ကနီမြို့နယ် တွင် တရားဝင်စာရင်းများအရ လယ်ယာမြေဧကစုစုပေါင်း ၁၇၅၀၀၀ ကျော်ရှိပြီး အပူပိုင်း မိုးနည်း ဒေသဖြစ်သည့်အတွက် စိုက်ပျိုးရေးအတွက် မိုးရေကိုသာ အားထားနေရပါကြောင်း၊ လယ်မြေ ယာမြေများသည် မိုးရေကိုသာ မှီခိုနေရသည့်အတွက် နှစ်စဉ်ပျက်စီးဆုံးရှုံးမှုများစွာ ရှိနေပါကြောင်း၊ ယခု မိုးရာသီအချိန်တွင် တချို့ဒေသများမိုးများပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေသော်လည်း ကနီတောင်သူ အများစုမှ မိုးခေါင်သည့်အတွက် မျိုးတောင်ပြန်မရနိုင်သည့်အခြေအနေများဖြစ်ပေါ်နေပါကြောင်း၊ ကနီမြို့နယ်၏ ပထဝီအနေအထားအရ ချင်းတွင်းမြစ်သည် မြောက်မှတောင်သို့ ၅၇ မိုင်ခန့် ဖြတ်သန်း စီးဆင်းလျက်ရှိပြီး မြစ်ရေတင်လုပ်ငန်းများနှင့် စိုက်ပျိုးရေရရှိအောင် ဆောင်ရွက် ပေးမည်ဆိုပါက စိုက်ပျိုးရေရရှိရေးအတွက် အခွင့်အလမ်းနှင့် အလားအလာကောင်းများစွာရှိနေပါကြောင်း၊ ၎င်းကိစ္စနှင့် ပတ်သက်ပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်မပြမေးခွန်း မေးမြန်းခဲ့သည့် အတွက် သက်ဆိုင်ရာဌာန၊ ပုဂ္ဂိုလ်များမှ ကိုယ်စားလှယ်နှင့်ဆွေးနွေးပြီး ဝါးရာ၊ နတ်ကြီး၊ ချိုင်တင်ပေါက်၊ နွားလဗို့ စသည့်နေရာများတွင် ကွင်းဆင်းလေ့လာမှုများပြုလုပ်ပြီး ဒေသခံအချို့နှင့်လည်း ဆွေးနွေးမှုများ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ မြစ်ရေတင်ကိစ္စနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ်ထံသို့ မိမိ အနေဖြင့် ထပ်မံပြီး တင်ပြမေးမြန်းခဲ့မှုအပေါ် ပြန်လည်ပြီး ဖြေကြားရာတွင်လည်း ၂၀၁၈-၁၉ ဘဏ္ဍာရေး နှစ် တွင် ရန်ပုံငွေလျာထားတင်ပြခဲ့သော်လည်း ရရှိခဲ့ခြင်းမရှိသည့်အတွက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း ကိုပြန်ကြားခဲ့ပါကြောင်း၊ နောက်တစ်ချက်မှ သက်ဆိုင်ရာဌာနက ကွင်းဆင်းလေ့လာ ထားသည့် နေရာများအနက် နတ်ကြီးဘက်ကို ပထမဦးဆုံးဆောင်ရွက်နိုင်ရန် လျာထားကြောင်းကိုလည်း သိရပါကြောင်း၊ ရွာသာ၊ နတ်ကြီး တစ်ဝိုက်ကပဲ မြစ်ရေတင်ဆောင်ရွက်ပါက အကျိုးပြုဧရိယာ နည်းမည် ဖြစ်ကြောင်း၊ ဝါးရာ အထက်နားတစ်ဝိုက်ကနေ မြစ်ရေတင်ကိုဆောင်ရွက်ပေးမည်ဆိုပါက ပထဝီအနေ အထားအရ နတ်ကြီးဘက်ထိစိုက်ပျိုးရောက်ရှိမည်ဖြစ်သလို အကျိုးပြုဧရိယာလည်း များစွာဖြစ်ပေါ် လာမှာဖြစ်သည့် အတွက် မြစ်ရေတင်ကိစ္စအားဆောင်ရွက်မည်ဆိုပါက အကျိုးပြုဧရိယာများနိုင်သော နေရာတွင် ဆောင်ရွက်ပေးရန် အကြံပြုလိုပါကြောင်း၊ စိုက်ပျိုးရေဖူလုံစွာရရှိရေးသည် အလွန်အရေးကြီးပါ ကြောင်း၊ ယခုခေတ်တွင် လယ်မြေ ယာမြေများသည် မိုးကိုမျှော်ပြီးလုပ်ကိုင်နေရလျှင် ဆုံးရှုံးနိုင်ခြေ အင်မတန် များပါကြောင်း၊ ထို့ကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် စိုက်ပျိုးရေရရှိရေးအတွက် မိမိတို့ အနေဖြင့် အတတ် နိုင်ဆုံးကြိုးစားပေးရမည်ဖြစ်သလို စိုက်ပျိုးရေရရှိရေးအတွက် မြစ်ရေတင် လုပ်ငန်းများ ဆောင်ရွက် ပေးခြင်းသည် လယ်ယာမြေများအတွက် မြေဆီ၊ မြေလွှာကောင်းများ ဖြစ်ပေါ်လာမည်ဖြစ် သည့် အတွက် ကနီမြို့နယ်၏လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် မြစ်ရေတင် လုပ်ငန်းများ ဆောင်ရွက်နိုင် မည့်နေရာ၊ လမ်းကြောင်းများသတ်မှတ်၍ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် တွင်ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန အနေဖြင့် လျှပ်စစ်ရေတင်စီမံကိန်းအသစ်တစ်ခု ဆောင်ရွက်မည် ဆိုပါက ရေအရင်းအမြစ်သေချာမှုရှိ/မရှိ၊ တောင်သူများလိုလားချက်ရှိ/မရှိ၊ ရေတင်စက်များ မောင်းနှင်နိုင်ရေးနှင့် လိုအပ်သည့် လျှပ်စစ်ဓာတ်အား ရရှိနိုင်မှုရှိ/မရှိ၊ ရေသောက်ဧရိယာ၏ မြေသဘာဝနှင့် အနေအထား၊ မြစ်ရေတင် စီမံကိန်းတွင် အသုံးပြု မည့် မြေလိုအပ်ချက်ကို သက်ဆိုင်ရာတောင်သူများက ခွင့်ပြုသဘောတူမှုရှိ/မရှိ အစရှိသည့် အကြိုစီမံ ကိန်းဖြစ်မြောက်နိုင်စွမ်းအခြေအနေများကို ကွင်းဆင်းလေ့လာမှု(Prefeasibility Study) ကို စနစ်တကျ ဆောင်ရွက်ရပါကြောင်း၊ စီမံကိန်းဖြစ်မြောက်နိုင်စွမ်း ရှိမည်ဆိုပါက Topographic Survey နှင့် Detailed Design ကွင်းဆင်းတိုင်းတာပြီး အင်ဂျင်နီယာ စံချိန်စံညွှန်းများနှင့်အညီ ဒီဇိုင်းပုံထုတ်ခြင်းနှင့် ကုန်ကျ စရိတ်ခန့်မှန်းခြေ စာရင်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရမည့်အစီအမံများကို အဆင့် ဆင့် လုပ်ကိုင်သွားရမည်ဖြစ်ပါကြောင်း၊ ကနီမြို့နယ်၏ စိုက်ပျိုးရေးကဏ္ဍတွင် မြစ်ရေတင် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အကြိုစီမံကိန်းဖြစ်မြောက်နိုင်စွမ်းအခြေအနေ ကွင်းဆင်းလေ့လာမှု ဆောင်ရွက် သည့်အခါ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်း မြစ်ရေတင် လုပ်ငန်းဆောင်ရွက်နိုင်မည့် နေရာများ အနက် နတ်ကြီး ကျေးရွာအုပ်စု၊ ဝက်ချောင်းကြီးကျေးရွာကနေ ခန့်မှန်းခြေဧက ၅၀၀ ခန့်ကို မြစ်ရေတင်နှင့် စိုက်ပျိုးရေပေးဝေနိုင်မည်ဖြစ်ကြောင်းကို ကွင်းဆင်းလေ့လာသိရှိရပါကြောင်း၊ ထို့ကြောင့် အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်နိုင်ရန်အတွက် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေတွင် ထည့်သွင်းလျာထားတောင်းခံထားပါကြောင်းနှင့် ရန်ပုံငွေခွင့်ပြုရရှိမှုနှင့်အညီ အကောင် အထည် ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
ဦးထွန်းထွန်းနိုင်(ကနီမဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
မိမိယခု တင်ပြထားသကဲ့သို့ လျာထားဆောင်ရွက်ပေးမည့် နတ်ကြီးကျေးရွာမှနေပြီး မြစ်ရေတင်လုပ်ငန်းကို လျာထားဆောင်ရွက်ပေးမည် ဆိုသည့်အတွက် ဝမ်းသာပါကြောင်း၊ သို့သော်မိမိတင်ပြခဲ့သလို နတ်ကြီး နားတစ်ဝိုက်မှ မြစ်ရေတင်ဆောင်ရွက်မည်ဆိုပါက အကျိုးပြုဧရိယာနည်းပါးပါကြောင်း၊ ၄ နေရာ ၊ ငါးနေရာလောက် ကွင်းဆင်း တဲ့အနေအထားမှာ နတ်ကြီးနဲ့တစ်ဖက်တည်းမှာပဲရှိတဲ့ ဝါးရာနဲ့ ဝါးရာအထက်နားတစ်ဝိုက်ဘက်ကနေ မြစ်ရေတင်လုပ်ငန်းကို ဆောင်ရွက်ပေးမယ်ဆိုရင် ခုနကပြောတဲ့ လျှပ်စစ်နဲ့ပတ်သက်တဲ့ကိစ္စတွေလည်း 11 Line တွေရောက်ပြီးသားဖြစ်ပါတယ်။ မြေနေရာအနေအထားအရရော၊ ပထဝီအနေအထားအရ ရော ဝါးရာ-တပေါင်းမှာရှိတဲ့၊ လယ်တွေမှာရှိတဲ့ သဘာဝရေစီးဆင်းနေမှုအရကိုက နတ်ကြီးဘက်ကို ရောက်ပြီးသားဖြစ်ပါတယ်။ ကျွန်တော်တို့က တပေါင်းပုလ္လင်လောက်ပဲ မြစ်ရေတင်လုပ်လိုက်ရင်ကိုပဲ တော်တော်လှမ်းလှမ်းမှာရှိတဲ့ နတ်ကြီးဘက်ထိ သဘာဝရေစီးကြောင်းတွေက ရောက်နိုင်ပါတယ်။ ရောက်လည်းရောက်နေပါတယ်။ စီးနေတဲ့ရေစီးကြောင်းတွေလည်း၊ သဘာဝရေစီးကြောင်းတွေလည်း ရှိပါတယ်။ ချောင်းအနေနဲ့မဟုတ်ဘဲနဲ့ မြေပြင်အလိုက် စီးသွားတဲ့အနေအထားရှိပါတယ်။ အဲဒီတော့ ကျွန်တော်တင်ပြလိုတာက ခုနက ကျွန်တော်တင်ပြခဲ့သလိုပဲ မြစ်ရေတင်လုပ်ငန်းဆောင်ရွက်မယ်ဆိုရင် အကျိုးပြုဧရိယာများလေ ပိုကောင်းလေဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော် ခုနက တင်ပြခဲ့သလို ဒီကိစ္စလျာထားမှုမှာ အထက်နားကနေ အကျိုးပြုဧရိယာများမယ့်ဘက်ကနေ ပြောင်းလဲလျာထား ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ ဆက်စပ်မေးမြန်းလိုပါတယ်။ ကျေးဇူးတင်ပါတယ်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
မိမိဖြေကြားချက်ထဲမှာပါသလို လုပ်ငန်းစီမံကိန်းတစ်ခု အကောင်အထည်ဖော်မယ် ဆိုရင် ယင်းနှင့်စပ်လျဉ်းတဲ့အခြေခံအကြောင်းတရားတွေ အားလုံးဆန်းစစ်ရတာဖြစ်ပါတယ်။ ခုနက လွှတ်တော်ကိုယ်စားလှယ်ကြီးပြောသလို မိမိတို့မူလ FS ဆင်းထားတဲ့ဧရိယာထက် အကျိုးခံစားရမယ့် ဧရိယာကို ညွှန်းဆိုသွားတဲ့အလျှောက် အဲဒီညွှန်းဆိုသွားတဲ့နေရာကိုလည်းပဲ ပြန်လည်စိစစ်ရမယ့် အနေအထားမျိုး လွှတ်တော်ကိုယ်စားလှယ်ကြီးက ဆက်စပ်မေးခွန်းမှာ ထည့်သွင်းမေးမြန်းထားတယ် လို့လည်းခံယူပါတယ်။ ဒီနေရာမှာ အဓိက လက်ရှိလုပ်ငန်းစီမံကိန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်တဲ့အခါမှာ ဒေသခံတောင်သူတွေရဲ့သဘောဆန္ဒများစွာအရေးပါပါတယ်။ တောင်သူတွေ ကနေပြီးတော့ မြေပေးအပ်စွန့်လွှတ်မှုအနေအထား။ ယင်းပေါ်မှာ နိုင်ငံတော်ကနေပြီးမှ ဒီမြေအတွက် လျော်ကြေးပေးရတဲ့အနေအထားကိုလည်း တစ်ဖက်က ပြန်လည်ထည့်သွင်းစဉ်းစားရမယ့်အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့် ဒေသခံတောင်သူတွေရဲ့သဘောဆန္ဒကိုမူတည်ပြီးတော့ ဒီကိစ္စမှာပေါင်းစပ် ညှိနှိုင်းဆောင်ရွက်မယ်ဆိုရင် ခုနက လွှတ်တော်ကိုယ်စားလှယ်ကြီး ညွှန်းဆိုတဲ့နေရာ ပြန်လည် ဆန်းစစ်ပေးဖို့အတွက်ကို မိမိတို့အနေနဲ့ဆောင်ရွက်ပေးပါ့မယ်။ ဆောင်ရွက်ရရှိတဲ့အခြေအနေကို လည်းပဲ ဥက္ကဋ္ဌကြီးမှတစ်ဆင့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးကို အတည်ပြုပြန်ကြားမည် ဖြစ်ကြောင်း ဆက်စပ်မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ပါသည်။
