(င)- တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့ နယ်ခွဲနှင့်နောင်ကားကျေးရွာတို့တွင်ဆက်သွယ်ရေး တာဝါတိုင်တစ်ခု အမြန်စိုက်ထူပေးရန်နှင့်စက်တပ် ဆင်ပေးနိုင်ရေးအတွက်မည်သို့စီစဉ်ဆောင်ရွက်ပေး မည်ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၅၉)ရက်မြောက်နေ့ (၅.၆.၂၀၁၅)

ဦးခွန်သိန်းဖေ (ဟိုပုန်း) (ကိုယ်စား) ဦးဝင်းကို (ဆီဆိုင်)

ဦးခွန်သိန်းဖေ (ဟိုပုန်း) (ကိုယ်စား) ဦးဝင်းကို (ဆီဆိုင်) ကျောက်တစ်လုံး ကြီးမြို့နယ်ခွဲသည် တောင်ကြီးမြို့နှင့် ၃၃ မိုင်ကွာဝေးပြီး  မြို့ပေါ် ၆ ရပ်ကွက်၊ ကျေးရွာအုပ်စု ၇ အုပ်စု၊ လူဦးရေ ၆၀၀၀၀ နီးပါး နေထိုင်ရာမြို့တစ်မြို့ ဖြစ်ပါကြောင်း၊  ၁၉၉၁ ခုနှစ်တွင် ပအိုဝ်းဒေသ ငြိမ်းချမ်း‌ရေး စတင်အခြေချ အထင်တရမြို့တစ်မြို့လည်း ဖြစ်ပါကြောင်း၊ မြို့အင်္ဂါရပ်နှင်‌့ ပြည့်စုံရန် လိုအပ်နေသည်ကိုလည်း များစွာတွေ့ရှိနေရပါကြောင်း၊ သို့ဖြစ်ပါ၍ (၁) ကျောက်တစ်လုံးကြီးမြို့၊ မြို့ပေါ်နှင့် မြို့ပတ်ဝန်းကျင်ရှိ အများပြည်သူများ အဆင်ပြေစေရန် နိုင်ငံတော်မှ တာဝါတိုင် စိုက်ထူးပေးရန် အစီအစဉ်ရှိ/မရှိ။ စိုက်ထူပေးပါက မည်သည့် အချိန်တွင် စိုက်ထူပေးမည်နှင့် မစိုက်ထူပေးပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း၊ (၂) တောင်ကြီးမြို့နှင်‌့ ၁၂ မိုင် ကွာဝေးသော တောင်ကြီမြို့တောင်ဘက် ကျောက်တစ်လုံး ကြီးမြို့နယ်ခွဲ  နောင်ကားကျေးရွာတွင် နိုင်ငံတော်မှစိုက်ထူထားသော တာဝါတိုင်သည် ၆ လကျော် ကြာမြင့်နေပြီဖြစ်သော်လည်း ယနေ့တိုင် စက်တပ်ဆင်ပေးခြင်းမရှိသေးသည်မှာ မည်သည့်အတွက်ကြောင့်ဖြစ်သည်နှင့် မည်သည့်အချိန်တွင် စက်တပ်ဆင်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းသန်း
အဖြေ

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းသန်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးမြို့နယ်ခွဲ၊ နောင်ကားကျေးရွာမှာ GSM စခန်းသစ် တည်ဆောက်ရန် အခြေခံအဆောက်အဦလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေပြီး ဖြစ်သည့်အတွက် ရေဒီယိုစက်ပစ္စည်းများ တပ်ဆင်ခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာနှစ်ကုန်တွင် ဖွင့်လှစ်ပေးမည်ဖြစ်ပါကြောင်း၊ ထို့အတူ Nation Wide Telecommunication Service Provider လိုင်စင် ရယူထားသော မိုဘိုင်းတယ်လီဖုန်းအော်ပရေတာများဖြစ်သည့် Telenor Myanmar Limited နှင့် Ooredoo Myanmar Limited တို့အနက် Telenor Myanmar Limited ကလည်း ကျောက်တလုံး ကြီးမြို့နယ်ခွဲ၊ နောင်ကားကျေးရွာမှာ တည်ဆောက်ထားသည့် တာဝါတိုင်တွင်  စက်ပစ္စည်းများကို ၂၀၁၅ ခုနှစ် ဇူလိုင်လကုန်တွင် တပ်ဆင်ပေးရန် စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း။

ထို့အပြင် Ooredoo Myanmar Limited ကလည်း ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ နားဟီးကျေးရွာအုပ်စု၊ ဟန်စီးကျေးရွာမှာ တာဝါတိုင်တစ်တိုင်၊ ပင်တွန်းကျေးရွာအုပ်စု၊ နန်းပါတက်ကျေးရွာမှာ  တာဝါတိုင်တစ်တိုင် စုစုပေါင်း တာဝါတိုင် ၂ တိုင်ကို တည်ဆောက်ပေးထားပြီး ဖြစ်ပါကြောင်း၊ သို့သော် Ooredoo Myanmar Limited နှင့် Telenor Myanmar Limited တို့သည် ကျောက်တလုံးကြီးမြို့တွင် တာဝါတိုင်တည်ဆောက်ပေးရန် လျာထားခြင်း မရှိသေးသည့်နည်းတူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည်လည်း မိုဘိုင်းရေဒီယိုစခန်းများကို စီမံကိန်းလျာထားချက်အရ အဆင့်အလိုက် တည်ဆောက်နေရသည့်အတွက် ကျောက်တလုံးကြီးမြို့တွင် မိုဘိုင်းရေဒီယိုစခန်းတစ်ခုကို ယခုအချိန်တွင် တည်ဆောက်ပေးနိုင်ခြင်းမရှိကြောင်း ရှင်းလင်းဖြေကြားပါသည်။