ကန်ပက်လက်မြို့သည် အာဆီယံအမွေအနှစ်ဥယာဉ်အဖြစ် သတ်မှတ်ထားသည့် ခေါ်နူးစုမ်အမျိုးသား ဥယာဉ်တည်ရှိရာ ခေါ်နူးစုမ်တောင်၊ ဝိတိုရိယတောင်ခြေတွင် တည်ရှိသည့်မြို့ဖြစ်ပါကြောင်း၊ ပြည်တွင်း/ ပြည်ပခရီးသွားများ နှစ်စဉ်လာရောက် လည်ပတ်ကြသည့်မြို့ဖြစ်ပြီး တစ်နှစ်ပြီးတစ်နှစ် ကျေးလက်မှ မြို့ပေါ်သို့ ပြောင်းရွှေ့ အခြေချနေထိုင်သူများ၊ အိမ်ခြေသစ်များတိုးပွားလျက်ရှိပါကြောင်း၊ အိမ်ခြေများ တိုးပွားလာသည်နှင့်အမျှ သောက်သုံးရေမလုံလောက်သည့်အခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ ကန်ပက်လက်မြို့ ရေပေးဝေရေးကို ၁၉၈၉ ခုနှစ်တွင် UNICEF ပံ့ပိုးမှုနှင့်တစ်ကြိမ်၊ ၂၀၁၄ ခုနှစ်တွင် စည်ပင်သာယာရေး ချင်းပြည်နယ်အစိုးရအဖွဲ့စီမံချက်ဖြင့်တစ်ကြိမ် ရေပေးစီမံကိန်းများကို ဆောင်ရွက်ခဲ့ ပါကြောင်း၊ ကန်ပက်လက်မြို့အတွင်း အိမ်ခြေများလာသည့်အတွက် ယခင်က ရေဖြန့်ဝေ ရာတွင် လုံလောက်ခဲ့ သော်လည်း ယခုလက်ရှိတွင် မြို့ပေါ်အိမ်ခြေတွေတိုးပွားလာခြင်း၊ လက်ရှိ ရေသွယ် ယူသည့် ရေအရင်းအမြစ်များ ခန်းခြောက်လာခြင်း၊ ယခင်ရေသွယ်ယူသည့်ရေပိုက်များ ဟောင်းနွမ်းပြီး အသစ် ပြန်လည်လဲလှယ်ရန်လိုအပ်နေခြင်း စသည့်အကြောင်းများကြောင့် မြို့နေလူထု အတွက် ရေလုံလောက်မှု မရှိပါကြောင်း၊ ရဲလောင်းချောင်းရေအရင်းအမြစ်သည် ကန်ပက်လက်မြို့နှင့် ၆ မိုင်အကွာ တွင် တည်ရှိပြီး သန့်ရှင်းသည့်၊ လုံလောက်ဖူလုံနိုင်သည့် ရေအရင်း အမြစ်ဖြစ်ပါကြောင်း၊ ၎င်းရေအရင်းအမြစ်ကို စနစ်တကျ သွယ်ယူနိုင်မည်ဆိုပါက ကန်ပက်လက်မြို့နေ ပြည်သူများအတွက် နောင် ဆယ်စုနှစ်တစ်ခု အထိ သောက်သုံးရေဖူလုံမည့် ရေအရင်းအမြစ်မျိုး ဖြစ်ပါကြောင်း၊ ယခင် ရေပိုက်လိုင်းများသည် အချိန် ကာလကြာမြင့်လာပြီဖြစ်သည့်အတွက် အမှိုက်များ၊ သစ်မြစ်များပိတ်ဆို့ပြီး အသစ်လဲလှယ်ရန် ပိုက်လိုင်း များ လိုအပ်နေပါကြောင်း၊ သောက်သုံးရေဖူလုံရေး အတွက် ရဲလောင်းချောင်း ရေပေးဝေရေးစီမံကိန်းများ ရေစမ်းဦး နေရာကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနှင့်တကွ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ စည်ပင်ကော်မတီဝင်များ သွားရောက်ကွင်းဆင်း လေ့လာခဲ့ကြပါကြောင်း၊ ထို့ကြောင့် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့သောက်သုံးရေဖူလုံရေး ရဲလောင်းချောင်း သောက်သုံးရေသွယ်ယူရေး စီမံကိန်းအတွက် လိုအပ်သည့် ရန်ပုံငွေခွဲဝေချထား ပေးရန်အစီအစဉ်ရှိ/မရှိ ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
ကန်ပက်လက်မြို့ သောက်သုံးရေ ဖူလုံနိုင်စေရေးအတွက် ရဲလောင်းချောင်းမှ ၄ လက်မ PPC ပိုက်ဖြင့် ရေသွယ်ယူခြင်းလုပ်ငန်း ၅ မိုင်ကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် စည်ပင်သာယာရေးအဖွဲ့၏ ပြည်နယ် ရန်ပုံငွေကျပ် ၃၅၀.၀၀ သန်း ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် တွက်ချက်လျာထား တင်ပြီး ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေရရှိမှု အပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား ပြန်လည်ဖြေကြားပါသည်။
