မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကွန်ဗင်းရှင်းတွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် အဆိုပါကျင့်ထုံးဥပဒေနှင့်အညီ ဆောင်ရွက်နေသည့် နိုင်ငံလည်းဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရေး အတွက် အစိုးရအဆက်ဆက်တာဝန်ရှိသူများက အလေးပေးဆောင်ရွက်ခဲ့ကြသော်လည်း မိမိတို့နိုင်ငံ၏ ပထဝီအနေအထား၊ စီးပွားရေး အခြေအနေ၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်သည့် နေရာတွင် တစ်ဆင့် ကြားခံနိုင်ငံအဖြစ်လည်းကောင်း၊ အဓိကထုတ်လုပ်သည့် နိုင်ငံအဖြစ်လည်းကောင်း အမေရိကန်အစိုးရသတ်မှတ်ထားသည့် နိုင်ငံပေါင်း ၂၁ နိုင်ငံတွင် မိမိတို့နိုင်ငံအနေဖြင့် ပါဝင်နေဆဲ ဖြစ်ပါကြောင်း၊
ကမ္ဘာပေါ်တွင် မူးယစ်ဆေးဖြန့်ချိသုံးစွဲမှုအမြင့်ဆုံးနိုင်ငံစာရင်းဝင်ဖြစ်သည့် မြန်မာနိုင်ငံတွင် အစိုးရက မည်သို့ ထိထိမိမိထိန်းချုပ်နိုင်မည်ကိုလည်း လူတိုင်းကစိတ်ဝင်စားနေကြပါကြောင်း၊ မူးယစ်ဆေးများသည် ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူရရှိနိုင်သည့်အတွက်ကြောင့် လူငယ်များ အကြား မူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြားလာပါကြောင်း၊
၂၀၁၆ ခုနှစ်၊ ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေး(UNODC) အဖွဲ့၏ အစီရင်ခံစာအရ မူးယစ် ဆေးဝါးသုံးစွဲသည့်ဦးရေ သုံးသိန်းခန့်ရှိရာ မူးယစ်ဆေးဝါးသုံးစွဲမှုမှတ်တမ်းစာရင်း၌ ၉၂၅၈ ဦးသာ ဆေးဝါးကုသမှုခံယူခဲ့ရကြောင်း ရာခိုင်နှုန်းအားဖြင့် ၃ ရာခိုင်နှုန်းသာကုသပေးနိုင်ခဲ့ကြောင်း UNODC အဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သိရပါကြောင်း၊ အစိုးရသစ်လက်ထက်တွင် ယခင်ပြဋ္ဌာန်းထားသည့် မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဥပဒေများတွင် ပြစ်မှု၊ ပြစ်ဒဏ်များကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့်အတွက် ယခင်ပြဋ္ဌာန်းချက် ပုဒ်မ ၁၅ တွင် ဖော်ပြထားသည့်ပြစ်ဒဏ်များအစား လူမှုအကျိုးပြုလုပ်ငန်းများ ဖြင့် အစားထိုးပြင်ဆင်ခဲ့ပါကြောင်း၊
မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အနှံ့တွင် ဆေးဖြတ်စခန်းများကို လက်လှမ်းမီသောနေရာတိုင်းမှာ ဖွင့်လှစ်ပေးနိုင်ခြင်းရှိ/မရှိ၊ ပြင်ဆင်ပြဋ္ဌာန်းလိုက်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅ မှာ ဖော်ပြပါရှိသော လူမှုပြစ်ဒဏ်များပေး နိုင်ရေး အတွက် ပြုစုပျိုးထောင်ရေး၊ ပြန်လည်ထူထောင်ရေး လူမှုအကျိုးပြုလုပ်ငန်းများတွင် သတ်မှတ်ထားသည့် ဝတ်စုံများ ဝတ်ဆင်၍ တစ်ရက်ကို နှစ်နာရီ အနည်းဆုံး နာရီ ၂၄၀ မှ ၃၆၀ အထိ ပြစ်ဒဏ်များကိုကျခံနိုင်ရန်အတွက် အစိုးရအနေဖြင့် မည်သည့်နေရာများတွင် အဆောက်အဦများ ဆောက်လုပ်ထားသည်၊ ထိုပြစ်ဒဏ်များကို လက်တွေ့တွင် စတင်အကောင်အထည်ဖော် ချမှတ်ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်သမ္မတဦးဆောင်၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်သမ္မတရုံး၊ မူးယစ်ဆေးဝါး သတင်းပေးတိုင်ကြားရေးဌာနကို ၂၇-၆-၂၀၁၈ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု အမှုစုစုပေါင်း တရားခံပေါင်း ၄၂၀၀၀ ကျော်ရှိပါကြောင်း၊ ဆေးဝါး သုံးစွဲသူများ၊ ဆေးကုသရေးနှင့်ပြန်လည်ထူထောင်ရေးအတွက်၊ ပြုစုပျိုးထောင်ရေးအတွက် ပြန်လည် ထူထောင်ရေးစခန်း ၁၁ ခုရှိပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ရပ်ရွာအခြေပြု ပြင်ပမှဆေးဖြတ်ပြီး ပြန်လည်ထူထောင်ရေးဆောင်ရွက်လိုသူများကိုလည်း လိုအပ်ချက်အရ သက်ဆိုင်ရာအဖွဲ့အစည်းများအစီအစဉ်ဖြင့် ပြန်လည်ထူထောင်ရေး သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိရာ ပြန်လည် ထူထောင်ရေး စခန်းများမရှိသည့် မြို့နယ်များမှာ ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လိုအပ်ချက်အရဖွင့်လှစ်လိုပါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာဒေသရှိ အစိုးရအဖွဲ့အစည်းများ၏ အစီအစဉ်ဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊
ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဇွန်လအထိ သင်တန်းသား ၇၅၆ ဦးအား ပြန်လည်ထူထောင်ရေးသင်တန်းများဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊
မူးယစ်ဆေးဖြတ်သူများ၊ ဖြတ်ပြီးသူများအား ပြန်လည်ထူထောင်ရေးစခန်းများတွင် စခန်း အခြေပြုပြန်လည် ထူထောင်ရေးသင်တန်းများကို ယခင်က သင်တန်းကာလ ၃၅ ရက်ဖြင့် ဖွင့်လှစ်ခဲ့သော်လည်း ယခုအချိန်မှာ သင်တန်းကာလ သုံးလအထိတိုးမြှင့်သတ်မှတ်၍ ပိုမိုထိရောက်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ဆောင်ရွက်နိုင်ရန် လေ့ကျင့်သင်ကြား ပေးသွားမည် ဖြစ်ကြောင်းနှင့် မန္တလေးပြန်လည်ထူထောင်ရေးစခန်းမှာ ၁၈-၅-၂၀၁၉ ရက်နေ့မှစ၍ သုံးလသင်တန်းအား သင်တန်းသား ၃၀ ဦးဖြင့် စတင်ဖွင့်လှစ်လျက်ရှိပါကြောင်း၊
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအနေဖြင့် မူးယစ်ဆေးစွဲရောဂါကုသရေး ဌာနများကိုဖွင့်လှစ်၍ လိုအပ်သော ဆေးဝါးကုသမှုများနှင့်အတူ ပညာပေးလုပ်ငန်းများဆောင်ရွက် ပေးလျက် ရှိရာ တိုင်းဒေသကြီး/ပြည်နယ်အားလုံး၏ မြို့တော်များနှင့်မြို့ကြီးများတွင် မူးယစ်ဆေးစွဲ ရောဂါကုဌာနကြီး ၂၉ ခု၊ ခရိုင်မြို့နယ်များတွင် မူးယစ်ဆေးစွဲကုသရေးဌာနငယ် ၅၆ ခုဖွင့်လှစ် ထားရှိပါကြောင်း၊၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း အဆိုပါဌာနများတွင် ဆေးဝါးကုသပေးခဲ့သည့် မူးယစ် ဆေးစွဲရောဂါလူနာသစ် ၂၄၁၁၂ ဦးရှိပါကြောင်း၊
၁၉၉၃ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါများဆိုင်ရာဥပဒေကို ၁၄-၂-၂၀၁၈ ရက်နေ့ တွင် ပြင်ဆင်ခဲ့ပြီး ယခင်မူလဥပဒေပုဒ်မ ၁၅ တွင် ပြဋ္ဌာန်းထားသော မူးယစ်ဆေးဝါးသုံးစွဲမှုကို ပြစ်မှုအဖြစ် သတ်မှတ်ထားခြင်းမှပယ်ဖျက်၍ မူးယစ်ဆေးဝါးသုံးစွဲမှုကို ကျန်းမာရေးနှင့်လူမှုရေးပြဿနာတစ်ရပ်အဖြစ် ရှုမြင်သုံးသပ်ပြီး လူမှုရေးပြစ်ဒဏ်အဖြစ်သာ ချမှတ်နိုင်ရန် ပုဒ်မ ၁၅ အခန်း(၇)(က)တွင် ဖြည့်စွက်ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ပြင်ဆင်သည့်ဥပဒေအရ မူးယစ်ဆေးဝါးသုံးစွဲသူအား လူမှုရေးပြစ်ဒဏ်ချမှတ်ရန် အဆိုပါပြစ်ဒဏ် ရေးဆွဲနေသည့် နည်းဥပဒေပုဒ်မ ၉ ပုဒ်မခွဲ(က) မှ (စ)အထိ ပြဋ္ဌာန်းထားပြင်ဆင်ရေး ဆွဲချက်အရ ဆေးဝါး သုံးစွဲသူတိုင်းကို လူမှုရေး ပြစ်ဒဏ်ချမှတ်ရန်မဟုတ်ဘဲ ဆေးစစ်ဆေးခံယူရန်နှင့် ဆေးဝါး ကုသမှုခံယူရန် ရဲတပ်ဖွဲ့ကပို့ဆောင်ပေးရမှာဖြစ်ပြီး ဆေးဝါးကုသမှုခံယူခြင်းကို ငြင်းဆန် ပျက်ကွက်ပါက ရဲတပ်ဖွဲ့က တရားစွဲဆိုပြီး တရားရုံးက ခံဝန်ချုပ်ချုပ်ဆိုရန်ချမှတ်၍ အဆိုပါ ခံဝန်ချုပ်ပါ စည်းကမ်းချက်ဖောက်ဖျက်သူကို သက်ဆိုင်ရာပြန်လည်ပြုစုရေးစခန်း သို့မဟုတ် ပြန်လည်ထူထောင်ရေး စခန်းသို့ ခြောက်လပို့အပ်ခြင်း ခံယူရန်၊ ထိုသို့ပို့အပ်စဉ်ကာလအတွင်း စခန်းထုတ်ပြန်ထားတဲ့ စည်းကမ်းချက်များကိုဖောက်ဖျက်မှသာလျှင် ၎င်းအား သက်ဆိုင်ရာ တရားရုံးသို့လျှောက်ထားပြီး တရားရုံးက ပုဒ်မ ၁၅ ပါပြဋ္ဌာန်းချက်အတိုင်း လူမှုရေးအကျိုးပြု လုပ်ငန်းများကြီးကြပ်သူရှေ့မှောက်တွင် အမိန့်ချခြင်း၊ ခွဲခြားဆက်ဆံခြင်း သဘောမသက်ရောက် သည့် သတ်မှတ်ထားသည့်ဝတ်စုံကိုဝတ်ဆင်လျက် တစ်ရက်လျှင် နှစ်နာရီဖြင့် အနည်းဆုံး နာရီ ၂၄၀ မှ အများဆုံး နာရီ ၃၆၀ အထိ ကိုယ်တိုင်လုပ်အားဖြင့် အခမဲ့လုပ်ကိုင်ဆောင်ရွက် ရန်အမိန့်ချမှတ်ရမည်ဖြစ်ပါကြောင်း၊
အဆိုပါပြစ်ဒဏ်ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် နည်းဥပဒေသစ် ရေးဆွဲ ပြဋ္ဌာန်း၍ ဥပဒေနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ၁၉၉၅ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာနည်းဥပဒေများအား ပြင်ဆင်ရေးဆွဲနိုင်ရေးကော်မတီကို ဒုတိယရဲချုပ်နှင့် ရဲဗိုလ်ချုပ်အောင်နိုင်ကို ဥက္ကဋ္ဌအဖြစ် ၂၈ ဦးပါ အဖွဲ့ဖွဲ့၍ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီးရုံး၏ ၂၀-၁၀-၂၀၁၈ ရက်စွဲပါ စာဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်ထားရှိပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ နည်းဥပဒေမူကြမ်းကိုရေးဆွဲပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ပေးပို့၍ သဘောထားမှတ်ချက် တောင်းခံထားလျက်ရှိပါကြောင်း၊
သို့ပါ၍ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ပြင်ဆင်သည့် နည်းဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးမှသာလျှင် ဥပဒေနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည် ဖြစ်သဖြင့် ထိုသို့အကောင်အထည်ဖော်ဆောင်ရွက်ရန် အဆောက်အဦများဆောက်လုပ်ထားခြင်း မရှိသေးပါကြောင်း ပြနလည်ဖြေကြားပါသည်။
