ဖြူးမြို့နယ်ဘက်စုံရေလှောင်တမံစီမံကိန်းကို ၂၀၀၀-၀၁ ခုနှစ်မှစတင်တည်ဆောက်ခဲ့ရာ ရေ လှောင်တမံကို ၂၀၁၂ ခုနှစ်တွင်ပြီးစီးပြီး ရေလွှဲဆည်ကို ၂၀၁၃ ခုနှစ်တွင် ပြီးစီးခဲ့ပါကြောင်း၊ ၎င်းနှင့် တစ်ဆက်တည်း လျှပ်စစ်ဓာတ်အားပေးစက် မဂ္ဂါဝပ် ၂၀ လုံး နှစ်လုံးကိုလည်း ၂၀၁၄ ခုနှစ်တွင် ပြီးစီးပြီး လျှပ်စစ်ကို ၂၀၁၅ ခုနှစ်တွင် စတင်လည်ပတ်ပါကြောင်း၊ အဆိုပါဆည်ရေသောက် စီမံကိန်းသည် စီမံချက်ထဲတွင် ဖြူးမြို့နယ်တစ်နယ်လုံးအတွက် ဧကပေါင်း ၉၀၀၀၀ ကျော် ရေပေးဝေမှုစီမံချက်ထဲတွင် ရေးဆွဲပြီးသားဖြစ်သော်လည်း ၂၀၁၈ ခုနှစ်အထိ ရေပေးဝေနိုင်မှုသည် ဆည်ရေသောက်ဧရိယာ၏ ၅.၃ ရာခိုင်နှုန်သာ ရှိသေးသည့်အတွက် ဆည်ရေသောက်ဧရိယာသည် ဧကပေါင်း ၄၈၀၀ သာ ပေးနိုင်ခဲ့ပါကြောင်း၊
ဖြူးမြို့နယ်တွင် တစ်သီးစားစိုက်ဧကပေါင်း ၃၅၀၀၀ ကျော်ရှိပါကြောင်း၊ အဆိုပါ ၃၅၀၀၀ ကျော်ရှိသော တစ်သီးစားနှင့် စိုက်နေရသော လယ်သမားအများစုက ကျေးရွာအုပ်စုများ ဖြစ်ကြသည့် လိပ်ပေါ၊ ပေါစလုတ်၊ ကြီးရိုး၊ ကျော်လှကြီး၊ မန်းလောင်၊ လယ်ပြင်ကြီး၊ လှသင်းမောင်၊ ကညှင်နိုင်၊ မိတ်သလင်၊ သစ်ပိုက်၊ အင်းမင်းသား၊ ငှက်မြစ်ချင်း၊ ဘုရားလာ၊ သပြေလဟာ နှင့် သရက်ကုန်း ၁၅ အုပ်စုမှ လယ်သမားအချို့သည် တစ်သီးစားများဖြစ်သည့်အတွက် ၎င်းတို့သည် အဆိုပါလယ်ယာမြေကို နှစ်သီးစားစိုက်နိုင်အောင် နွေစပါးကိုအားကိုးနေကြသည့်အတွက် မိမိတို့ နယ်တွင် တာဝန်ရှိပုဂ္ဂိုလ်များသည် ၎င်းကိစ္စကို ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ စဉ်းစားသည်မှာ မိမိတို့မြို့နယ်တွင် ချောင်း၊ မြောင်းများရှိပါကြောင်း၊ သက်ဆိုင်ရာ အတတ်ပညာရှင် အင်ဂျင်နီယာ များနှင့်တိုင်ပင်၊ မြို့နယ်က တာဝန်ရှိပုဂ္ဂိုလ်တို့နှင့် တိုင်ပင်ပြီး နွေစပါးစိုက်၍ရသော ချောင်း၊ မြောင်းများ ဇဟားချောင်း၊ သစ်ပိုက်ချောင်း၊ ငါးနုစမ်းချောင်း၊ ကွင်းချောင်း၊ ငါခူးညောင်ရိုးချောင်း စသည့် ချောင်း၊ မြောင်းများပေါ်တမံပိတ်ခြင်းဖြင့် ရေပေးလိုက်ပါက နွေစပါးစိုက်၍ရသည်ဟု စဉ်းစားပြီး ၂၀၁၆-၁၇ တွင် မိမိတို့စတင်ပြီး စမ်းသပ်စိုက်လိုက်ရာတွင် ဧက ၅၀၀ ခန့်က ဖြစ်ထွန်း အောင်မြင်သွားပြီးသည့်အခါ ဘေးကအခြားအုပ်စုက လယ်သမားများကသိကြသည့်အခါ နောက် နှစ်တွင် ဒီထက်ဒီစိုက်ကြမည်ဆိုပြီး ထပ်မံပြီး ၂၀၁၇-၁၈ တွင် ဧကပေါင်း ၅၀၀၀ ခန့် တိုးပြီးစိုက်ပျိုးလာနိုင်ပါကြောင်း၊ အတက်ပညာရှင်များ၊ သက်ဆိုင်ရာစီမံကိန်းဝင် တာဝန်ရှိသော ပုဂ္ဂိုလ်များအားလုံးစုပေါင်းပြီး စဉ်းစားပြီး ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊
၂၀၁၇-၁၈ တွင် ၅၀၀၀ စိုက်လာပြီး ယခု ၂၀၁၈-၁၉ တွင် ကျေးရွာအုပ်စုများက အကုန်လုံး နွေစပါးစိုက်ဧကများကို ထပ်ပြီးတောင်းလိုက်သည့်အခါ များစွာတက်လာသည့်အတွက် ထပ်မံ ပေးနိုင်အောင် အထက်ကတင်ထားသော ချောင်း၊ မြောင်း၊ ရိုးများမှ ရေများကိုလွှတ်ပေးပါက ရနိုင်မည်လားဆိုပြီး အားလုံးတွက်ချက်ပြီး လုပ်လိုက်သည့်အခါ ၂၀၁၈-၁၉ တွင် ဧကပေါင်း ၁၂၈၀၀ နွေစပါးကို စိုက်လာနိုင်သည့်အတွက် နွေစပါးစိုက်သည့်လယ်သမားများကလည်း ပျော်ရွှင်ပြီး နှစ်ပေါင်း ၇၀ နီးပါး တစ်သက်လုံး နှစ်သီးစားမရသည်မှာ ယခုနှစ်မှရသည်ဆိုပြီး ဝမ်းသာပါကြောင်း၊ ၎င်းတို့က ရေ၏အဓိကအသုံးဝင်မှုများလည်း တကယ်သဘောပေါက်သွားပြီး ၎င်းတို့အစည်းအဝေးတစ်ရပ်ခေါ်ပါကြောင်း၊ ရာသီဥတု၏ ဖောက်ပြန်မှုများကိုလည်း ၎င်းတို့မိုးစပါး ကိုလည်း အားကိုးရသည်မှာ အခက်အခဲအမျိုးမျိုးရှိသည့်အတွက် နွေစပါးကို အလွန်စိုက်လိုလာ ကြသည့်အတွက် လယ်သမားများ၏ဆန္ဒအရ ငါးရက် လေးလတွင် အစည်းအဝေးခေါ်ပြီး လုပ်လိုက်သည့်အခါ လယ်သမားများက နွေစပါးစိုက်ရန်တောင်းဆိုလာပါကြောင်း၊ နွေစပါးစိုက် သော ကုန်ကျစရိတ်က တစ်ဧကလျှင် ၂၀၀၀ ရှိရကြောင်း၊ တမံများပိတ်ရကြောင်း၊ အဆင့်ဆင့် ပိတ်ရကြောင်း၊ အားလုံးအတတ်ပညာရှင်များနှင့် အားလုံးစုပေါင်းပြီး ဖြေရှင်းလိုက်သည့်အခါ ယခုနှစ် ၁၂၈၀၀ ရပါကြောင်း၊ ထို့ကြောင့် နွေစပါးသည် လယ်သမားများ၏ အသက် ဖြစ်နေသည့်အတွက် မိမိတို့ သက်ဆိုင်ရာဝန်ကြီးဌာနက နွေစပါးကို ယခုနှစ်လာမည့်နှစ်တွင် ပိုတိုး ပြီး ဘတ်ဂျက်ကို ဒီထက်မကတိုးပေးပါရန် တိုးတောင်းခြင်းဖြစ်သည့်အတွက်တိုးပေးရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်းမေးမြန်းပါသည်။
ပဲခူးတိုင်းဒေသအရှေ့ခြမ်းရှိ ဖြူးမြို့နယ်သည် တိုင်းဒေသကြီးအတွင်း ဆန်၊ စပါးစိုက်ပျိုးထုတ်လုပ်မှု အတွက် အားထားရာဒေသဖြစ်ပါကြောင်း၊ အဓိကအားဖြင့် ဆန်၊ စပါး စိုက်ပျိုးထုတ်လုပ်မှုတွင် ရေရရှိရေးသည် ပဓာနကျသည့်အလျောက် ဆည်မြောင်း၊ ရေလှောင်တမံများကိုလည်း တည် ဆောက်အကောင်အထည်ဖော်ပေးလျက်ရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တော်ကြီး တင်ပြ သွားသလို ဖြူးမြို့နယ်အတွင်းရှိ ဖြူးချောင်းဘက်စုံရေလှောင်တမံစီမံကိန်းကို ၂၀၀၂ တွင် စတင်တည်ဆောက်ခဲ့ပါကြောင်း၊ ယခုအခါ ရေလှောင်တမံ၊ ရေပိုလွှဲ၊ ရေယူအဆောက်အအုံ၊ ရေအားလျှပ်စစ်ဆိုင်ရာ အဆောက်အအုံများနှင့် ရေလွှဲဆည်များအားလုံးတည်ဆောက်ပြီးစီးခဲ့ပြီး ဖြစ်ပါကြောင်း၊
သို့သော်လည်း ဆည်ရေသောက်တည်ဆောက်ရေးလုပ်ငန်းများသည် ဆက်လက်ဆောင်ရွက်ဆဲ ရှိသည့်အခြေအနေဖြစ်ကြောင်း၊ ဆည်ရေသောက်စနစ်တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၁၂-၁၃ မှစတင်တည်ဆောက်ခဲ့ပါကြောင်း၊ ရန်ပုံငွေရရှိသည့်အပေါ်မူတည်ပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဧပြီ-စက်တင်ဘာ ခြောက်လဘတ်ဂျက်နှစ်အထိ လုပ်ငန်းသည် ၁၈.၆၂ ရာခိုင်နှုန်းသာ ဆောင်ရွက် ပြီးစီးနိုင်ခဲ့ပါကြောင်း၊ စီမံကိန်းလျာထားသော ဧက ၉၀၀၀၀ ထဲတွင် ဧက ၁၈၀၀ ကိုသာ ရေပေး ဝေနိုင်မှုရှိသည့်အခြေအနေ ဖြစ်ပါကြောင်း၊
ဖြူးချောင်းရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်း၏ စုစုပေါင်းခန့်မှန်းကုန်ကျစရိတ်သည် ကျပ်သန်း ၇၀.၇၃ ဘီလီယံ ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဧပြီ-စက်တင်ဘာ ခြောက်လ ဘတ်ဂျက်အထိ ရန်ပုံငွေက ကျပ် ၁၂ ဘီလီယံ ရရှိပြီးဖြစ်ပါကြောင်း၊ ဆည်ရေသောက် စနစ်တစ်ခုလုံး ပြီးစီးရန်အတွက် ကျပ် ၅၈.၇ ဘီလီယံ ထပ်မံလိုအပ်မှုရှိသည့်အခြေအနေ ဖြစ်ပါကြောင်း၊ လက်ရှိ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ ကျပ် ၃ ဘီလီယံ ခွင့်ပြုချက် ရရှိထားပြီးဖြစသည့်အလျောက် ဆည်ရေသောက်စနစ်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း၊ နွေစပါးစိုက်ပျိုးရန်အတွက် ဆည်ရေသောက်စနစ်တူးမြောင်းများ မပြီးစီးသေး သောနေရာတွင် လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသွားသလိုပဲ ချောင်းပိတ်၊ မြောင်းပိတ်များ လုပ်ပြီး လိုအပ်သော ဆည်ရေဖြည့်ဆည်းမှုလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပါကြောင်း၊ ၂၀၁၈-၁၉ နှစ် အတွင်း နွေစပါးဧက ၈၀၀၀ ကို လျာထားဆောင်ရွက်တဲ့အခါမှာ အမှန်တကယ်စိုက်ပျိုးသည့်အခါ ဧက ၁၀၀၀၀ ကျော်အထိ စိုက်ပျိုးရေပေးဝေနိုင်အောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊
အဆိုပါ ချောင်းပိတ်၊ မြောင်းပိတ်စနစ်သည် ပြန်လည်ဆန်းစစ်ကြည့်ပါက ရေရှည်တွင် ချောင်း၊ မြောင်းများ တိမ်ကောလာနိုင်သောအနေအထား၊ ချောင်းပိတ်တမံပြုလုပ်ရန်အတွက် မြေနေရာ ရယူရန်အတွက် မြေရယူလိုသောအခက်အခဲ၊ နောက်တစ်ဖက်တွင်လည်း တောင်သူများ၏ ကုန်ကျစရိတ် ကြီးမားမှု၊ ချောင်းဘေးဝဲယာအနိမ့်ပိုင်းကလယ်မြေများသာရေရောက်နိုင်ပြီး အမြင့်ပိုင်း ရေမရောက်ရှိနိုင်သော အခြေအနေ၊ ရေသွင်းရေထုတ်စနစ်တကျမရှိသည့်အတွက် ရေလေလွင့်ဆုံးရှုံးမှုများကလည်း ရှိသည့်အခြေအနေဖြစ်သည့်အတွက် ဆည်ရေသောက် စနစ်လုပ်ငန်းများဖြစ်သော မြေပေါ်မြောင်းများဆောင်ရွက်နိုင်မှသာ တောင်သူလယ်သမားများ၏ အခက်အခဲကြုံတွေ့မှုကို လျော့နည်းလာမည်ဖြစ်ပြီး အမြင့်ပိုင်းလယ်မြေကိုလည်း ဆည်ရေပေး ဝေနိုင်မည့်အနေအထား ဖြစ်ပါကြောင်း၊
ဖြူးမြို့၏အရှေ့ဘက်ရှိ လယ်မြေအများစုကလည်း မိုးစပါးတစ်သီးသာ စိုက်ပျိုးရသော လယ်မြေများဖြစ်ကြပါကြောင်း၊ ဖြူးချောင်းတမံသည် စိုက်ပျိုးရေပေးဝေရန် ရေလုံလောက်စွာ ရှိနေသည့်အတွက် တောင်သူများ၊ နွေစပါး ဒါမှမဟုတ် ဈေးကွက်ဝင်အခြားသီးနှံများကို ရာသီမရွေး စိုက်ပျိုးနိုင်ရန်အတွက် ဝင်ငွေတိုးတက်လာစေနိုင်ရန်အတွက် ဆည်ရေသောက်စနစ်များသည် မြေပေါ်မြောင်းများအဖြစ်သာပြီးစီးအောင် ဆောင်ရွက်သွားနိုင်ရန်အတွက် လိုအပ်သည့် အခြေအနေဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ဖြူးချောင်းဆည်ရေသောက်စနစ်တစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးဆောင်ရွက်နိုင် ခြင်းအားဖြင့် ဒေသအတွင်းတောင်သူများ၏ လူမှုစီးပွားဘဝသိသာစွာ တိုးမြှင့်နိုင်ရန်အတွက် လာမည့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ယခင်နှစ်ကထက် ရန်ပုံငွေတိုးမြှင့်လျာထား စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆည်ရေသောက်စနစ်တည်ဆောက်နိုင်ရန်အတွက် ဘဏ္ဍာနှစ် အလိုက် လျာထားတင်ပြထားသော ရန်ပုံငွေများပြည့်စုံလုံလောက်စွာရရှိနိုင်ပေါ်မူတည်ပြီး ဖြူးဆည်ရေသောက်စနစ်တစ်ခုလုံးကို ရာနှုန်းပြည့်ပြီးစီးအောင် စီမံဆောင်ရွက်သွားနိုင်မည့် အခြေ အနေဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။
