(င)-ဒလ-တွံတေးကားလမ်းမကြီးဘေးရှိ အများပြည်သူကျန်းမာရေးနှင့် မြို့အင်္ဂါရပ်ကို ထိခိုက်နေသော အမှိုက်ပုံကြီးအား ပြောင်းရွှေ့ရန်နှင့်စပ်လျဉ်း၍ မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂၉.၇. ၂၀၁၉)

 

ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်အတွင်းရှိ အကျယ်အဝန်းအားဖြင့် ၂.၇၄ ဧကရှိ မြို့တော်စည်ပင်သာယာရေးကော်မတီက စီမံခန့်ခွဲနေသော နောက်ဆုံးစွန့်ပစ်အမှိုက်ပုံကြီးသည် ၁၉၉၈ ခုနှစ်ကစပြီး ရှိခဲ့ပါကြောင်း၊ ယနေ့အချိန်တွင် ဒလတစ်မြို့လုံးထွက် အမှိုက်တန်ချိန် နေ့စဉ် ၂၈ တန်ခန့်၊ သုံးတန်ကား ခြောက်စီးခန့် စွန့်ပစ်နေရပါကြောင်း၊ တွင်းတူးမြှုပ်နှံစနစ်ဖြင့်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊  ယခင်က ကျန်စစ်သားရပ်ကွက် အစွန်တွင်ရှိသော်လည်း ယခုအခါ အနီးပတ်ဝန်းကျင်တွင် လူနေထူထပ်လာရုံမက ဒလ-တွံတေးလမ်းမကြီးဘေးတွင် တည်ရှိနေ သောကြောင့် ခရီးသွားပြည်သူများနှင့် ကျန်စစ်သားရပ်ကွက်သာမက ဒလနေပြည်သူများသည် အမှိုက်ဆိုးများမှ နေ့စဉ်အနံဆိုးများ မြို့ဝင်၊ မြို့ထွက် ရှူရှိုက်နေရပြီး ပြည်သူ့ကျန်းမာရေးအတွက် ဆိုးကျိုးများကြုံတွေ့ရမည့် အန္တရာယ်ပေါ်ပေါက်နေပြီဖြစ်ပါကြောင်း၊

အမှိုက်ပုံပတ်ဝန်းကျင်တွင် အခြေခံပညာမူလတန်းကျောင်းအမှတ်(၆)သည်လည်း တည်ရှိနေ ပါကြောင်း၊ ဒလ၏အနာဂတ်ဖြစ်သော ကျောင်းသားကလေးငယ်များ နေ့စဉ်လေသင့်ရာ အမှိုက်နံ့ကို ရှုရှိုက်နေရပြီး ပြည်သူ့ကိုယ်စားလှယ်များကို မကြာခဏတင်ပြလေ့ရှိသော ပြဿနာ ဖြစ်ပါကြောင်း၊ ဘုန်းတော်ကြီးကျောင်းများလည်းတည်ရှိနေသည့်အတွက် ကျောင်းနေသံဃာ တော်များကလည်း အမှိုက်ပုံကိုရွှေ့ပေးရန် မကြာခဏပြောကြပါကြောင်း၊ ဒလမြို့၏လူဦးရေသည် ၁၉၉၈ ခုနှစ်ကထက် သုံးဆခန့် ၁၈၀၀၀၀ ခန့်ရှိလာပြီး လူနေမှုလည်း သိပ်သည်းလာသည့်အတွက် ကြီးထွားလာသောအမှိုက်ပုံကြီးကြောင့် ကျန်းမာရေးဆိုးကျိုးများနေ့စဉ်ခံစားနေရပြီး မြို့အင်္ဂါရပ်နှင့် မကိုက်ညီတော့သောအမှိုက်ပုံကြီးဖြစ်နေပါကြောင်း၊ တွံ့တေးမြို့နယ်မှ ဒလမြို့သို့အဝင် မြို့ဝင် ဆိုင်းဘုတ်က ကြိုဆိုရမည့်အစား အနံ့တစ်ထောင်းထောင်းထနေသော၊ အမြင်မတင့်တယ်သော အမှိုက်ပုံကြီးက ကြိုဆိုနေသည့်အတွက် သူရဲကောင်းမြို့ဟုခေါ်သော ဒလမြို့၏ဂုဏ်ထူးဆောင် ကျက်သရေကို ယုတ်လျော့စေပါကြောင်း၊

၂၀၀၀ ခုနှစ် သြဂုတ်လက ၎င်းအမှိုက်ပုံကြီးရှိသည့်နေရာတွင် ဒလမြို့သို့လာရောက်သည့် ဒီမိုကရေစီနှင့်လူထုခေါင်းဆောင်သောအဖွဲ့ခရီးစဉ်ကို နှစ်ညနှင့်သုံးရက်တားမြစ်ခံခဲ့ရပြီး အဆိုပါ နေရာသည် ဒလမြို့လူထုက မြို့အတွက် ဒီမိုကရေစီသမိုင်းဝင် နောင်မျိုးဆက်များအတွက် အမှတ်တရပြုလုပ်ပေးသင့်သည့်နေရာဟု သတ်မှတ်ထားကြပါကြောင်း၊ တိုက်တိုက်ဆိုင်ဆိုင် (ဒလ)ရန်ကုန် တံတား ပန္နက်တင်ခံမင်္ဂလာအခမ်းအနားကျင်းပရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ၂၄-၁၂-၂၀၁၈ ရက်နေ့က လာရောက်စဉ် အမှိုက်ပုံရွှေ့ဆိုင်းရေးနှင့်ပတ်သက်ပြီး မေတ္တာရပ်ခံစာ ပေးပို့ခဲ့သည့်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင် သန့်ရှင်းရေးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံစည်းဝေးပြီး အမြန်ဆုံးပြောင်းရွှေ့ရန် သဘောတူခဲ့ကြပါကြောင်း၊ အမှိုက်ပုံရွှေ့ပြောင်းရန်အတွက် မြေရှာပေးရန် ဆုံးဖြတ်ရမည့် ကိစ္စဖြစ်ပေါ်ခဲ့ပါကြောင်း၊ ထိုသို့ဆုံးဖြတ်ခဲ့သည့်အတွက် ထော်အောက်ရွာအနီးတွင် မြေ ၈ ဧကရှိရာ ထိုမြေကို ရန်ကုန်တိုင်းဒေသကြီးရန်ပုံငွေနှင့် ဝယ်ယူခွင့်ပြုရန် တင်ပြထားပြီးဖြစ်သော်လည်း မရရှိခဲ့ပါကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး ၂၀၁၈ ခုနှစ်က လွှတ်တော်တွင် ပြောင်းရွှေ့ နိုင်ရေးအတွက် မေးခွန်းမေးခဲ့ခြင်း၊ ၂၀၁၉ ခုနှစ် မတ်လအတွင်းက တိုင်းဒေသကြီး(၁)နှင့် တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ်များမှ ရန်ပုံငွေချထားရန် မြို့တော်ဝန်သို့ တင်ပြခဲ့ခြင်းများ ဆောင်ရွက်ခဲ့သော်လည်း ယနေ့တိုင် တိကျသောအဖြေကို မရသည့်အတွက် ဒလ-တွံတေးကားလမ်းမကြီးဘေးရှိ အများပြည်သူကျန်းမာရေးနှင့် မြို့အင်္ဂါရပ်ကို  ထိခိုက်နေသော အမှိုက်ပုံကြီးအား ပြောင်းရွှေ့ရန်နှင့်စပ်လျဉ်း၍ မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးညီထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဒလမြို့နယ် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံအဖြစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင် အမည်ပေါက်ဖြင့် ၁၉၉၆-၉၇ ခုနှစ်မှစတင်အသုံးပြုခဲ့ခြင်း၊ အမှိုက်ပုံဧရိယာအဖြစ် ၁.၃ ဧကခန့်သာအသုံးပြုနိုင်ခဲ့ခြင်းနှင့် အမှိုက်စုပုံခြင်းအား ယခုအချိန်ထိ ၂၂ နှစ်ကြာ အသုံးပြုခဲ့ရာ တစ်ရက်အမှိုက်ထွက်ရှိမှုနှုန်း ငါးတန်မှ ၁၀ တန်ခန့်အထိ ထွက်ရှိရာမှ လက်ရှိတွင် တစ်ရက် အမှိုက်ထွက်ရှိမှုနှုန်း ၂၄ တန်မှ ၂၈ တန်အထိ ရှိလာသည့်အတွက် မြေတစ်ဧကအား အမှိုက်စုပုံပြီး ဝ.၃ ဧကခန့်သာ ကျန်ရှိလျက်ရှိပါကြောင်း၊ နောင်တစ်နှစ်အထိသာ အမှိုက်စုပုံနိုင်မည် ဖြစ်သည့် အတွက် အမှိုက်စွန်ပစ်မည့်နေရာနှင့်ပတ်သက်ပြီး မဖြစ်မနေဖြေရှင်းရတော့မည့် ပြဿနာ ဖြစ်ကြောင်း ဖြေကြားထားရှိပါကြောင်း၊ ဒလမြို့နယ်မှထွက်ရှိသော အမှိုက်များအားလုံးကို မြေကျင်းတူး၍ တိုက်ရိုက်စွန့်ပစ်သည့် Open Dumping စနစ်ဖြင့် စုပုံနေရခြင်းဖြစ်ပြီး အမှိုက်များပြန့်ကျဲခြင်းမရှိစေရန် ယာဉ်ယန္တရားများဖြင့်လည်း အခါအားလျော်စွာ စုစည်းသိမ်းဆည်း ခြင်းဖြင့် အနံ့အသက်နှင့် ယင်ကောင်များ လျော့ပါးစေရေးအတွက် အမှိုက်ပုံကြီးများတွင် သုံးသောဆေးများသုံးစွဲပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါတွင် အမှိုက်ပုံပြောင်းရွှေ့ ရေးအတွက် ထပ်မံတင်ပြလာသည့်အတွက် ဒလမြို့နယ်ပတ်ဝန်းကျင်တွင် မြေနေရာသစ်များ ရှာဖွေလျက်ရှိပါကြောင်း၊ အမှိုက်ပုံပြောင်းရွှေ့နိုင်ရေးအတွက်  ဒလမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များရုံး မဲဆန္ဒနယ်အမှတ်(၁)နှင့် အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တို့မှ တင်ပြလာသည့်မြေနေရာအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ အောက်ပါအတိုင်း စိစစ်တွေ့ရှိရပါကြောင်း၊

(က) အဆိုပါမြေကွက်သည် လယ်ကွက် ၆ ကွက်တစ်ဆက်တည်းဖြစ်ပြီး ၈.၄၅ ဧကခန့်ရှိသော ဒလဓနုတ်လမ်းနှင့် ထော်အောက်ကျေးရွာအတွင်းတည်ရှိခြင်း၊ (ခ) လယ်ကွက်နေရာသည် ဒလဓနုတ် ကားလမ်းမှ ပေ ၃၀၀၀ ကျော်ခန့်နှင့် ထော်အောက်ရွာအဝင်လမ်းနှင့် ပေ ၂၅၀၀ ကျော်ခန့် အကွာအဝေးတွင် တည်ရှိပြီး လက်ရှိအမှိုက်စုပုံသည့်နေရာနှင့် အဖြောင့်တိုင်းတာပါက ပေ ၉၀၀၀ ကျော်ခန့် ကွာဝေး၍ အမှိုက်သိမ်းဆည်းဆောင်ရွက်မှု ပိုမိုဝေးကွာမည်ဖြစ်ခြင်းနှင့် လမ်းမမှ ယင်းလယ်ကွက်သို့  ဝင်/ထွက်နိုင်ရန် အခြားလယ်ကွက်များမှ လမ်းမြေအသုံးပြုရန် ထပ်မံညှိနှိုင်းဝယ်ယူရမည်ဖြစ်ခြင်း၊ (ဂ) လယ်ကွက်နေရာတွင် လက်ရှိအမှိုက်ပုံထက် ပို၍ဝေးသည့် နေရာတွင်ရှိသဖြင့် အမှိုက်သိမ်းယာဉ်များနှင့် စက်ယန္တရားကြီးများ လိုအပ်မည်ဖြစ်ခြင်း၊ (ဃ) ဘေးပတ်ဝန်းကျင်တွင် လက်ရှိစိုက်ပျိုးနေသည့် လယ်မြေကွက်များတည်ရှိနေ၍ အမှိုက်စုပုံခြင်း အား မည်သို့မျှသန့်စင်ခြင်းမပြုဘဲ တိုက်ရိုက်စွန့်ပစ်မည်ဆိုလျှင်အမှိုက်မှ ထွက်ရှိသည့်အရည်များ ကြောင့် ပတ်ဝန်းကျင်ရှိလယ်မြေများပျက်စီးမှုများဖြစ်ပေါ်ပြီး စိုက်ပျိုး၍မရနိုင်‌သော အခြေအနေသို့ ဖြစ်ပေါ်လာနိုင်ခြင်း၊ (င) ဒလမြို့နယ်တွင် နောင်တိုးတက်ဖွံ့ဖြိုးလာမည့်အနေအထားများအရ အမှိုက်ထွက်ရှိမှုနှုန်းများပြားလာမည်ဖြစ်ရာ ရေရှည်အတွက် အစီအမံများမချမှတ်နိုင်မီ ရေတို ကာလအတွက် အမှိုက်ပုံအဖြစ် အသုံးပြုမည်ဆိုပါက ဘေးလယ်ကွက်များ ပျက်စီးမှုမရှိစေနိုင်သည့် အမှိုက်စုပုံမှုနည်းစနစ်များ ကျင်‌့သုံးဆောင်ရွက်နိုင်ရန်အတွက် ရန်ပုံငွေလျာထားဆောင်ရွက်ရန် လိုအပ်ခြင်း၊ (စ) ယခုလယ်မြေဧကအား ဝယ်ယူရန်နှင့် ဝင်/ထွက်လမ်းများအတွက် အခြားလယ်များဝယ်ယူရန် ရန်ပုံငွေလျာထားရန်လိုအပ်ခြင်းစသည်တို့ကို တွေ့ရှိရပါကြောင်း၊

လက်ရှိ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံအား ထော်အောက်ကျေးရွာရှိ လယ်ယာမြေ ၈ ဧကပေါ်သို့ ဝယ်ယူပြောင်းရွှေ့ပေးနိုင်ရေး၊ ရန်ပုံငွေများချထားပေးနိုင်ရေး တင်ပြလာခြင်းနှင့် အဆိုပါလယ်မြေ များအား စစ်ဆေးတွေ့ရှိရသည့်အခြေအနေများကို ၇-၅-၂၀၁၉ ရက်နေ့ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၌ ကျင်းပပြုလုပ်ခဲ့သော ကော်မတီဝင်များ၏အစည်းအဝေးတွင် ဆွေးနွေး ခဲ့ရာ အစည်းအဝေးမှတ်တမ်း(၁၄/၂၀၁၉) အစည်းအဝေးဆုံးဖြတ်ချက်အပိုဒ် ၆(ဂ)အရ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ၁၆-၅-၂၀၁၉ ရက်နေ့တွင်ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၈/၂၀၁၉) သို့ တင်ပြခဲ့ရာ ဆုံးဖြတ်ချက်အပိုဒ် ၂၅  အရ မူလလျာထားသည့်မြေ ၈ ဧကအပြင် နောက်ထပ်မြေ ၁၂ ဧက ထပ်တိုးဝယ်ယူရန်နှင့် အမှိုက်စွန့်ပစ်ခြင်းလုပ်ငန်းအား Private(ပုဂ္ဂလိက) နှင့်ပူးပေါင်းဆောင်ရွက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုမှ စွမ်းအင်ပြန်ရချက်အချိုး(Energy Return on Investment) ရရှိစေရေး ခေါ်ယူဆောင်ရွက်ရန်ဟု ဆုံးဖြတ်ခဲ့ပါကြောင်း၊

သို့ဖြစ်ပါ၍ မေးခွန်းနှင့်စပ်လျဉ်း၍ အချုပ်အားဖြင့် အောက်ပါအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားထားရှိပါကြောင်း၊ (က) အမှိုက်ပုံပြောင်းရွှေ့ရန် တင်ပြလာသည့် ထော်အောက်ကျေးရွာမှ လယ်မြေကွက်များအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဖွဲ့မှအဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ရာ အထက်တွင်ဖော်ပြထားသည့် ကွင်းဆင်းစစ်ဆေး ချက်များအရ ရေရှည်အတွက် စဉ်းစားရာတွင် အမှိုက်ပုံနေရာအဖြစ် အသုံးပြုရန်မသင့်လျော်၍ မူလလျာထားသည့် မြေ ၈ ဧကအပြင် နောက်ထပ်မြေ ၁၂ ဧက စုစုပေါင်း ၂၀ ဧကအား ဝယ်ယူရန် မြေနေရာအသစ်ထပ်မံ ရှာဖွေဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ (ခ) အဆိုပါ နောက်ဆုံးစွန့်ပစ် အမှိုက်ပုံပြောင်းရွှေ့ဆောင်ရွက်ရန်အတွက် မြေနေရာ ၂၀ ဧကဝယ်ယူရန် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဘတ်ဂျက်လျာထားချက်၌ ထည့်သွင်းလျာထားထားရှိပါကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ဖြေကြားပါသည်။