(က)-School Bus အမျိုးအစား သတ်မှတ်ချက်(၁၂)ချက်အနက်မှ လက်ရှိ School Bus အများစုဆက်လက်ပြေးဆွဲနိုင်ရေးအတွက် အချက်(၁)ချက်အား နှစ်ကာလအကန့်အသတ်ဖြင့် ဖြေလျှော့ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးစတုတ္ထနေ့ (၂၅.၇. ၂၀၁၉)

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသော School Bus အမျိုးအစား သတ်မှတ်ချက်(၁၂)ချက်အနက်မှ လက်ရှိ School Bus အများစုဆက်လက်ပြေးဆွဲနိုင်ရေးအတွက် အချက်(၁)ချက်အား နှစ်ကာလအကန့်အသတ်ဖြင့် ဖြေလျှော့ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

၂၀၁၆ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် Light Truck ကျောင်းကား များကို မှန်လုံယာဉ်(Mini Bus)များဖြင့် ပြောင်းလဲသုံးစွဲစေခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ကျောင်းကားသတ်မှတ်ချက် (၁၂)ချက် ထုတ်ပြန် ခဲ့ပါကြောင်း၊ ၎င်း(၁၂)ချက်ထဲတွင် အမှတ်စဉ်(ဂ)တွင်ပါသော ဘယ်မောင်းယာဉ်ဖြစ်ရမည်ဆိုသည့် အချက်က လက်ရှိကျောင်းကားပြေးဆွဲသူအများစုလိုက်နာရန် အခက်အခဲကြီးစွာဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်မှာတွင် Light Truck ကားမှ မှန်လုံယာဉ်(Mini Bus)ဖြင့် ပြောင်းလဲခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ညာမောင်းမှဘယ်မောင်းအဖြစ် ထပ်ပြီးပြောင်းလဲရန်အတွက် ငွေကြေးအရင်းအနှီးက အစအခက်အခဲကြီးစွာ ကြုံတွေ့ခဲ့ရပါကြောင်း၊ ပြည်တွင်းဈေးကွက်ရှိ ဘယ်မောင်း ကိုရီးယား နိုင်ငံထုတ်ကျောင်းကားသည် ညာမောင်းဂျပန်နိုင်ငံထုတ်ကားများထက်စာလျှင်  အဘက်ဘက်မှ အရည်အသွေးနိမ့်ကျသည့်အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ကျောင်းကားသတ်မှတ်ချက်(၁၂)ချက်ထဲက အမှတ်စဉ်(ဂ)တွင်ပါသော ဘယ်မောင်း ယာဉ်ဖြစ်ရမည်ဆိုသောအချက်က ကျောင်းကားပြေးဆွဲသူအများစုလိုက်နာရန်ခက်ခဲသည့်အတွက် နှစ်ကာလအကန့်အသတ်ဖြင့် ဖြေလျှော့ပေးသွားရန်အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ

မြန်မာနိုင်ငံတွင် နှစ်အလိုက်တင်သွင်းရမည့်မော်တော်ယာဉ်များ၏ထုတ်လုပ်သည့်ခုနှစ်(Model Year)ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဆက်စပ်ဝန်ကြီးဌာနများပါဝင်ဖွဲ့စည်းထားသော မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီက ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီ ချက်ဖြင့် နှစ်စဉ်ထုတ်ပြန်လျက်ရှိရာတွင် ခရီးသည်တင်ယာဉ်များ၊ မြို့တွင်းပြေးဆွဲယာဉ်များ၊ Mini Bus၊ City Bus များကို ၂၀၁၄ ခုနှစ်မှ စတင်၍လည်းကောင်း၊ Brand New မော်တော်ယာဉ်များကို ၂၀၁၅ ခုနှစ်တွင်စတင်၍လည်းကောင်း၊ လက်ရှိကျင့်သုံးနေသော လက်ယာကပ်မောင်းစနစ်နှင့် ကိုက်ညီသော ဘယ်မောင်းစနစ် (Left Hand Drive) ယာဉ်များကိုသာ တင်သွင်းရန် သတ်မှတ် ခဲ့ပါကြောင်း၊ ထိုကဲ့သို့ နှစ်စဉ်ယာဉ်အမျိုးအစားအလိုက် အဆင့်ဆင့်ပြောင်းလဲသတ်မှတ်ချက် အတိုင်းသာ မော်တော်ယာဉ်များကို တင်သွင်းခွင့်ပြုလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့်လည်း ပြည်ပမှ တင်သွင်းလာသော ယာဉ်များနှင့် ပြည်တွင်းထုတ်ယာဉ်များအားလုံးအတွက် ဘယ်မောင်း စနစ်ယာဉ်များကိုသာ ကနဦးမှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့သော် ယခင်နှစ် များက တင်သွင်းခဲ့ပြီးဖြစ်သော ယာမောင်းစနစ်(Right Hand Drive)ယာဉ်များကို Model Year ကန့်သတ်ချက်ထားရှိခြင်းမရှိဘဲ နှစ်လဲသက်တမ်းတိုးဆောင်ရွက်ပေးပြီး ဆက်လက်၍သုံးစွဲခွင့် ပြုထားဆဲဖြစ်ပါကြောင်း၊

၂၁-၆-၂၀၁၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီအစည်းအဝေး အမှတ်စဉ် (၃/၂၀၁၇) ၏ဆုံးဖြတ်ချက်အရ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် နိုင်ငံတကာ၏ School Bus ယာဉ်များအတွက် စံသတ်မှတ်ချက်များကိုလေ့လာ၍ ပြည်ပကတင်သွင်းမည့် School Bus များနှင့် ပြည်တွင်း တွင်ရောက်ရှိပြီးဖြစ်သော ခရီးသည် ၁၀ ဦးနှင့်အထက် တင်ဆောင်နိုင်သော Micro Bus၊ Mini Bus၊ Bus ယာဉ်များကို School Bus လုပ်ငန်းဆောင်ရွက်ရာတွင် ကျောင်းသူကျောင်းသားများ ယာဉ်အန္တရာယ်လုံခြုံစိတ်ချစေရေးအတွက် စည်းစနစ်တကျလုပ်ကိုင်နိုင်စေရန် တစ်နိုင်ငံလုံး လိုက်နာရမည့်သတ်မှတ်ချက်(၁၂)ချက်ကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ညွှန် ကြားချက် အမှတ်(၁၈/၂၀၁၇)ဖြင့် ၂၀-၇-၂၀၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါကြောင်း၊ ထိုကဲ့သို့ School Bus ယာဉ် အမျိုးအစားသတ်မှတ်ခြင်း ညွှန်ကြားချက်ထုတ်ပြန်ခြင်းသည် ပြည်ပမှ School Bus များတင်သွင်းရာတွင် သတ်မှတ်စံနှုန်းနှင့်အညီ စနစ်တကျဖြစ်စေရေးအတွက်လည်းကောင်း၊ ပြည်တွင်းတွင် အလျဉ်းသင့်သလိုပြေးဆွဲနေသော ယာဉ်အန္တရာယ်လုံခြုံစိတ်ချရမှု အားနည်းချက်ရှိ သော၊ စည်းစနစ်မကျသောကျောင်းများကို ကြပ်မတ်နိုင်ရန်အတွက်လည်းကောင်း ဦးတည်ပြီး မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်ရေးကော်မတီ ဆုံးဖြတ်ချက် နှင့်အညီ ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ပါကြောင်း၊ အဆိုပါညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် School Bus ယာဉ်အဖြစ် ပြည်ပမှအသစ်တင်သွင်းလာမည့်ယာဉ်များကို အဓိက ထားရည်ရွယ်ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံကို ရောက်ရှိပြီးဖြစ်သော Micro Bus၊ Mini Bus၊ Bus ယာဉ်များသည်လည်း အဆိုပါညွှန်ကြားချက်တွင် ဖော်ပြထားသော သတ်မှတ်ချက် များနှင်‌့ကိုက်ညီပြီး School Bus ယာဉ်အဖြစ် ပြောင်းလဲဆောင်ရွက်လိုပါက ဆောင်ရွက်နိုင်မည် လည်း ဖြစ်ပါကြောင်း၊ School Bus ယာဉ်များ တန်ဖိုးသက်သာစွာတင်သွင်းနိုင်ရန်အတွက် ကုန်းလမ်းပို့ဆောင်မှုညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခ ကင်းလွတ် ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ၁၉၇၀ ခုနှစ် ဒီဇင်ဘာလကစပြီး လက်ယာ ကပ်မောင်းစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့သော်လည်း နိုင်ငံတကာကျင့်စဉ်နှင့်အညီ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် လက်ဝဲစတီယာရင်စနစ်ကို ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်များမှသာ မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်ရေးကော်မတီ၏ မော်တော် ယာဉ်တင်သွင်းခွင့်မူဝါဒအရ တွန်းအားပေး၍ လိုက်နာကျင့်သုံးစေခဲ့ခြင်းဖြစ်ပါကြောင်း၊

လက်ရှိကျောင်းကားအဖြစ် ပြေးဆွဲခွင့်ပြုနေသော School Bus ယာဉ်အမျိုးအစားသတ်မှတ်ချက် (၁၂)ချက်အနက် ဘယ်မောင်းယာဉ်(Left Hand Drive)နှင့် ယာဉ်၏ညာဘက်(Right Hand Side) တွင် အတက်/အဆင်းတံခါးပေါက်ပါရှိရန်ဖြစ်ပြီး လုံခြုံစိတ်ချရသော သော့စနစ်တပ်ဆင်သွား ရမည် ဆိုသောအချက်(ဂ)သည် ကျောင်းသူကျောင်းသားများ ယာဉ်အန္တရာယ်ကင်းရှင်းလျက် လိုက်ပါစီးနင်းနိုင်စေ‌ရေး၊ ယာဉ်တိုက်ခိုက်မှုလျော့ပါးစေရေးတို့အတွက် အဓိကလိုအပ်ချက် ဖြစ်ပါောကာင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားချက် (၁၈/၂၀၁၇) ကို ထုတ်ပြန်ခဲ့ချိန်မှစပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ကျောင်းကားလုပ်ငန်းများ စနစ်တကျဖြစ်စေရေး သတ်မှတ်ထိန်းကျောင်းဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါကြောင်း၊ ညွှန်ကြားချက်ထုတ်ပြန်ချိန်တွင် ကျောင်းအကြို/အပို့ လုပ်ငန်းများဆောင်ရွက်လျက်ရှိသော Light Truck ယာဉ်များသည် သတ်မှတ်ချက်နှင့် မညီညွတ်သော်လည်း လုပ်ငန်းရှင်များက ပြုပြင်လိုက်နာဆောင်ရွက်ရန် အချိန်ပေးသည့်အနေဖြင့် ၂၀၁၇-၁၈ ပညာသင်နှစ်အတွင်း Light Truck ယာဉ်များကို ပြေးဆွဲခွင့်တစ်နှစ်ခွင့်ပြု၍ ယာယီဖြေလျှော့ပေးခဲ့ပြီး ၂၀၁၈-၁၉ ပညာသင်နှစ်တွင် Light Truck ယာဉ်များကို ပြေးဆွဲ ခွင့်မပြုတော့ဘဲ ကျန်ယာဉ်အုပ်စု ညာမောင်းယာဉ်များကို ပြေးဆွဲခွင့်တစ်နှစ်ထပ်မံခွင့်ပြု၍ ယာယီ ဖြေလျှော့ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခု ၂၀၁၉-၂၀ ပညာသင်နှစ်မှစ၍ ကျောင်းကြို/ပို့လုပ်ငန်း လုပ်ကိုင်လိုသည့်ယာဉ်များသည် ညွှန်ကြားချက်(၁၈/၂၀၁၇)ပါ သတ်မှတ်ချက်(၁၂)ချက်နှင့် ညီ ညွတ်စေရန်နှင့် ကျောင်းများအားလုံး Catchment Area နယ်မြေကျော်ကျောင်းသားများ လက်ခံ ခြင်းမပြုရန် ဒေသအစိုးရအနေဖြင့် ကြပ်မတ်ဆောင်ရွက်နေကြောင်း သိရှိရပါကြောင်း၊ ကျောင်းအသီးသီးက Catchment Area နယ်မြေကျော်ကျောင်းသားလက်ခံခြင်းမပြုပါက ကျောင်း ကားလိုအပ်ချက် အစီးရေလည်း လျော့ကျလာမှာမည် ဖြစ်ပါကြောင်း၊

ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားချက်(၁၈/၂၀၁၇) ထုတ်ပြန်ပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ထိန်းကျောင်းကြပ်မတ်မှုဖြင့် ပြုပြင်ပြောင်းလဲဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ် ဇွန်လအထိ ရန်ကုန်တိုင်းဒေသကြီးတွင် သတ်မှတ်ချက်နှင့်ကိုက်ညီသော School Bus ၇၁၆ စီးက လုပ်ငန်းလိုင်စင်များ ပြုလုပ်ခဲ့ပြီး ဆောင်ရွက်ဆဲ အစီးရေ ၃၄ စီးခန့်ရှိကြောင်း စိစစ်တွေ့ရှိရသည့်အပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် တင်သွင်းထားသော သတ်မှတ်ချက်နှင့်ကိုက်ညီသော School Bus အစီး ၂၀၀ အနက်မှ School Bus အစီး ၁၀၀ ခန့်သည် School Bus အဖြစ်အသုံးပြုလျက်ရှိပြီဖြစ်ကြောင်း သိရှိရပါကြောင်း၊ ကျောင်းကားအဖြစ် အသုံးမပြုသေးဘဲ ကျန်ရှိသည့် School Bus ယာဉ်များကို ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ညှိနှိုင်းပြီး အသုံးပြုနိုင်သည့်အတွက်ကြောင့် School Bus အစီးရေ ပိုမိုရရှိနိုင်မည်လည်း ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးလိပ်စာဖြင့် မှတ်ပုံတင်ထားသော Micro Bus၊ Mini Bus ယာဉ်အမျိုးအစား ဘယ်မောင်းစီးရေ ၁၀၀၁ စီးရှိပြီး ၎င်းယာဉ်များသည် School Bus သတ်မှတ်ချက်နှင့်ကိုက်ညီအောင် လိုက်နာဆောင်ရွက်နိုင်သောကြောင့် လိုအပ်လျှင် School Bus အဖြစ်ဝင်ရောက်ပြေးဆွဲနိုင်သော အခွင့်အရေးရှိပါကြောင်း၊ ညွှန်ကြားချက် (၁၈/၂၀၁၇) မထုတ်ပြန်မီ ၂၀၁၇ ခုနှစ် မေလအထိ ရန်ကုန်မြို့တွင် School Bus အဖြစ် လုပ်ငန်းလိုင်စင်ဖြင့် ပြေးဆွဲနေသောယာဉ်စီးရေ ၅၇၈ စီး ရှိပြီး School Bus လုပ်ငန်းလိုင်စင် မယူဘဲ ပြေးဆွဲနေသောယာဉ်များလည်း ရှိခဲ့ပါကြောင်း၊

School Bus ယာဉ်များ စနစ်တကျရှိစေရေး၊ လက်ယာကပ်မောင်းစနစ်နှင့် ကိုက်ညီသော ဘယ်မောင်းစနစ်ယာဉ်များဖြစ်စေရေး၊ ကျောင်းသားကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်း လျက် လုံခြုံစိတ်ချစွာစီးနင်းနိုင်စေရေး၊ ယာဉ်ကြောပိတ်ဆို့မှုများလျှော့ကျစေရေးတို့အတွက် ကျောင်းကားများလိုက်နာရန် စံသတ်မှတ်ချက်(၁၂)ချက်ကို သတ်မှတ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အဆိုပါသတ်မှတ်ချက်(၁၂)ချက်နှင့် ညီညွတ်ပြည့်စုံနိုင်သောယာဉ် အမျိုးအစားများ အလုံအလောက်ရှိနေသည့်အတွက်လည်းကောင်း၊ အဆိုပါသတ်မှတ်ချက်(၁၂) ချက်သည် နိုင်ငံတကာတွင် လိုက်နာကျင့်သုံးရသော သတ်မှတ်ချက်များထက်များစွာလျော့နည်း နေသေး၍လည်းကောင်း၊ ညွှန်ကြားချက် (၁၈/၂၀၁၇)ထုတ်ပြန်ပြီးနောက် သက်ဆိုင်ရာဒေသ အစိုးရအဖွဲ့များက ဒေသအခြေအနေအပေါ်မူတည်၍ ယာယီဖြေလျော့ခွင့်ပြုချက်များ ဆောင်ရွက်ပြီးဖြစ်၍လည်းကောင်း၊ ကျောင်းသူကျောင်းသားများ ယာဉ်တိုက်မှုအန္တရာယ်ကို ကြိုတင်ကာကွယ်သင့်ခြင်းကြောင့်လည်းကောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အနေဖြင့် ညွှန်ကြားချက်ပါသတ်မှတ်ချက်အမှတ်စဉ်(ဂ)ကို ဖြေလျှော့ပေးရန် အစီအစဉ်မရှိ သေးပါကြောင်းနှင့် လက်ရှိအခြေအနေတွင် ဒေသအတွင်းကျောင်းကြို/ပို့ယာဉ်များ၏အခြေအနေ၊ ကျောင်းသူကျောင်းသားအင်အားနှင့် ယာဉ်လိုအပ်ချက်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းမှုအခြေအနေတို့အပေါ်မူတည်၍ School Bus ကိစ္စရပ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများ၏ကြီးကြပ်ထိန်းသိမ်းဆောင်ရွက်မှုများအတိုင်း လိုက်နာ ဆောင်ရွက်ရန်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးအောင်ကျော်ကျော်ဦး(လှိုင်မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ဝန်ကြီးဖြေကြားသွားသည့်အတွက် အထူးကျေးဇူးတင်ပါကြောင်း၊ လက်ရှိကျောင်းကားအများစုက ဂျပန်နိုင်ငံထုတ် ညာမောင်းကားများ ဖြစ်ပါကြောင်း၊ ၉၀ ရာခိုင်နှုန်းခန့် ရှိပါကြောင်း၊ လက်ရှိတွင်လည်း ရန်ကုန်တိုင်းဒေသကြီးတွင် ကျောင်းကားများက ဘယ်မောင်းရော၊ ညာမောင်း ရော နှစ်မျိုးစလုံးပြေးဆွဲလျက်ရှိသည့်အတွက် ညာမောင်းကားများကို ဘယ်မောင်းကားများအဖြစ် ပြောင်းလဲနိုင်ရန်အတွက် ဝန်ကြီးဌာနကမည်သို့ကူညီဆောင်ရွက်ပေးမည်နည်း၊ သတ်မှတ် ချက် (၁၂) ချက်ကို အတိအကျလိုက်နာနိုင်အောင်မည်သို့စည်းကမ်းထိန်းသိမ်းမည်နည်းကို သိလိုပါ ကြောင်း ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး

မိမိတို့အနေဖြင့်လည်း ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ အခက်အခဲကို နားလည်သဘောပေါက် ပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီးတင်ပြသွားသည့် မည်ကဲ့သို့ကြပ်မတ်ဆောင်ရွက်မည်နည်း၊ ပြောင်းလဲသည်ကို မည်သို့ကူညီဆောင်ရွက်ပေးမယ်ဆိုသည်မှာ မိမိ၏အဖြေတွင်တင်ပြသွားသည့် အတိုင်း ဒေသဆိုင်ရာအာဏာပိုင်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဒေသန္တရဆိုင်ရာညွှန်ကြားချက်နှင့် မူဝါဒများချမှတ်ပြီး ဆောင်ရွက်လျက်ရှိသည့်အတွက်ကြောင့် ဖြစ်ပါကြောင်း၊ အထူးသဖြင့် (၁၂)ချက်ထဲက အချက်(ဂ)သည် အလွန်အရေးကြီးပါကြောင်း၊ ယခုထုတ်ထားသော (၁၂)ချက်သည် နိုင်ငံတကာတွင်ကျင့်သုံးသတ်မှတ်ချမှတ်ထားသော School Bus များ၏သတ်မှတ်ချက်နှင့်နှိုင်းစာလျှင် များစွာလျော့နည်းပါကြောင်း၊ အထူးသဖြင့် ကျောင်းသား အရွယ် ကလေးသူငယ်များသည် ထိလွယ်၊ ရှလွယ်အုပ်စုထဲတွင်ပါဝင်သည့်အတွက် ၎င်းတို့၏ ဘေးကင်းလုံခြုံရေးအတွက်ကို နိုင်ငံတကာတွင်လည်း အထူးအလေးပေးထားပြီး ဂရုပြုဆောင်ရွက် လျက်ရှိပါကြောင်း၊ တချို့မိမိတို့သတ်မှတ်ချက်များက အလွန်ပြည့်စုံလုံလောက်ပြီး အသေးစိတ် ယာဉ်နှင့်ပတ်သက်၍လည်းကောင်း၊ ယာဉ်မောင်း၏အရည်အချင်းနှင့်လည်းကောင်း၊ အသေးစိတ် ကို သတ်မှတ်ချက်၊ စည်းကမ်းချက်များချမှတ်ထားသည့်အတွက် မိမိတို့အနေဖြင့် ကိုယ်စားလှယ် တော်ကြီး၏ ဆက်စပ်မေးခွန်းနှင့်ပတ်သက်ပြီး ဒေသဆိုင်ရာအာဏာပိုင်အစိုးရအဖွဲ့များနှင့် ညှိနှိုင်း ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်းပြန်လည်ဖြေကြားပါသည်။