(စ)-မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ ဦးချစ်ထွန်းလမ်းနှင့် ကျောက်ပြားစက်ရုံလမ်းကြားရှိ အလျားပေ (၁၀၀)၊ အနံ(၈၅)ပေ ကျယ်ဝန်းသောမြေကွက်အား နိုင်ငံရေးပါတီတစ်ခုအမည်ဖြင့် ဂရန်ထုတ်ပေး ထားခြင်းကိုပယ်ဖျက်ပြီး မူလအတိုင်း ကလေးကစားကွင်းအဖြစ် ပြန်လည်သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
အဆိုပါမြေနေရာရှိ အမှတ်(၂)ရပ်ကွက်သည် ၁၉၈၄ ခုနှစ်ကတည်းက မီးအကြီးအကျယ်လောင်ပြီးနောက် နိုင်ငံတော်အစိုးရက မြို့ပြပုံစံစနစ်တကျ အကွက်ရိုက်ပြီး ပြန်လည်နေရာချထားပေးသော ရပ်ကွက်ဖြစ်ပါ ကြောင်း၊ မြို့အင်္ဂါနဲ့ညီစေရန် အများပြည်သူသက်ဆိုင်သော မြေနေရာများအဖြစ် သမဝါယမ အသင်းမြေ နေရာ၊ ဈေးမြေနေရာ၊ စာကြည့်တိုက်မြေနေရာ၊ ဓမ္မာရုံမြေနေရာ၊ အုပ်ချုပ်ရေးမှူးရုံးမြေနေရာနှင့် ကလေး ကစားကွင်းမြေနေရာ စသည်ဖြင့် စနစ်တကျအကွက်ရိုက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ မီးမလောင်ခင်ကလည်း ကလေးကစားကွင်းဖြစ်ပါကြောင်း၊ ၁၉၈၄ ခုနှစ် မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက် နိုင်ငံတော်မှ တရားဝင်ကလေးကစားကွင်းအဖြစ် သတ်မှတ်ပေးခဲ့သော (၁၀၀ ပေ x ၈၅ ပေ)ကျယ်ဝန်း သည့် မြေနေရာ တွင် လူကြီး၊ လူငယ်၊ ကလေးများပျော်ရွှင်လုံခြုံစွာ စုကစားရုံသာမက ဘာသာရေးပွဲများ၊ နိုင်ငံတော် အခါကြီး နေ့အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပေးခဲ့ကြပါကြောင်း၊ အဆိုပါ ကစားကွင်း အား ၁၉၉၅ ခုနှစ်တွင် လူမှုရေးအသင်းတစ်သင်းက ကလေးများဝင်ရောက်ကစား ခွင့်မပြုတော့ဘဲ ရုံးတစ်ရုံး ဆောက်၍ ဥပဒေနှင့်ညီညွတ်မှုမရှိသော သိမ်းယူမှုများပြုလုပ်ခဲ့ကြပါကြောင်း၊ ၂၀၁၀ ခုနှစ်တွင် အဆိုပါကစားကွင်းကို ဥပဒေနှင့်ညီညွတ်မှုမရှိဘဲ ထိုအသင်းအား ဂရန်ထုတ်ပေးခဲ့ရုံသာမက အသင်းမှ နိုင်ငံရေးပါတီအဖြစ် ကူးပြောင်းသည်အထိ စွန့်လွှတ်မှုမရှိဘဲ အခိုင်အမာ ခြံဝင်းခတ်ယူသွားခဲ့ပါကြောင်း၊ ရပ်ကွက်နေ ရပ်မိရပ်ဖ၊ ပြည်သူလူထုများက အဆိုပါကစားကွင်း သိမ်းယူခဲ့ခြင်းအပေါ် အကြိမ်ကြိမ် ကန့်ကွက်ခြင်း၊ ယခင်အစိုးရလက်ထက် တိုင်းဒေသကြီးဝန်ကြီးချုပ် က ပြည်သူများက လက်မှတ်ရေးထိုး၍ အသနားခံစာတင်ပြခြင်း၊ ယခုအစိုးရလက်ထက်တွင်လည်း တိုင်းဒေသကြီးဝန်ကြီးချုပ်က အစရှိသည်များ ပြုလုပ်ခဲ့ကြပါကြောင်း၊ ယခု အစိုးရလက်ထက်တွင် တိုင်းဒေသကြီးလွှတ်တော်က စာဖြင့်လည်းကောင်း၊ လူကိုယ်တိုင်တွေ့ဆုံ၍လည်းကောင်း၊ ပြည်သူ့ကိုယ်စားဆောင်ရွက်ပေးရန် တင်ပြသည့်အတွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်မှ ပြည်သူများကိုယ်စား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး မြို့တော်ဝန်၊ ရန်ကုန်တိုင်းဒေသကြီး ကရင်ရေးရာဝန်ကြီးချုပ်ထံ စာဖြင့်တင်ပြထားသော်လည်း ယခုအချိန်ထိ ပြည်သူများလက်ဝယ်သို့ ကလေး ကစားကွင်းအဖြစ် ပြန်လည်စွန့်လွှတ်ပေးခြင်း မရှိသေးပါကြောင်း၊ ၈-၃-၂၀၁၀ ရက်စွဲဖြင့် နိုင်ငံတော် အေးချမ်းသာယာခြင်းနှင့် ဖွံ့ဖြိုးရေးဥပဒေ အမှတ်(၂/၂၀၁၀)ဖြင့် ထုတ်ပြန်ထားသော နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းများ ပုဒ်မ၁၂(က)တွင် ပါတီတစ်ခုသည် အောက်ပါအချက်တစ်ရပ်ရပ်နှင့်ငြိစွန်းလျှင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည် ခွင့်မရှိစေရဟု ပါပါကြောင်း၊ ပုဒ်မ ၁၂(က) အပိုဒ်ခွဲ(င)တွင် နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အဦ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ၊ ရယူသုံးစွဲထားသည့် အဖွဲ့အစည်းဖြစ်ကြောင်း တွေ့ရှိခြင်း၊ ပုဒ်မ ၁၂(ခ) တွင် ကော်မရှင် သည် အပိုဒ်ခွဲ(က)ပါ အချက် တစ်ရပ်ရပ်နှင့်ငြိစွန်းသောပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ယင်းပါတီကိုလည်း ဖျက်သိမ်းရမည်ဟု အတိအလင်းဖော်ပြထားရှိပါကြောင်း၊ ယခုအချိန်တွင် မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်တွင် အနာဂတ်ခေါင်းဆောင် ဖြစ်လာမည့် ကလေးများ လုံခြုံစွာကစားရန် ကစားကွင်းမရှိသောကြောင့် လမ်းပေါ်ထွက်ပြီး လှုပ်ရှားနေကြသဖြင့် ကလေးများအတွက် အန္တရာယ်များ စွာရှိနေပါကြောင်း၊ ကလေးသူငယ်များသာမက လူကြီး၊ လူငယ်၊ လူလတ် မရွေး ကိုယ်လက်လှုပ်ရှားမှ ကျန်းမာသန်စွမ်းသည့်အပြင် မူးယစ်ဆေးဝါး သုံးစွဲခြင်းစသော စိတ်လေလွင့်မှုများဖြစ်ပေါ်လာသော အလေ့အကျင့် ဆိုးများကို ဖြေလျှော့ချနိုင်ပြီး နိုင်ငံတော်အား ဖွံ့ဖြိုးတိုးတက်၍ အထောက်အကူ ဖြစ်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်က ကလေးကစားကွင်းအဖြစ်သတ်မှတ် ထားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ ဦးချစ်ထွန်းလမ်းနှင့် ကျောက်ပြားစက်ရုံလမ်းရှိ အလျားပေ(၁၀၀)၊ အနံပေ (၈၅) ကျယ်ဝန်းသောမြေကွက်အား နိုင်ငံရေး ပါတီတစ်ခု၏အမည်ဖြင့် ဂရန်ထုတ်ထားခြင်းကိုပယ်ဖျက်ပြီး မူလအတိုင်းကလေးကစားကွင်းအဖြစ် ပြန်လည်သတ်မှတ်ရန် အစီအစဉ်ရှိ/ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေး၍ အစီအစဉ်မရှိပါက မည်သည့် အတွက်ကြောင့်ဆိုသည်ကို သိလိုပါကြောင့်ဖြင့်မေးမြန်းပါသည်။
အဆိုပါမြေနေရာသည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ ဦးချစ်ထွန်းလမ်းနှင့် ကျောက်ပြား စက်ရုံလမ်းကြားရှိ အလျား(၁၀၀)ပေ၊ အနံ(၈၅)ပေခန့်တည်ရှိသော မြေနေရာ ဖြစ်ပြီး ၎င်းမြေနေရာကို ၁-၁၁-၂၀၀၄ ရက်စွဲပါအမှုတွဲအမှတ်(မရက/၁၂၉၅၆(က)/၂၀၀၄)ဖြင့် ရန်ကုန်တိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းသို့ နှစ် ၆၀ မြေငှားစာချုပ်ဂရန် ထုတ်ပေးထား ရှိကြောင်းနှင့် ဌာနရှိမြို့မြေစာရင်း(Town Land Roll)၊ မြို့အကွက်ချမြေပုံ(Blotch Map)တို့တွင်လည်း ရုံးမြေနေရာအဖြစ် သတ်မှတ်ထားရှိသည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းမြေနေရာနှင့် စပ်လျဉ်းပြီး မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်နေ လုပ်သားပြည်သူ ၃၂၉ ဦး၏ တင်ပြချက်အရ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်(၁)၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းမှ ၁၅-၆-၂၀၁၆ ရက်စွဲပါ စာဖြင့် ဥက္ကဋ္ဌ၊ မြို့တော်ဝန်ထံ အဆိုပါမြေအား အများပိုင်ကလေးကစားကွင်းအဖြစ် ပြန်လည်ထားရှိ ပေးပါရန် တင်ပြခဲ့ပါကြောင်း၊ အဆိုပါတင်ပြချက်အရ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ မှ ပြန်လည်စိစစ်၍ တွေ့ရှိချက်များအား ၂၀-၇-၂၀၁၆ ရက်စွဲပါစာဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး သို့ တင်ပြခဲ့ပါကြောင်း၊ တင်ပြချက်မှ ကောက်နုတ်ချက်အချို့မှာ အောက်ပါအတိုင်း ဖြစ်ပါ ကြောင်း (က) မရမ်းကုန်းမြို့နယ် မြေတိုင်းရပ်ကွက်အမှတ်(၁၄/သမိုင်း)၊ မြေကွက် အမှတ်(၃/က(A)) ဧရိယာ ဝ.၁၈၄ ဧကကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းအမည်ဖြင့် နှစ် ၆၀ မြေငှား စာချုပ် ဂရန်ခွင့်ပြု ထုတ်ပေးခဲ့ခြင်းသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၁၀ အရ မြေသိမ်းခဲ့ခြင်း ဖြစ်ပြီး ဥပဒေပြဋ္ဌာန်းချက်များအရ မြေပိုင်မြေကိုသိမ်းယူလိုပါက မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဆိုင်ရာ နည်းဥပဒေ ၃၅ နှင့် ၃၆ အရ မြေပိုင်မြေကိုသိမ်းယူနိုင်သည့် အခွင့်အာဏာသည် ပြည်ထဲရေးဝန်ကြီး ဌာနတွင် ရှိသည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြခြင်းမရှိဘဲ ဂရန်ထုတ်ပေးထားခြင်းဖြစ်သဖြင့် ဂရန်ပယ်ဖျက်သွားမည်ဖြစ်ကြောင်းနှင့် ဂရန်ပြန်လည်အပ်နှံရေးအကြောင်းကြားရန်ဟု ဖြစ်ပါကြောင်း၊ မြေပိုင်မြေဆိုတာကတော့ တစ်ဦးချင်းပိုင်သည့်မြေကို အခေါ်အရ မြေပိုင်မြေလို့ခေါ်ခြင်းကို မိမိရှင်းလင်းစွာ တင်ပြအပ်ပါကြောင်း၊ (ခ) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းဖြင့် ထုတ်ပေးထားသော နှစ် ၆၀ မြေငှားစာချုပ်ဂရန်အားပယ်ဖျက်၍ မူလမြေအမည်ပေါက် ဒေါ်တင် မီးလောင်မြေဟု ရုံးတွင်းအမိန့်ဖြင့် မြို့မြေစာရင်းတွင် ပြန်လည်မှတ်သားရန်၊ ၎င်းမြေသည် မူလတုန်းက ၁၉၈၅ ခုနှစ်၊ ၁၉၈၆ ခုနှစ်မတိုင်မီမှာ မီးလောင်မှုမဖြစ်ပွားခင်မှာ ပိုင်ဆိုင်သူသည် ဒေါ်တင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒေါ်တင် မီးလောင်မြေ ဆိုပြီး မိမိတို့မှတ်သားထားခြင်း ဖြစ်ပါကြောင်း၊ (ဂ) အဆိုပါ မြေနေရာအား အများပြည်သူအသုံးပြုနိုင်သော ကလေးကစားကွင်းအမည်ဖြင့် မှတ်သားထားရှိနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်ထဲရေးဝန်ကြီး ဌာန သို့ တင်ပြဆောင်ရွက်ရန်၊ (ဃ) ပြည်ထဲရေးဝန်ကြီး သို့ တင်ပြနေစဉ်ကာလအတွင်း မူလအမည်ပေါက်တွင် ကလေးကစားကွင်းအဖြစ်သာထားရှိရေး ရုံးတွင်းအမိန့်ထုတ်၍ ခဲမှတ်ချက်ဖြင့် မှတ်သားရန်ဟု မိမိတို့ တင်ပြခဲ့ခြင်းဖြစ်ပါကြောင်း၊ အဆိုပါတင်ပြချက်အား ၂၁-၇-၂၀၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁၆/၂၀၁၆) ဆုံးဖြတ်ချက်အပိုဒ် ၁၂ အရ သဘောတူကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၇-၇-၂၀၁၆ ရက်စွဲပါစာဖြင့် ပြန်ကြားခဲ့ပါ ကြောင်း၊ ၎င်းနောက် မြို့စာရင်းတွင် ၅-၈-၂၀၁၆ ရက်စွဲပါ ရုံးတွင်းအမိန့်အမှတ် (၁၇၃၀/၂၀၁၆) အရ ၁-၁၁-၂၀၀၄ ရက်နေ့ တွင် အမှုတွဲအမှတ်(မရက/၁၂၉၅၆(က)/၂၀၀၄)ဖြင့် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးအသင်းသို့ ထုတ်ပေးထားသည့် နှစ် ၆၀ မြေငှားစာချုပ်ဂရန်အား ပယ်ဖျက်ပြီး မူလ အမည်ပေါက် ဒေါ်တင် မီးလောင်မြေ မြေအမျိုးအစားမြေပိုင် စာအမှတ် (၅၇/၆၁(ဈ) (က)၂၈၊၆၆)အရ ၃(ခ)ဝင်ခံလက်မှတ်ပေးဟု ပြန်လည်မှတ်သားခဲ့ပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးအသင်း၏ မြေငှားစာချုပ်ကိုပယ်ဖျက်ပြီး မူလအမည်ပေါက်ဖြစ်သည့် ဒေါ်တင် မီးလောင်မြေ မြေအမျိုးအစားမြေပိုင်အဖြစ် ပြန်လည်ပြီး မှတ်သားခဲ့ကြောင်း၊ ၅-၈-၂၀၁၆ ရက်နေ့တွင် ပြန်လည်မှတ်သားခဲ့ကြောင်း လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်ခဲ့ကြောင်း ဖြေကြားထားခြင်း ဖြစ်ပါ ကြောင်း၊ အဆိုပါမြေငှားစာချုပ်ဂရန်အား ပယ်ဖျက်ပြီး မူလမြေအမည်ပေါက် သတ်မှတ်ထားရှိပြီး ဖြစ်သည့် အပြင် အများပိုင်ကလေးကစားကွင်းအဖြစ် ပြန်လည်အသုံးပြုရေး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်၍ အဆိုပါဂရန်မူရင်းအား ပြန်လည်အပ်နှံပါရန် ရန်ကုန်တိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ ၈-၈-၂၀၁၆ ရက်နေ့တွင် အကြောင်းကြား ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လက်ရှိအခြေအနေတွင် အဆိုပါမြေနေရာကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး ၏ အများပြည်သူအကျိုး အလို့ငှာ အများပိုင်ကလေးကစားကွင်းအဖြစ်ဆောင်ရွက်ရန် ညှိနှိုင်းမှုအရ အဆိုပါမြေကွက်အား ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန ကလေးကစားကွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဟု မြို့မြေစာရင်း(Town Land Roll)တွင် ပြင်ဆင်မှတ် သား ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အတည်ပြုချက် ရယူ ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ပြန်လည်ဖြေကြားခဲ့ ပါသည်။
ဒေါက်တာဒေါ်မေဝင်းမြင့်(မရမ်းကုန်းမဲဆန္ဒနယ်)မှဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ဖြေဆိုသွားသည့်အထဲတွင် နှစ် ၆၀ ဂရန်ကိုပယ်ဖျက်ပြီး ၁-၁၁-၂၀၀၄ ရက်နေ့ကတည်းက ဂရန်ပြန်အပ်ရန် ပါပါကြောင်း၊ သို့သော် ၎င်းအသင်း၏ ဆိုင်းဘုတ်ကိုမဖြုတ်သေးပါကြောင်း၊ ပြန်လည်း မအပ်သေးသည့် အပြင် အသင်းပတ်ပတ်လည်တွင်ရှိသည့် ဆိုင်ခန်းများ၏ ဈေးခကိုကောက်ပြီး ပေးရပါကြောင်း၊ ထို့ကြောင့် ပြန်အပ်ထားသည့်ဟာကို ဘာဖြစ်လို့ ယခုလောက်ထိကြာနေအောင် တည်ရှိနေတာကို မည်သည့် အတွက်ကြောင့် ဆိုသည်ကိုသိလိုပါကြောင်းဖြင့် ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
နေပြည်တော်ကောင်စီ၊ကောင်စီဝင်ဦးညီထွန်းမှပြန်လည်ဖြေကြားပါသည်။
လွှတ်တော်ကိုယ်စားလှယ်ကြီး မေးသည့် လက်တွေ့လုပ်ဆောင်မှုအပိုင်းနှင့်ပတ်သက်ပြီး မေးမြန်းသည့် ဖြစ်သည့် မည်သည့်အတွက် ဒီလောက်ကြာနေသည်ဆိုသည့်ကို ရန်ကုန်တိုင်းဒေသကြီးမှ ဖြေကြားနိုင် မည်ဖြစ်ပါကြောင်း၊ လုပ်ထုံးလုပ်နည်းအရ ယခု လက်ရှိနေရာသည် ဂရန်စာချုပ်ကို ပယ်ဖျက်ပြီးဖြစ်သည့် အတွက် ပြန်လည်အပ်နှံရမည်ဖြစ်ပါကြောင်း၊ ပြန်လည်အပ်နှံပြီးပါက ရန်ကုန်မြို့တော်စည်ပင်ပိုင်အဖြစ် သော်လည်း အခု စည်ပင်နယ်မြေမှ စီမံခန့်ခွဲသည့်နေရာအဖြစ် သတ်မှတ်၍မရသေးပါကြောင်း၊ ပြန်ပြီး ရပြီးသည့်အခါကျမှသာ ပြည်ထဲရေးဝန်ကြီးဌာနကို ပြန်တင်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက မြေသိမ်းအမိန့်နှင့် မြေသိမ်းရပါမည်ဖြစ်ပါကြောင်း၊ မြေသိမ်းပြီးသည့်အခါမှသာ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး၏ စီမံခန့်ခွဲမှုအောက်ကို ရောက်ရှိမည်ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ပုဂ္ဂလိကပိုင် မြေအဖြစ် တည်ရှိနေသည့် အနေအထားမျိုးရှိသည့်အတွက် လိုအပ်သည့်လုပ်ထုံးလုပ်နည်းများကို ပြည်ထဲရေးဝန်ကြီးဌာနကို ဆက်လက်ပြီးတင်ပြရမည့်အနေအထားမျိုး လုပ်ထုံးလုပ်နည်းကို မိမိအနေဖြင့်ဖြေရှင်းတင်ပြခြင်းဖြစ်ပါကြောင်း၊ လက်တွေ့လုပ်ဆောင်မှုအပိုင်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ ၏ ကြန့်ကြာနေမှုအပိုင်းနှင့်ပတ်သက်၍ ပြန်လည်မေးမြန်းပြီးမှသာ ဖြေကြားနိုင်မည်ဖြစ်ပါကြောင်း ဆက်စပ်မေးခွန်းအားပြန်လည်ဖြေကြားခဲ့ပါသည်။
