစ်ရုံမျှမရှိတော့ပါကြောင်း၊
ရုပ်ရှင်ဆိုသည်မှာ သုခုမအနုပညာတစ်ခုဖြစ်ပါကြောင်း၊ ယခုခေတ်မှာ လူအလွန်စိတ်ဝင်စားသော ယဉ်ကျေးမှုတစ်ရပ်လည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ဒီမိုကရေစီလူ့အဖွဲ့အစည်းတွင် မြို့ကြီး တစ်မြို့တွင် ရုပ်ရှင်ရုံတစ်ရုံမျှမရှိသည်မှာ အနုပညာဆိတ်သုဉ်းခြင်းလက္ခဏာတစ်ခု ဖြစ်ပါကြောင်း၊ လူ့အဖွဲ့အစည်းအတွက်ကောင်းမွန်သည့်လက္ခဏာ မဟုတ်ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့်၊ နိုင်ငံတော်အနေဖြင့် ရုပ်ရှင်ရုံကိုတည်ဆောက်ရန် ပြန်လည်စဉ်းစားသင့်ပါကြောင်း၊ ရုပ်ရှင်ရုံဆောက်ခြင်းအားဖြင့် ယဉ်ကျေးမှုဖြစ်လာမည် ဖြစ်ပါကြောင်း၊ နောက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ အပျော်အပါးလိုက်စားမှုများ တိုက်ဖျက်ပြီး မြန်မာ့ယဉ်ကျေးမှု၊ ရခိုင်ယဉ်ကျေးမှုကို ပြန်လည်ကူးပြောင်းဆက်သွယ်နိုငသော လမ်းကြောင်းတစ်ခုလည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်မြို့တော်စစ်တွေတွင် ရုပ်ရှင်ရုံမရှိသည်မှာ မည်သို့မျှလက်ခံနိုင်စရာအကြောင်း မရှိသည့်အတွက် ရုပ်ရှင်ရုံများတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်း ပါသည်။
ပထမဦးစွာ ရုပ်ရှင်ရုံများနည်းပါးသွားခြင်းသည် ကိုယ်စားလှယ်တော်ကြီး သုံးသပ်သွားသလို သုခုမအနုပညာဆိတ်သုဉ်းသွားခြင်းကြောင့်မဟုတ်ဘဲ နိုင်ငံတော်၏စီးပွားရေးစနစ်များ ပြောင်းလဲ ခဲ့ခြင်းနှင့် နိုင်ငံတကာတွင် ရုပ်ရှင်ထုတ်လုပ်ပြသသည့်နည်းပညာများ တိုးတက်ပြောင်းလဲဖြစ်ပေါ် ခဲ့ခြင်းကြောင့်သာ အဓိကဖြစ်ပါကြောင်း၊ ဒီဂျစ်တယ်နည်းပညာသစ်ကို နိုင်ငံတကာရုပ်ရှင် လုပ်ငန်းတွင် ကျယ်ပြန့်စွာအသုံးပြုလာ၍ ဖလင်ထုတ်လုပ်မှုကျဆင်းလာခဲ့ပါကြောင်း၊ ဖလင် ရှားပါးမှုကြောင့် ရုပ်ရှင်ရိုက်ကူးရန်ခက်ခဲလာခြင်း၊ တစ်ချိန်တည်းတွင် ဒီဂျစ်တယ်ကားများ ပြသသည့်ရုပ်ရှင်ရုံများဖွင့်လှစ်ရန်အတွက် ကုန်ကျစရိတ်ကြီးမားနေသဖြင့် ရုပ်ရှင်ရုံအရေအတွက် နည်းပါးသွားခြင်းတို့ကြောင့် ရုပ်ရှင်ရုံစီးပွားရေးကျဆင်းသွားရခြင်း ဖြစ်ပါကြောင်း၊ အခြား တစ်ဖက်တွင် ယနေ့ခေတ်စီးပွားရေးမူဝါဒအရ အစိုးရကရုပ်ရှင်ရုံဖွင့်လှစ်ရန် မဆီလျော်တော့ဘဲ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၂) အပိုဒ် ၇(စ)အရ ရုပ်ရှင်ရုံများကြီးကြပ်ခြင်း၊ စီမံ ခန့်ခွဲခြင်းကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များသို့ လွှဲပြောင်းပေးအပ်ရန်လိုအပ်လာခြင်း တို့ကြောင့် ဖြစ်ပါကြောင်း၊
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးအစိုးရ ပြန်ကြားရေး ဝန်ကြီးဌာန၏ ၁-၇-၁၉၆၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၂၉ အရ ပြည်သူပိုင်ပြုလုပ်ခဲ့သော ရုပ်ရှင်ရုံလေးရုံရှိပြီး ယင်းတို့မှာ မြို့မရုပ်ရှင်ရုံ၊ မြရုပ်ရှင်ရုံ၊ အသံထွက်ရုပ်ရှင်ရုံနှင့် ဇိမ်ရုပ်ရှင်ရုံ တို့ဖြစ်ကြပါကြောင်း၊ အဆိုပါရုပ်ရှင်ရုံလေးရုံအနက် မြို့မရုပ်ရှင်ရုံကို ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်၏ ၁၅-၁၂-၂၀၁၀ ရက်စွဲပါအမိန့်အမှတ် (၁၀၁/၂၀၁၀)နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်ဖြစ်သူ ဦးထွန်းမောင်သို့ ကျပ် ၁၅၆ သန်းဖြင့် ၂၈-၁၂-၂၀၁၁ ရက်နေ့တွင် အပြီးအပိုင်လွှဲပြောင်းရောင်းချ ပေးခဲ့ပါကြောင်း၊ မြရုပ်ရှင်ရုံကို ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်၏ ၁၇-၈-၁၉၉၈ ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ်(၅/၁၉၉၈)အရ ဒေါ်တင်မြသို့ ကျပ် ၄.၂၀ သန်းဖြင့် ၂၉-၁၀-၁၉၉၈ ရက်နေ့ တွင် အပြီးအပိုင်လွှဲပြောင်းရောင်းချပေးခဲ့ပါကြောင်း၊ ယင်းရုပ်ရှင်ရုံဝယ်ယူသူက ရုပ်ရှင်ပြသမှုအစား အခြားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုရန်တင်ပြခဲ့မှုအပေါ် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်၏ ၂-၈-၂၀၀၈ ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သည့် (၂/၂၀၀၈) ကြိမ်မြောက်အစည်း အဝေးက လုပ်ငန်းပြောင်းလဲလုပ်ကိုင်ခွင့်ပြုခဲ့ပါကြောင်း၊
အသံထွက်ရုပ်ရှင်မြေနေရာကို ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်၏ ၂၁-၅-၂၀၀၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၈/၂၀၀၆)အရ ဒေါ်သူဇာဇံသို့ ကျပ် ၆.၅၁ သန်းဖြင့် ၂၅-၄-၂၀၀၇ ရက်နေ့တွင် အပြီးအပိုင်လွှဲပြောင်းရောင်းချပေးခဲ့ပါကြောင်း၊ ရောင်းချစဉ်က ရုပ်ရှင်ပြသခြင်း လုပ်ငန်းဆောင်ရွက်ရန် စည်းကမ်းသတ်မှတ်ချက်မပါသောရုပ်ရှင်ရုံဖြစ်ပါကြောင်း၊ ဇိမ်ရုပ်ရှင်ရုံကို ကုန်သွယ်ရေးဌာနသို့ ၁၉၇၃ ခုနှစ်တွင် လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း၊ ၎င်းရုပ်ရှင်ရုံများအနက် မြို့မရုပ်ရှင်ရုံမှအပ ကျန်ရုပ်ရှင်ရုံများသည် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ကြီးကြပ်ဆောင်ရွက် နိုင်ခြင်းမရှိသော ရုပ်ရှင်ရုံများဖြစ်ကြပါကြောင်း၊ မြို့မရုပ်ရှင်ရုံဝယ်ယူသူ ဦးထွန်းမောင်က အဆိုပါ ရုပ်ရှင်ရုံကို ၂၀၁၃ ခုနှစ်အထိ ရုပ်ရှင်ပြသခြင်းအတွက်အသုံးပြုခဲ့ပြီး နောက်ပိုင်းတွင်ပြသခြင်း မရှိဘဲရုံပိတ်ထားသည့်အတွက် ရုပ်ရှင်ပြန်လည်ပြသရေးကို ပြန်ကြားရေးဝန်ကြီးဌာန၏ကြီးကြပ်မှု နှင့်တွန်းအားပေး၍ရသည့် ရုပ်ရှင်ရုံဖြစ်ပါကြောင်း၊
ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က အပြီးအပိုင်ရောင်းချခဲ့သော နိုင်ငံပိုင်ရုပ်ရှင်ရုံများအနက် မူလ ရုပ်ရှင်ပြသခြင်းလုပ်ငန်း၊ ဆက်လက်လုပ်ကိုင်ရန်တာဝန်ရှိသည့်ရုပ်ရှင်ရုံများ စာချုပ်ပါကတိကဝတ် များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြန်ကြားရေးဝန်ကြီးဌာနက စစ်တွေမြို့ မြို့မ ရုပ်ရှင်ရုံအပါအဝင် တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံဝယ်ယူထားသူအားလုံးကို ၁၈-၂- ၂၀၁၅ ရက်စွဲပါ စာဖြင့် အကြောင်းကြားခဲ့ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ခဲ့ပြီးနောက် ဒီဂျစ်တယ်ရုပ်ရှင်ရုံများ အလျင်အမြန်ပေါ်ထွန်းလာသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးတွင် ဖလင်ဖြင့်ပြသသော ရုပ်ရှင်ရုံ ၂၃ ရုံနှင့် ဒီဂျစ်တယ်ရုပ်ရှင်ရုံ ၅၂ ရုံရှိခဲ့ရာမှ ယခုအခါ ၂၅-၇-၂၀၁၉ ရက်နေ့အထိ ဖလင်ရုပ်ရှင်ရုံ ၁၀ ရုံနှင့် ဒီဂျစ်တယ်ရုပ်ရှင်ရုံ ၁၄၄ ရုံ၊ ပိတ်ကားပေါင်းက ၁၆၅ ကားအထိရှိလာခဲ့ပြီ ဖြစ်ပါကြောင်း၊ သြဂုတ်လ ပထမအတွင်းတွင် နောက်ထပ်ပိတ်ကား ငါးကား ထပ်တိုးလာရန်အစီအစဉ် ရှိပါကြောင်း၊ လက်ကျန်ဖလင်ရုပ်ရှင်ရုံ ၁၀ ရုံတွင် ဖလင်ဖြင့် ရိုက်ကူးထားသော ရုပ်ရှင်ကားဟောင်းများကိုသာပြသနိုင်ပြီး ဒီဂျစ်တယ်ဖြင့်ရိုက်ကူးထားသည့် ရုပ်ရှင်နှင့်သတင်းမှတ်တမ်းတင်ကားများကို ပြသနိုင်ခြင်းမရှိသေးပါကြောင်း၊ ယခုလက်ရှိတွင် မြို့မရုပ်ရှင်ရုံ၏အောက်ထပ်တွင် စားသောက်ဆိုင်ဖွင့်လှစ်ထားပြီး အပေါ်ထပ်တွင်ရုပ်ရှင်ပြသ နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း ရုပ်ရှင်စတင်ပြသနိုင်မည့်နေ့ရက်ကို သတ်မှတ်ခြင်းမရှိနိုင် သေးကြောင်းကို တွေ့ရှိရပါကြောင်း၊
ရခိုင်ပြည်နယ်အတွင်းရှိ အခြားရုပ်ရှင်ရုံများဖြစ်သော ကျောက်ဖြူမြို့ရှိ အောင်မင်္ဂလာရုပ်ရှင်ရုံ၊ မောင်တောမြို့ရှိ အသံထွက်ရုပ်ရှင်ရုံ၊ သံတွဲမြို့ရှိ သိန်းရုပ်ရှင်ရုံနှင့် ရတနာ(စိတ်ဖြေရာ) ရုပ်ရှင်ရုံ များ ရုပ်ရှင်ရုံတို့ကိုလည်း ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က လုပ်ငန်းရှင်များသို့ အပြီးအပိုင် ရောင်းချခဲ့ခြင်းဖြစ်ပြီး လွှဲပြောင်းရောင်းချခဲ့သောစာချုပ်တွင် မူလရုပ်ရှင်ပြသခြင်းလုပ်ငန်း ဆောင်ရွက်ရန် စည်းကမ်းသတ်မှတ်ချက်ပါရှိသော ရုပ်ရှင်ရုံများဖြစ်ကြပါကြောင်း၊ အဆိုပါရုပ်ရှင်ရုံ များဝယ်ယူသူများအနေဖြင့် ရုပ်ရှင်ပြသခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခြင်းမရှိသည့် အတွက် ရုပ်ရှင်ပြသနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနက ကြီးကြပ်မှုဖြင့် တွန်းအားပေး ဆောင်ရွက်နေခဲ့ရသော ရုပ်ရှင်ရုံများဖြစ်ကြပါကြောင်း၊
ပြည်ထောင်စုအစိုးရအဖွဲ့၏ ၁၀-၄-၂၀၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်(၄၈/၂၀၁၈) အရ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ယူ၍စီမံခန့်ခွဲ လျက်ရှိသည့် နိုင်ငံပိုင်ရုပ်ရှင်ရုံ ၂၇ ရုံနှင့် ပုဂ္ဂလိကသို့အပြီးအပိုင်ရောင်းချခဲ့သောရုပ်ရှင်ရုံများအနက် ရုပ်ရှင်ပြသခြင်းလုပ်ငန်းဆောင်ရွက်ရန် စည်းကမ်းသတ်မှတ်ချက်ပါရှိသောရုပ်ရှင်ရုံ ၉၄ စုစုပေါင်း ရုပ်ရှင်ရုံ ၁၂၁ ရုံကို ကြီးကြပ်ခြင်း၊ စီမံခန့်ခွဲခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်သည့်အထောက်အထား၊ စာရွက်စာတမ်းများကို သက်ဆိုင်ရာနေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များသို့ လွှဲပြောင်းပေးအပ်လျက် ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ ပုဂ္ဂလိကသို့အပြီးအပိုင်ရောင်းချခဲ့သည့်ရုပ်ရှင်ရုံငါးရုံကို ကြီးကြပ်ခြင်း၊ စီမံခန့်ခွဲခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် သက်ဆိုင်သောအထောက်အထား၊ စာရွက်စာတမ်းများကို ၁၂-၉-၂၀၁၈ ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ လွှဲပြောင်းပေးအပ်လိုက်သည့်အတွက် သက်ဆိုင်ရာရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်တိုက်တွန်းမှုများဖြင့်သာ ပိုမိုအားစိုက်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊
တစ်ဖက်တွင်လည်း ရုပ်ရှင်လုပ်ငန်းကိုစိတ်ပါဝင်စားသော လုပ်ငန်းရှင်များက နိုင်ငံအနှံ့တွင် ရုပ်ရှင်ရုံများတည်ဆောက်လျက်ရှိပါသဖြင့် ရင်းနှီးမြှုပ်နှံလိုသူများက စစ်တွေမြို့တွင် ရုပ်ရှင်ရုံ တည်ဆောက်ရေးဆောင်ရွက်လိုပါက ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ကူညီပံ့ပိုးမှုဖြင့်သာ ဆောင်ရွက် နိုင်မည် ဖြစ်ပါကြောင်း၊ သို့ပါ၍ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် စစ်တွေမြို့တွင် ရုပ်ရှင်ရုံများ ဆောက်လုပ်ပေးရန်အစီအစဉ်မရှိပါကြောင်းနှင့် စာချုပ်ပါစည်းကမ်းအရ ရုပ်ရှင်ပြသမှုလုပ်ငန်း ဆောင်ရွက်ရမည့် မြို့မရုပ်ရှင်ရုံကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့်သာ တွန်းအားပေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ရင်းနှီးမြှုပ်နှံလိုသည့်လုပ်ငန်းရှင်များက စစ်တွေမြို့တွင် ရုပ်ရှင်ရုံ တည်ဆောက်ရန်အဆိုပြုလျှောက်ထားလာပါက ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ကြီးကြပ် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
