မင်းလှမြို့နယ်အတွင်းရှိ ပြည်ထဲရေး အမည်မပေါက်သေးသော မစိုးရိမ်ကျေးရွာ၊ စိန်သာယာကျေးရွာ၊ ဟိုင်းယုကျေးရွာ၊ ကြာပင်အိုင်ကျေးရွာ၊ အောင်ဆန်းမြိုင်ကျေးရွာ၊ ကြံတိုင်းအောင်ကျေးရွာ၊ သီဟိုဠ်မြိုင် ကျေးရွာ၊ ရွာသာယာကျေးရွာ (လက်ဆက်အုပ်စု)၊ ချမ်းမြေ့သာယာကျေးရွာ၊ ရွာသာယာကျေးရွာ (ဝက်လှကြီးအုပ်စု)၊ ကျွန်းကုန်းကျေးရွာများအား ပြည်ထဲရေး အမည်ပေါက်အဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
ဆင်တဲကုန်းအုပ်စု၊ မစိုးရိမ်ကျေးရွာတွင် အိမ်ခြေ ၈၄ အိမ်၊ အိမ်ထောင်စု ၁၀၅ စု၊ လူဦးရေ ၃၈၃ ဦး၊ ပေပင်တန်း ကျေးရွာအုပ်စု၊ စိန်သာယာ ကျေးရွာတွင် အိမ်ခြေ ၃၈ အိမ်၊ အိမ်ထောင်စု ၃၈ စု၊ လူဦးရေ ၁၆၅ ဦး၊ ရှေးကုန်းကျေးရွာအုပ်စု၊ ဟိုင်းယုကျေးရွာ နောက်ဆုံးစာရင်းတွင် အိမ်ခြေ ၁၃၀၊ အိမ်ထောင်စု ၁၃၅စု ၊လူဦးရေ ၅၆၁ ဦး၊ အင်းဘုတ်ကုန်း ကျေးရွာအုပ်စု၊ ကြာပင်အိုင် ကျေးရွာတွင် အိမ်ခြေ ၁၀၁ အိမ်၊ အိမ်ထောင်စု ၁၀၅ စုနှင့် လူဦးရေ ၅၇၀ ဦး၊ လှည်းပြင်တင်ကျေးရွာအုပ်စု၊ အောင်ဆန်းမြိုင် ကျေးရွာ တွင် အိမ်ခြေ ၁၂၄ အိမ်၊ အိမ်ထောင်စု ၁၂၈ စုနှင့် လူဦးရေ ၄၆၂ ဦး၊ လက်ဆက်ကျေးရွာအုပ်စု၊ ကြံတိုင်းအောင် ကျေးရွာတွင် အိမ်ခြေ ၃၃ အိမ်၊ အိမ်ထောင်စု ၂၈ စုနှင့် လူဦးရေ ၆၂ ဦး၊ လက်ဆက် ကျေးရွာအုပ်စု၊ သီဟိုဠ်မြိုင်ကျေးရွာတွင် အိမ်ခြေ ၇၀၊ အိမ်ထောင်စု ၇၀ နှင့် လူဦးရေ ၁၂၀ ဦး ၊ ဘွတ်စိန်ပု ကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာတွင် အိမ်ခြေ ၁၀၈ အိမ်၊ အိမ်ထောင်စု ၁၀၈ စုနှင့် လူဦးရေ ၃၉၈ ဦး၊ ဝက်လှကြီး ကျေးရွာအုပ်စု၊ ချမ်းမြေ့သာယာကျေးရွာတွင် အိမ်ခြေ ၂၄ အိမ်၊ အိမ်ထောင်စု ၂၇ စုနှင့် လူဦးရေ ၈၀ ဦး၊ မင်းလှနှင့် အနီးဆုံး တွင် ကြို့ကုန်း(၁)ကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာသည် အိမ်ခြေ ၈၀ ရှိကြောင်း၊ အိမ်ထောင်စု ၉၀ နှင့် လူဦးရေ ၃၅၉ ယောက် ရှိကြောင်း၊ စမ်းဘုတ်ကျေးရွာအုပ်စု၊ ကျွန်းကုန်းကျေးရွာ သည် တောင်ပေါ်ရွာဖြစ်ပါကြောင်း၊ ကရင်လူမျိုး အများဆုံးနေထိုင်သည့် တိုင်းရင်းသားများ ဖြစ်ပါကြောင်း၊ အိမ်ခြေ ၇၁ အိမ်၊ အိမ်ထောင်စု ၇၄ စုနှင့် လူဦးရေ ၃၁၉ ဦး တို့ရှိပါကြောင်း၊ လူထုတွေ့ဆုံပွဲများတွင် တခြား လမ်းများ၊ ကျောင်းများ၊ ဆေးခန်းများ၊ မီးများ ကို တောင်းဆိုခြင်း မပြုသော်လည်း မိမိတို့၏ ရွာကို တရားဝင် ကျေးရွာအမည်ပေါက် ရရှိစေရန် ဆောင်ရွက်ပေးပါရန် တစ်ရွာလုံးမှ တောင်းဆိုသည့် ရွာ ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမဲဆန္ဒနယ်ရှိ တရားဝင် ကျေးရွာအမည် မပေါက်သေး သည့် ကျေးရွာ ၁၁ ရွာကို တရားဝင် ကျေးရွာ အမည်ပေါက် ဖြစ်စေရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဆင်တဲကုန်း ကျေးရွာအုပ်စု၊ မစိုးရိမ်ကျေးရွာသည် အိမ်ခြေ ၈၅ အိမ်၊ လူဦးရေ ၁၈၅ ဦး၊ မြေဧရိယာ ၃၀ ဧက၊ မြေအမျိုးအစား လယ်မြေဖြစ်ပြီး၊ လျှပ်စစ်မီးလင်းရေး ဆောင်ရွက် ထားသည့်အပြင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း ၂၀ ဖြင့် ဆင်တဲကုန်း၊ မစိုးရိမ်လမ်း၊ ဂဝံလမ်းခင်းခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့သော် မြေအမျိုး အစားသည် လယ်ယာမြေဖြစ်သည့်အတွက် အခြားနည်း အသုံးပြုခွင့် ရရှိရေး တင်ပြ ဆောင်ရွက်သွားမည် ဖြစ်ပြီး ခွင့်ပြုချက် ရရှိပါက ကျေးရွာအမည်ပေါက် ရရှိရေးကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊ ပေပင်တန်းကျေးရွာအုပ်စု၊ စိန်သာယာကျေးရွာသည် အိမ်ခြေ ၃၈ အိမ်၊ လူဦးရေ ၁၆၅ ဦး၊ ဧရိယာ ၆.၉ ဧက၊ မြေအမျိုးအစားသည် လယ်မြေ ဖြစ်ပါကြောင်း၊ ၎င်းကျေးရွာ တွင် အ.မ.က ကျောင်းတစ်ကျောင်း၊ လျှပ်စစ်မီးလင်းရေးအတွက် ဓာတ်တိုင်များ စိုက်ထူထားပါကြောင်း၊ စိန်သာယာ-ပေပင်တန်း ဆက်သွယ်သည့် ကျေးလက်လမ်း ၂.၅ မိုင် ကိုဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ယခု ကျေးရွာသည့်လည်း လယ်ယာမြေဖြစ်သည့်အတွက် အခြားနည်း အသုံးပြုခွင့်ရရှိရေးကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ရွေးကုန်းကျေးရွာအုပ်စု၊ ဟိုင်းယုကျေးရွာသည် အမည်ပေါက် ရရှိရေးအတွက် သာယာဝတီ ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တင်ပြသည့် အမှုတွဲကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစည်း အဝေး ဆုံးဖြတ်ချက်ဖြင့် နိုင်ငံတော်သမ္မတရုံးကို ထောက်ခံတင်ပြနိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ အင်းဘုတ်ကုန်း ကျေးရွာအုပ်စု၊ ကြာပင်အိုင်ကျေးရွာသည် အိမ်ခြေ ၁၀၁ အိမ်၊ လူဦးရေ ၅၇၀ ဦး၊ မြေဧရိယာ ၂၀ ဧက ရှိပြီး မြေအမျိုးအစားမှ လယ်မြေဖြစ်ပါကြောင်း၊ အ.မ.က ကျောင်းတစ်ကျောင်းပြီး လျှပ်စစ်မီးလင်းရေးအတွက် ဓာတ်တိုင်များ စိုက်ထူထားပြီး ဖြစ်ပါကြောင်း၊ ရွာမြေသည် လယ်ယာမြေ ဖြစ်သည့် အတွက် အခြားနည်း အသုံးပြုခွင့် ရရှိရေးကို ဆောင်ရွက်ပြီးမှသာ ကျေးရွာအမည်ပေါက် ရရှိရေး ကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လှည်းပြင်တင်ကျေးရွာအုပ်စု၊ အောင်ဆန်းမြိုင်ကျေးရွာ သည် အိမ်ခြေ ၁၂၄ အိမ်၊ လူဦးရေ ၄၆၂ ဦး၊ ဧရိယာ ၁၀၀၀ ဧက၊ မြေအမျိုးအစားသည် မြေလွတ်၊ မြေရိုင်း ဖြစ်ပါကြောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တစ်ကျောင်းရှိပြီး လျှပ်စစ်မီးလင်းရေး စီမံကိန်းနှင့် ကိုယ်ထူကိုယ်ထ ကျေးလက်လမ်း ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ မြေလွတ်၊ မြေရိုင်းစီမံခန့်ခွဲမှု ဗဟို ကော်မတီ၏ ခွင့်ပြုချက် ရရှိရေး တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ခွင့်ပြုချက် ရရှိပါက ကျေးရွာ အမည်ပေါက် ရရှိရေးကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လက်ဆက်ကျေးရွာအုပ်စု၊ ကြံတိုင်းအောင် ကျေးရွာသည် အိမ်ခြေ ၃၃ အိမ်၊ လူဦးရေ ၆၂ ဦး၊ မြေဧရိယာ ၅၈ ဧက၊ မြေအမျိုးအစား သည် စားကျက်မြေ ဖြစ်ကြောင်း၊ စားကျက်မြေဖြစ်သည့်အတွက် မိမိတို့ စားကျက်မြေ ပယ်ဖျက်ခွင့် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ကျေးလက်လမ်းများသည် ကိုယ်ထူကိုယ်ထ ကျေးလက်လမ်းရှိကြောင်း၊ စားကျက် မြေပယ်ဖျက်ခွင့် ရရှိရေးအတွက် တင်ပြဆောင်ရွက်ပြီးပါက ကျေးရွာအမည်ပေါက် ရရှိရေး အတွက် ဆက်လက်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ လက်ဆက် ကျေးရွာအုပ်စု၊ သီဟိုဠ်မြိုင် ကျေးရွာ သည် အိမ်ခြေ ၇၀ အိမ်၊ လူဦးရေ ၁၂၀ ဦး၊ မြေဧရိယာ ၇၀ ဧက၊ မြေအမျိုးအစားသည် မြေလွတ်၊ မြေရိုင်းဖြစ်ကြောင်း၊ ကျေးလက်လမ်းများသည် ကိုယ်ထူကိုယ်ထ ကျေးလက်လမ်းများ ရှိပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု ဗဟိုကော်မတီ၏ ခွင့်ပြုချက် ရရှိရေးကို တင်ပြ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ခွင့်ပြုချက်ရရှိပါက ကျေးရွာအမည်ပေါက် ရရှိရေးကို ဆက်လက်ဆောင်ရွက် သွား မည်ဖြစ်ပါကြောင်း၊ ဘွတ်စိန်ပု ကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာဟာလည်း အိမ်ခြေ ၁၀၈ အိမ်၊ လူဦးရေ ၃၉၈ ဦး၊ မြေဧရိယာ ၃၀ ဧက၊ မြေအမျိုးအစား လယ်မြေ ဖြစ်ကြောင်း၊ ကျေးရွာမီးလင်းရေးအတွက် ဓာတ်တိုင်များ စိုက်ထူထားပြီးဖြစ်ကြောင်း၊ ကျေးရွာလမ်းများသည် ကိုယ်ထူကိုယ်ထ ကျေးလက်လမ်းများ ရှိကြောင်း၊ လယ်ယာမြေဖြစ်သည့်အတွက် အခြားနည်း အသုံးပြုခွင့် ရရှိရေးကို တင်ပြဆောင်ရွက် သွားရမည် ဖြစ်ကြောင်း၊ ခွင့်ပြုချက်ရရှိပါက ကျေးရွာအမည်ပေါက် ရရှိရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဝက်လှကြီးကျေးရွာအုပ်စု၊ ချမ်းမြေ့သာယာကျေးရွာသည် အိမ်ခြေ ၂၄ အိမ်၊ လူဦးရေ ၈၀ ဦး၊ မြေဧရိယာ ၅ ဧက၊ မြေအမျိုးအစားသည် စားကျက်မြေ ဖြစ်ကြောင်း၊ ကျေးရွာမီးလင်းရေး အတွက် ဓာတ်တိုင်များ စိုက်ထူထားပြီး ဖြစ်ပါကြောင်း၊ စားကျက်မြေ ပယ်ဖျက်ခွင့် ရရှိရေး တင်ပြ ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ခွင့်ပြုချက်ရရှိပါက ကျေးရွာအမည်ပေါက် ရရှိရေးကို ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ ကြို့ကုန်း(၁)ကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာသည် အိမ်ခြေ ၈၅ အိမ်၊ လူဦးရေ ၃၅၀ ဦး၊ မြေဧရိယာ ၄ ဧက၊ မြေအမျိုးအစား လယ်မြေဖြစ်ကြောင်း၊ ၂၀၁၈-၁၉ ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် ၁၅ သိန်းဖြင့် ရွာသာယာမြောက်ဘက် တန်းလမ်း ဂဝံခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးနေကြောင်း၊ လယ်ယာမြေဖြစ်သည့်အတွက် အခြားနည်း အသုံးပြုခွင့် ရရှိရေးတင်ပြ ဆောင်ရွက်သွားမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိပါက ကျေးရွာအမည်ပေါက် ရရှိရေး ကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျွန်းကုန်းကျေးရွာသည် အိမ်ခြေ ၇၂ အိမ်၊ လူဦးရေ ၂၇၈ ဦး၊ မြေဧရိယာ ၁.၇၅ ဧက၊ မြေအမျိုးအစား လယ်မြေဖြစ်ပြီး၊ ကိုယ်ထူကိုယ်ထ ကျေးလက် လမ်း တစ်လမ်းနှင့် သစ်သားတံတား တစ်စင်းရှိကြောင်း၊ လယ်ယာမြေဖြစ်သည့်အတွက် အခြားနည်း အသုံးပြု ခွင့် ရရှိရေးကို တင်ပြဆောင်ရွက် မည်ဖြစကြောင်း၊ ခွင့်ပြုချက်ရရှိပါက ကျေးရွာအမည်ပေါက် ရရှိရေးကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အထက်ဖော်ပြပါ ကျေးရွာ ၁၁ ရွာ အနက် ရွေးကုန်း ကျေးရွာအုပ်စုအတွင်း ပါဝင်ဖွဲ့စည်းမည့် ဟိုင်းယုကျေးရွာကို သစ်တောကြိုးဝိုင်းတွင် ထည့်မည်ဖြစ်ပါ ကြောင်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ပယ်ဖျက်ပြီး ဖြစ်သည့်အတွက် အမည်ပေါက်ကျေးရွာ ဖြစ်စေရေး အတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် နိုင်ငံတော်သမ္မတရုံးသို့ ထောက်ခံတင်ပြနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဟိုင်းယုကျေးရွာမှအပ ကျန် ၁၀ ရွာများသည့် လယ်ယာမြေ၊ စားကျက်မြေနှင့် မြေလွတ်၊ မြေရိုင်း အမျိုးအစားများ ဖြစ်ကြောင်း၊ လယ်ယာမြေတွင် ရှိ သည့် ကျေးရွာသစ်များများကို လယ်ယာမြေ ဥပဒေပုဒ်မ ၃၀(က) အရ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့၏ လယ်ယာမြေအား အခြားနည်းဖြင့် အသုံးချခွင့် ရယူပြီးချိန်တွင်လည်းကောင်း၊ စားကျက်မြေအတွင်း တည်ရှိသည့် ကျေးရွာသစ်များကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၏ စားကျက်မြေအဖြစ် ပယ်ဖျက်ခွင့် ရယူပြီးချိန်တွင်လည်းကောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် တည်ရှိသည့် ကျေးရွာ သစ်များကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး နည်းဥပဒေ ၁၇ အရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ ခွင့်ပြုချက်များ ရရှိပြီးချိန်တွင် ကျေးရွာများ ဖွဲ့စည်းရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၄ အရ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်မှ နိုင်ငံတော်သမ္မတထံ ထောက်ခံ တင်ပြသွားမည် ဖြစ်ပါကြောင်းနှင့် နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနကို မိမိတို့ လွှဲပြောင်း ပေးပို့ရန် တာဝန်ပေးအပ်လာချိန်တွင် တရားဝင် ပြန်တမ်းဝင် ကျေးရွာများအဖြစ် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းနှင့် ယခင်က ပြည်ထဲရေးအမည်ပေါက် ဟု သုံးခဲ့ပါကြောင်း၊ နိုင်ငံတော်သမ္မတကြီး ကိုယ်စား ဆောင်ရွက်ပေးရသည့် Focal Ministry သည် ပြည်ထဲရေးဖြစ်ပြီး၊ အဓိက လုပ်ငန်းတာဝန်များ ဆောင်ရွက်ပေးရသည့် ထွေ/အုပ်သည် ပြည်ထဲရေး ဝန်ကြီးဌာနအောက်တွင် ရှိသည့်အတွက် ဖြစ်ပါကြောင်း၊ ၂၈.၁၂.၂၀၁၈ ရက်နေ့မှ စပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသည် ပြည်ထဲရေး ဝန်ကြီး ဌာနအောက်မှ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ပြီးဖြစ်သည့်အတွက် ကျေးရွာများကို ပြည်ထဲရေး အမည်ပေါက် ဟု ခေါ်မည့်အစား တရားဝင်ကျေးရွာများ (Gazette Village) ပြန်တမ်းဝင် ကျေးရွာများ ဖြစ်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန်ဆုံး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
