(ဆ)-လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)ပြုလုပ်ရာတွင် ပုဂ္ဂိုလ်/အဖွဲ့အစည်းအမည် ပြောင်းလဲရန် ခက်ခဲနေခြင်း ကိစ္စအား မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင်‌့စပ်လျဉ်းသည်‌့မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးစတုတ္ထနေ့ (၂၅.၇. ၂၀၁၉)

လယ်ယာမြေ ဥပဒေကို ၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့က စတင်ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ယင်းဥပဒေပုဒ်မ အခန်း(၃) လယ်ယာမြေလုပ်ပိုင်ခွင်‌့ ရရှိသူများ၏ အခွင်‌့အရေး ပုဒ်မ ၉ ပုဒ်မခွဲ(ခ)တွင် လယ်ယာမြေအားလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ လုပ်ပိုင်ခွင်‌့အား သတ်မှတ်ထားသောစည်းကမ်းများနှင်‌့အညီ ရောင်းချခွင်‌့၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင်‌့၊ လဲလှယ်ခွင်‌့နှင်‌့ ပေးကမ်းခွင်‌့ပြုထားပါကြောင်း၊ ထို့အပြင် အခန်း (၄) လယ်ယာမြေ လုပ်ပိုင်ခွင်‌့ရရှိသူ လိုက်နာရမယ်‌့စည်းကမ်းများ ပုဒ်မ ၁၂ ပုဒ်မခွဲ(ဂ)တွင် လယ်ယာမြေလုပ်ပိုင်ခွင်‌့ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင်‌့ ပေးကမ်းခြင်းတို့ကို ဆောင်ရွက်သည့်အခါ ဦးစီးဌာနကသတ်မှတ်ထားသည့် တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်းမှတ်ပုံတင်ခ တို့ကို ပေးဆောင်ရန် သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်ဟူ၍  ပြဋ္ဌာန်းထားပါကြောင်း၊

          လက်တွေ့တွင် ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ အမွေဆက်ခံခြင်းများကြောင်‌့ ရရှိလာသည့် လယ်ယာ မြေလုပ်ပိုင်ခွင်‌့ပြုလက်မှတ်(ပုံစံ-၇)အား လက်ဝယ်ရရှိသူသည် စာချုပ်စာတမ်းများမှတ်ပုံတင်အရ၊ မှတ်ပုံတင် ဥပဒေအရ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင်‌့ စာရင်းအင်းဦးစီးဌာနရုံးတွင် တရားဝင် မှတ်ပုံတင်မှသာ အမည်ပြောင်းလဲပြီး အခြားနည်းသုံးစွဲခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ သို့သော် တရားဝင်စာချုပ် စာတမ်း မှတ်ပုံတင်ရန် ဆောင်ရွက်ရာတွင် ရောင်းချခြင်း၊ ပေးကမ်းခြင်းကြောင်‌့ လယ်ယာမြေအား ကျသင်‌့ တံဆိပ်ခေါင်းခွန်နှင့် ကျသင်‌့ ဝင်ငွေခွန်ပေးဆောင်ရန် ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့မှ လယ်ယာ မြေအား တန်ဖိုးသတ်မှတ်ရန်လိုအပ်ပါကြောင်း၊ ယခုအခါ ယင်းအဖွဲ့အစည်းမှ ဒေသအလိုက်လယ်ယာ မြေများအား ကာလတန်ဖိုး သတ်မှတ်ထားခြင်းမရှိသည်‌့အတွက် စာချုပ်စာတမ်းမှတ်ပုံတင်ရန် ခက်ခဲသလို (ပုံစံ-၇)အမည် ပြောင်းလဲရန် ဆောင်ရွက်၍မရဘဲ သာမန်အရပ်စာချုပ်ဖြင်‌့သာ ရောင်းဝယ်ခြင်း၊ ပေးကမ်းခြင်း၊ အမွေဆက်ခံခြင်းများပြုလုပ်နေရသဖြင်‌့ လယ်ယာမြေဥပဒေအရ  ပေးထားသည့် အခွင်‌့အရေးများ မရရှိဘဲဖြစ်နေပါကြောင်း၊ အထူးသဖြင်‌့ လယ်ယာမြေအခြားနည်းသုံးစွဲခွင်‌့ပြုသည်‌့အခါ အရပ်စာချုပ်ဖြင်‌့သာ တင်ပြလျှောက်ထားနေရသဖြင်‌့ ဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့်အပြင် နောင်တွင်လည်း (ပုံစံ-၇) မူရင်းပါအမည်ဖြင့် လက်ဝယ်အသုံးပြုသူအမည်ကို ပိုင်ဆိုင်မှု၊ အငြင်းပွားမှုများ ဖြစ်လာနိုင်စရာ ရှိသည်‌့အတွက် လယ်ယာမြေလုပ်ပိုင်ခွင်‌့ပြုလက်မှတ်(ပုံစံ-၇)အား အမည်ပြောင်းလဲရန် ခက်ခဲနေခြင်း ကိစ္စအား မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင်‌့ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

တည်ဆဲ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ အခန်း(၄)၊ ပုဒ်မ ၁၂(ဂ)တွင် လယ်ယာမြေလုပ်ပိုင်ခွင်‌့ရရှိသူသည် လယ်ယာမြေလုပ်ပိုင်ခွင်‌့ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်းတို့ကိုဆောင်ရွက်ရာ ဦးစီး ဌာနကသတ်မှတ်ထားသည့် တံဆိပ်ခေါင်းခွန်နှင်‌့ စာချုပ်စာတမ်းမှတ်ပုံတင်ခကို ပေးဆောင်ပြီး သက်ဆိုင်ရာ မြို့နယ် ဦးစီးရုံးတွင် မှတ်ပုံတင်ရမည်ဟု ပြဋ္ဌာန်းထားရှိပြီးဖြစ်ပါကြောင်း၊ လယ်ယာမြေလွှဲပြောင်းပေးသူနှင်‌့ လွှဲပြောင်းလက်ခံသူတို့သည် လယ်ယာမြေတည်ရှိသည့်  သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုရှေ့မှောက် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ပြီး စာချုပ်ချုပ်ဆိုရမည်ဟူ၍ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ နည်းဥပဒေ ၂၄ ကနေ ၂၈ ထိပြဋ္ဌာန်းထားရှိပါကြောင်း၊

အထက်ဖော်ပြပါကိစ္စနှင်‌့ပတ်သက်ပြီး ယခင်အစိုးရကာလ လယ်ယာစိုက်ပျိုးရေးနှင်‌့ ဆည်မြောင်းဝန်ကြီးဌာက နိုင်ငံတော်သမ္မတရုံးကိုလည်း တင်ပြခဲ့မှုရှိပါကြောင်း၊  နိုင်ငံတော်သမ္မတရုံးမှ လယ်ယာမြေလုပ်ပိုင်ခွင်‌့ မှတ်ပုံတင်ခြင်းလုပ်ငန်းများ ပြီးစီးအောင်ဆောင်ရွက်ရန် မှတ်ပုံတင်ခြင်းလုပ်ငန်းများပြီးစီးမှ လယ်ယာမြေပေါင်နှံ ခွင့်ပြုခြင်းနှင်‌့ မြေခွန်စည်းကြပ်ခြင်းတို့ကို ဆောင်ရွက်ရန်ဟူ၍ ညွှန်ကြားမှုပြုခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအခါ (ပုံစံ/၇)ထုတ်ပေးမှု ၉၂ ရာခိုင်နှုန်းကျော်ရှိခဲ့ပြီး ကျန်ရှိအများစုသည် အခြေအနေအရ နယ်မြေဒေသ မငြိမ်းချမ်းမှုနှင့် မြေယာအငြင်းပွားမှုပြဿနာများကြောင့် လယ်ယာမြေများတွင် ၉၂ ရာခိုင်နှုန်းအထိ ဆောင်ရွက်နိုင်သည့် အနေအထားမျိုး ဖြစ်ပါကြောင်း၊ ထို့ကြောင့် လယ်ယာမြေများကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ လဲလှယ်ခြင်းနှင်‌့ ပေးကမ်းခြင်းဆောင်ရွက်နိုင်ရန် ယခုအစိုးရကာလတွင် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ   ၂၈ ရက်နေ့တွင် ပြုလုပ်သော ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေး၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးမှာကတည်းက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး စတင်ထည်‌့သွင်းဆွေးနွေး ညှိနှိုင်း ဆောင်ရွက်ခဲ့ပါကြောင်း၊

အဆိုပါကိစ္စနှင်‌့စပ်လျဉ်းပြီး လယ်ယာမြေလုပ်ပိုင်ခွင်‌့ပြုလက်မှတ် (ပုံစံ-၇) တွေကို ရောင်းခြင်း၊ ဝယ်ခြင်း၊ ပေါင်နှံခြင်း၊ လဲလှယ်ခြင်း၊ ငှားရမ်းခြင်းနှင်‌့ ပေးကမ်းခြင်း ဆိုင်ရာကိစ္စအတွက် ပြည်သူ့လွှတ်တော်နှင်‌့ အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်ခုနစ်ဦးတို့ကလည်း မေးခွန်းမေးမြန်းခဲ့သည့်အတွက် သက်ဆိုင်ရာလွှတ်တော်အသီးသီးတွင်လည်း ပြန်လည်ဖြေကြားခဲ့ပြီးဖြစ်ပါကြောင်း၊ တည်ဆဲ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပါ ပြဋ္ဌာန်းချက်များနှင်‌့ပတ်သက်ပြီး ပြင်ဆင်သင်‌့သည့် အချက်အလက်များ လယ်ယာမြေ ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ဥပဒေပညာရှင်များ၊ ဌာန၏ ကျွမ်းကျင်ဝန်ထမ်းများနှင့်ညှိနှိုင်း အစည်းအဝေး ရေးဆွဲခဲ့ပါကြောင်း၊  အဆိုပါပြင်ဆင်ခဲ့သည့် ဥပဒေမူကြမ်းကို ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ နိုင်ငံတော်သမ္မတရုံးနှင့် လုံခြုံရေး၊ တည်ငြိမ်ရေးနှင်‌့ တရားဥပဒေစိုးမိုးရေးကော်မတီ၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးသို့ လုပ်ထုံးလုပ်နည်းနှင်‌့အညီ အဆင်‌့ဆင်‌့တင်ပြခဲ့ပြီး ၈.၆.၂၀၁၇ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်ရုံးသို့ ဆက်လက်ပေးပို့တင်ပြထားခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအချိန်တွင် အလျဉ်းသင်‌့သည့်အတွက် ပြည်သူ့လွှတ်တော်ကို ပန်ကြားလိုသည်မှာ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီတွင် အဆိုပါကိစ္စနဲ့ပတ်သက်၍ ဆွေးနွေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုဆက်လက်ပြီး ပြည်သူ့လွှတ်တော်တွင်လည်း ဥပဒေကြမ်းကော်မတီက လက်ခံဆွေးနွေးမှုနှင့် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန် ပန်ကြားလိုပါကြောင်း၊ လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေမပြဋ္ဌာန်းမီကာလအတွင်း တောင်သူလယ်သမားများ လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် တည်ဆဲ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း လုပ်ဆောင်ပေးနိုင်ရန်အတွက် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ကျင်းပသည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ အစည်းအဝေးနှင့် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ကျင်းပသော ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအစည်းအဝေးများတွင် ထပ်မံဆွေးနွေးဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊

လယ်ယာမြေဥပဒေပုဒ်မ ၁၈ အရ လယ်ယာမြေတန်ဖိုးသတ်မှတ်ရန် သက်ဆိုင်ရာလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့များကို ခန့်အပ်တာဝန်ပေးအပ်ခြင်း၊ နည်းဥပဒေ ၂၄၊ ၂၅၊ ၂၆၊ ၂၇၊ ၂၈ တို့အရ လယ်ယာမြေ လုပ်ပိုင်ခွင်‌့ကို ရောင်းခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်း တို့နှင့် ပတ်သက်ပြီး လိုက်နာဆောင်ရွက် ရန်လုပ်ငန်းစဉ်နှင်‌့ လုပ်ပိုင်ခွင်‌့ရရှိသူအမည်ပြောင်းလဲခြင်းဆိုင်ရာ လုပ်ငန်းဆိုင်ရာညွှန်ကြားချက်များကို ထုတ်ပြန်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ကစတင် ဆောင်ရွက်ပေးရန် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များကို ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ အမွေဆက်ခံခြင်းနှင်‌့ပတ်သက်ပြီး တည်ဆဲဥပဒေပြဋ္ဌာန်းချက်နှင်‌့အညီ ဗဟို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ၂၀၁၇ ခုနှစ်၊ မေလ ၂၄ ရက်နေ့ရက်စွဲပါ ညွှန်ကြားချက်(၁/၂၀၁၇)ကို ညွှန်ကြားထားပြီးဖြစ်သည့်အလျောက် လက်ရှိအခြေအနေတွင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင်‌့က လယ်ယာမြေလုပ်ပိုင်ခွင်‌့ပြုလက်မှတ်(ပုံစံ-၇)ကို ပြောင်းလဲပြင်ဆင်ထုတ်ပေးလျက်ရှိပါကြောင်း၊ မေးခွန်းနှင့် စပ်လျဉ်းပြီး ဗဟို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ၂၀၁၇ ခုနှစ်၊ မေလ ၂၄ ရက်နေ့ ရက်စွဲပါစာအမှတ် (၁၂/လယ-၂ (၁၃၇/၂၀၁၇) ညွှန်ကြားချက်အမှတ် (၁/၂၀၁၇)နှင့် ညွှန်ကြားထားသည့်အတိုင်း လက်ရှိတွင် လယ်ယာမြေ စီမံခန့်ခွဲမှုအဆင်‌့ဆင်‌့မှ လယ်ယာမြေလုပ်ပိုင်ခွင်‌့ပြုလက်မှတ်ပုံစံတွေကို ပြောင်းလဲပြင်ဆင် ထုတ်ပေးလျက်ရှိပါကြောင်း၊ ရောင်းခြင်း၊ ပေါင်နှံခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်းတို့ကို လယ်ယာမြေဥပဒေ ကိုပြင်ဆင်သည်‌့ဥပဒေ မပြဋ္ဌာန်းနိုင်သေးမီကာလအတွင်း အဆင်ပြေစွာ ဆောင်ရွက်သွားနိုင်ရန် တည်ဆဲ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့်အညီ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ကစတင် ဆောင်ရွက် သွားနိုင်ရန် အတွက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က သက်ဆိုင်ရာနေပြည်တော် ကောင်စီနှင့် တိုင်းဒေသကြီး/ ပြည်နယ် လယ်ယာမြစီမံခန့်ခွဲမှုအဖွဲ့အဆင်‌့ဆင်‌့ကို ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ပါသည်။